၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းအမှန်မှာ ၃၈ သန်း နှစ်သိန်းကျော် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၂ ရက်ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြသည်။
ရွေးကောက်ပွဲအပြီး နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည့် မဲဆန္ဒရှင်စာရင်းနှင့် နိုဝင်ဘာလကုန်တွင် ကော်မရှင် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းတွင် အရေတွက် ကွာဟမှုရှိနေခြင်းအပေါ် ကော်မရှင်က ယင်းသို့ပြန်လည် ရှင်းလင်းခြင်းဖြစ်သည်။
လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားနှင့် ရာခိုင်နှုန်းများကို ကော်မရှင်က နိုဝင် ဘာ ၃၀ ရက်တွင် ထုတ်ပြန် ကြေညာခဲ့ပြီး ယင်းကြေညာချက်အရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်း နှစ်သိန်းကျော်ရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ် လွှတ် တော်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၄၂ သန်းကျော်ရှိကြောင်း သိရသည်။
သို့သော် နိုဝင်ဘာ ၉ ရက်နှင့် ၁၀ ရက်က နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြသည့် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များတွင် မဲဆန္ဒရှင် စုစုပေါင်းကို ၃၇ သန်း နှစ်သိန်းကျော် ဟု ဖော်ပြပါရှိရာ မဲပေးပိုင်ခွင့်ရှိသူ တစ်သန်းခန့်ကွာဟနေသည်။
ထိုသို့ နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသကဲ့သို့ နိုဝင်ဘာ ၁၂ ရက်က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်လည်း ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် အရေအတွက်မှာ ၃၇ သန်း နှစ်သိန်းကျော် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
သို့သော် ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖော်ပြချက်ကို ဒီဇင်ဘာ ၂ ရက် ထုတ် နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြရာ၌ မဲဆန္ဒရှင် ၃၇ သန်း နှစ်သိန်းကျော်မှာ ထိုအချိန်က ရရှိသည့် သတင်းအပေါ်မူတည်၍ ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ မဲဆန္ဒရှင် ၃၇ သန်း နှစ်သိန်းကျော်မှာ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ဒုတိယအကြိမ် ကြေညာသည့် မဲဆန္ဒရှင်စာရင်းမှ ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမည့် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်များကို နုတ်ပယ်ထားသည့် အတည်မပြုရသေးသော အခြေခံ မဲဆန္ဒရှင်စာရင်းသာဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ကော်မရှင် ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒုတိယ အကြိမ် မဲစာရင်း ကြေညာပြီးနောက် မဲဆန္ဒရှင်များ တင်ပြလျှောက်ထားမှုအပေါ် ကော်မရှင် အဖွဲ့ခွဲအသီးသီးက ပြင်ဆင်၊ ဖြည့်စွက်မှုများ ဆောင်ရွက်ပြီး နောက်ဆုံး မဲဆန္ဒရှင်စာရင်းအမှန်မှာ ၃၈၂၇၁၄၄၇ ဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည်။
ထို့ပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းကလည်း ၂၀၂ဝရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် အမှန်မှာ ၃၈ သန်းဖြစ်သည်ဟု နိုဝင်ဘာ ၁၇ ရက် နိုင်ငံပိုင်ရုပ်သံနှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။
“တကယ့်သတင်းအမှန်ကတော့ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်စာရင်း အရေအတွက်က ၃၈ သန်းပဲ ရှိတာ ပါ။ မဲလာပေးတဲ့ မဲဆန္ဒရှင်က ၂၇ သန်းပါ”ဟု ကော်မရှင် ဥက္ကဌ ဦးလှသိန်းက နိုင်ငံပိုင်ရုပ်သံ MRTV နှင့်တွေ့ဆုံမှုတွင် ပြောကြားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပခဲ့ခြင်းမရှိသည့်နေရာအများစုမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး ယင်းနယ်မြေများတွင် မဲပေးခွင့်ရှိသူ ၁ ဒသမ ၂ သန်းခန့်မဲပေးခွင့်မရခဲ့သဖြင့် နိုင်ငံပိုင်သတင်းစာတွင် ပြန်လည်ရှင်းလင်းချက်အရ အခြေခံမဲစာရင်း ၃၇ သိန်းကျော်တွင် အဆိုပါ ရခိုင်ပြည်နယ်မှ စာရင်များမပါဝင်သည့်သဘောဖြစ်သည်။
အတည်ပြုမဲစာရင်း ၃၈ သန်းကျော်တွင် ရခိုင်ပြည်နယ်မှ မဲပေးပိုင်ခွင့်ရှိသူ လေးသိန်းကျော်သာပါဝင်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
အတည်ပြုမဲစာရင်းတွင် ရခိုင်ပြည်နယ်မှ ရွေးကောက်ပွဲမကျင်းပသည့် မဲစာရင်းများမပါဝင်သည့်တိုင် မဲဆန္ဒရှင်တစ်သန်းကျော် ကွာဟခြင်းအပေါ် ဝေဖန်မှုများရှိသည်။
ယခုလို အချက်အလက်အမျိုးမျိုး ထုတ်ပြန်နေခြင်းက ရွေးကောက်ပွဲအပေါ် ပြည်သူလူထု ထင်ယောင် ထင်မှားဖြစ်စေသလို လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးဆိုသည့် ပုံရိပ်ကို ထိခိုက်စေ ကြောင်း ု ညီညွတ်သောတိုင်းရင်းသားလူ မျိုးများဒီမိုကရေစီပါတီ ဥက္ကဌ ဦးဒေးဗစ်လှမြင့်က ပြော ကြား သည်။
“ဒီလိုမျိုး တိုင်းပြည်ရဲ့ အလှည့်အပြောင်း အရေးကြီးတဲ့ ရွေးကောက်ပွဲမျိုးမှာ တာဝန်ယူထားတဲ့ ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ တိကျခိုင်လုံတဲ့ အချက်အလက်တွေနဲ့ပဲ လုပ်ဆောင်စေချင် တယ်။ ဒီလိုမျိုး ဝေဖန်စရာ၊ ငြင်းစရာ၊ ခုန်စရာ၊ ပြောစရာ အချက်မျိုးတွေနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပြီး အမျိုးမျိုး အဖုံဖုံ ပြောနေတာက လုံးဝ မလုပ်သင့်တဲ့အလုပ်ပဲလို့ အဲ့လို မြင်တယ်” ဟု ၄င်းက ပြောကြားသည်။
နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသော မဲပေးပိုင်ခွင့်ရှိသူ အချက်အလက်နှင့် ကော်မရှင် ထုတ်ပြန်သည့် အချက်အလက်ကြား ကွာဟသည့် မဲဆန္ဒရှင် အရေအတွက် တစ်သန်းခန့်ရှိသောကြောင့် မဖြစ် သင့်သည့် အရေအတွက် ကွာဟမှုဖြစ်ကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲနိုင်အောင် က ပြောကြားသည်။
“ဒီလို အမှားမျိုး ဘာကြောင့် ဖြစ်လဲဆိုတာ အလေးအနက် ပြန်လည် စိစစ် သုံးသပ်သင့်တယ်” ဟု ၄င်း က ဆိုသည်။