နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရန်ကုန်တိုင်းအရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ ဒီဇင်ဘာ ၄ ရက် နံနက်က ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းခဲ့သည်ဟု ယင်းကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဒေါက်တာကျော်စိုးဝင်းက ပြောကြားသည်။
တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်သည့် သမ္မတဦးဝင်းမြင့်အနေဖြင့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခဲ့သည့် ခရိုင်ကော်မရှင်အဖွဲ့ခွဲထံ ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းခြင်းဖြစ်သည်။
“သမ္မတကြီးသည် ကိုယ်စားလှယ်လောင်းလျှောက်လွှာလည်း ကိုယ်တိုင်လာပြီးတင်တယ်။ ခုလည်း ရွေးကောက်ပွဲကုန်ကျစရိတ်ကို သူကိုယ်တိုင်လာတယ်။ ရွေးကောက်ပွဲကိုယ်စားလှယ် မခန့်တဲ့အတွက်ကြောင့် သူကိုယ်တိုင် လာပြီးတော့ ဆောင်ရွက်တာလေ။ ဒါသူ့ရဲ့ လုပ်ငန်းစဉ်အတိုင်းသမ္မတကြီးသည် ဥပဒေကို လေးစားလိုက်နာတဲ့အနေနဲ့ ဆောင်ရွက်တာ” ဟု ဒေါက်တာကျော်စိုးဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်အရ သမ္မတဦးဝင်းမြင့်အနေဖြင့် ဆန္ဒမဲ ၇၄၄၃၆ မဲရရှိပြီး ဒုတိယနေရာမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းထက် ဆန္ဒမဲခုနစ်သောင်းဝန်းကျင် ပိုမိုရရှိခဲ့သည်။
ရွေးကောက်ပွဲနည်းဥပဒေတွင် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်မှလွဲ၍ ကျန်လွှတ်တော် မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ်လောင်း အသုံးစရိတ်ကို ကျပ်သိန်းတစ်ရာ သုံးစွဲခွင့်ရှိသည်။
“အဲဒါတော့ (ရွေးကောက်ပွဲအသုံးစရိတ်) ပြောပိုင်ခွင့်မရှိဘူး။ သမ္မတကြီးကတော့ တစ်ရာမကျော်ဘူး” ဟု ဒေါက်တာကျော်စိုးဝင်းက ပြောကြားသည်။
ရန်ကုန်တိုင်း တာမွေမြို့နယ်သည် Stay at Home အစီအစဉ် အကျုံးဝင်ခြင်းကြောင့် ရွေးကောက်ပွဲကုန်ကျစရိတ်အဖြစ် ကိုယ်စားလှယ်လောင်းမှတ်ပုံတင်ကြေးနှင့် အောင်နိုင်ရေးဆိုင်းဘုတ် စိုက်ထူခများသာ သမ္မတအနေဖြင့် အများဆုံးသုံးစွဲသည်ကိုတွေ့ရကြောင်း ၎င်းက ပြောကြားသည်။
သမ္မတဦးဝင်းမြင့်သည် ရွေးကောက်ပွဲ ကုန်ကျစရိတ်အဖြစ် ကျပ်သိန်း ၃၀ ခန့် တင်သွင်ခဲ့ကြောင်း အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ပြောကြားချက်ကိုကိုးကား၍ အခြားမီဒီယာများတွင် ရေးသားဖော်ပြသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ဖြစ်စေ၊ ရွေးကောက်ခံရခြင်းမရှိသည့် ကိုယ်စားလှယ်လောင်းဖြစ်စေ ရွေးကောက်ပွဲနည်း ဥပဒေ ၇၇ အရ ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းပုံစံ (၂၀) ကို အမည်စာရင်း တင်သွင်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်သွင်းကြရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်တင်မြှောက်ခံရသူအဖြစ် ကြေညာသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် စာရင်းတင်သွင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်အသိပေးထားသည်။
ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အမည်စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်း ကြေညာခဲ့သောကြောင့် ကိုယ်စားလှယ်လောင်းတစ်ဦးနှင့်တစ်ဦး သတ်မှတ်ရက်ပြည့်မှုခြင်းတော့ တူညီမည်မဟုတ်ပေ။
သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၄ အရ ရွေးကောက်ပွဲကုန်ကျစရိတ် သတ်မှတ်ကာလအတွင်း တင်သွင်းခြင်းမပြုသူကို အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ကြေညာနိုင်ပြီး ယင်းသို့ကြေညာခံရသည့် ကိုယ်စားလှယ်လောင်းသည့် လွှတ်တော်ငါးနှစ်သက်တမ်းအတွင်းကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမည်ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ရွေးကောက် ပွဲကုန်ကျစရိတ် တင်သွင်းရန် ပျက်ကွက်၍ အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရသည့် ကိုယ်စားလှယ်လောင်း ၁၁၂ ဦး၊ ရွေးကောက်ပွဲကိုယ်စားလှယ် ၃၁ ဦးရှိပြီး၊ ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ် စားလှယ်လောင်း ၁၅၉ ဦး၊ ရွေးကောက်ပွဲကိုယ် စားလှယ် ၂၄ ဦးရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။
နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၅၆၃၉ ဦးရှိခဲ့သည်။