■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်
Published 1 December 2020

ရှက်တာဒိုးနက် - ရီးယဲလ်မက်ဒရစ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ဝဝး၂၅ နာရီ)

ပထမအကျော့ပွဲက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ပွဲလို့ ပြောရမှာဖြစ်ပြီး အရန်အသင်းသာသာလောက်ရှိတဲ့ လူစာရင်းနဲ့ ရှက်တာဒိုးနက်က ရီးယဲလ်မက်ဒရစ်ကွင်းမှာ ပထမ ပိုင်းအပြီးမှာပဲ ဂိုးပြတ်ဦးဆောင်၊ နောက်ဆုံး (၂-၃)နဲ့ အနိုင်ယူသွားခဲ့တယ်။ ရှက်တာဒိုးနက်က မိုချန်နဲ့ ကစားခဲ့တဲ့နှစ်ပွဲမှာ တော်တော်ညံ့ခဲ့ပေမဲ့ အင်တာမီလန်၊ ရီးယဲလ်တို့ကို ကစားတဲ့ခြေစွမ်းက တော်တော်ကောင်းပါတယ်။ ရီးယဲလ်ကလည်း ရလဒ်တွေကျဆင်းနေပြီး မတည်မငြိမ်ဖြစ်နေတယ်။ ဟာဇက်ကလည်း ဒဏ်ရာထပ်ရသွားတယ်။ ဒါပေမဲ့ ဒီပွဲကိုတော့ ရီးယဲလ် မဖြစ်မနေ အနိုင်ကစားပါလိမ့်မယ်။

လိုကိုမိုးတစ်မော်စကို - ဆာလ်ဇ်ဘာ့ဂ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ဝဝး၂၅ နာရီ)

လိုကိုမိုးတစ်ရဲ့ ခြေစွမ်းက အားရစရာကောင်းပါတယ်။ ဆာလ်ဇ်ဘာ့ဂ်ကလည်း အသင်းကောင်းတစ်သင်းဆိုပေမဲ့ လက်ရှိအုပ်စုတွင်း ခြေစွမ်းအရဆိုရင် လိုကိုမိုးတစ်ကိုတောင် ပိုကြိုက်သေးတယ်။ ဒီနှစ်သင်းထဲမှာ အက်သလက်တီကိုနဲ့ နေရာအပြိုင်လုဖို့ မျှော်လင့်ချက်ရှိတာကလည်း လိုကိုမိုးတစ် ဖြစ်နေတယ်။ ဆာလ်ဇ်ဘာ့ဂ်ကတော့ အုပ်စုတတိယနေရာအတွက်သာ အဓိကရင်ဆိုင်ရမှာဖြစ်ပြီး နို်င်ပွဲရချင်တဲ့ ရည်မှန်းချက်ကတော့ မကွာပါဘူး။ ဒါပေမဲ့ လိုကိုမိုးတစ်ကွင်းဖြစ်နေပြီး ခံစစ်ပိုင်းလည်းပိုကောင်းတဲ့ လိုကိုမိုးတစ်ကို ပိုကြိုက်တယ်။

အက်သလက်တီကို - ဘိုင်ယန်မြူးနစ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ၂း၃၀ နာရီ)

အက်သလက်တီကိုက ချန်ပီယံလိဂ်မှာ (၄)ပွဲကစားပြီး၊ (၁)ပွဲပဲ နိုင်သေးတယ်။ ပထမအကျော့ ဘိုင်ယန်မြူးနစ်ကွင်းမှာလည်း (၀-၄)နဲ့ အပြတ်အသတ်ရှုံးခဲ့တယ်။ ဒီပွဲက အက်သလက်တီကိုအတွက် အနိမ့်ဆုံးသရေလောက်တော့ရအောင် ကြိုးစားရမယ့်ပွဲမျိုးဖြစ်တယ်။ ဒီယေဂိုကော်စတာ ဒဏ်ရာပြဿနာရှိသလို၊ ဆွာရက်ဇ်၊ ဟက်တာဟာရဲရား၊ တော်ရဲရားတို့လည်း ကစားနိုင်ဖို့ မသေချာဘူး။ အက်သလက်တီကိုရဲ့ ၄-၄-၂ မှာ ကွင်းလယ်က ကာရက်စ်ကို၊ လော်ရန်တေး၊ ကိုကေ၊ ဆာအူလ်နဲ့ တိုက်စစ်မှာ ဂျော်အိုဖေးလစ်၊ ကော်ရီယာတို့ဖြစ်ဖို့များတယ်။ ဘိုင်ယန်မြူးနစ်ကတော့ ရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်ပြီးသားအသင်းပါ။ အုပ်စုဗိုလ်နေရာလည်း သေချာပြီးသားဖြစ်နေပြီ။ ဒါကြောင့် ခြေကုန်ထုတ်၊ လူကုန်ထုတ်ကစားမယ်မထင်ဘူး။ အက်သလက်တီကိုသာ ပုံမှန်ခြေစွမ်းပြနိုင်ရင် နိုင်ပွဲရနိုင်ပါတယ်။ ပထမအကျော့လို ဂိုးများမယ်လို့လည်း မထင်ဘူး။ (၁-၀)၊ (၁-၁)လောက်ပဲ ဖြစ်လိမ့်မယ်။

မိုချန်ဂလာဘတ် - အင်တာမီလန်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ၂း၃၀ နာရီ)

အင်တာမီလန်က နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် နည်းသွားပေမဲ့ ဖြစ်နိုင်ခြေတော့ရှိပါသေးတယ်။ ဒီပွဲနိုင်ပြီး ရှက်တာဒိုးနက်ကို ထပ်နိုင်ရင် (၈)မှတ်အထိ ရောက်နိုင်တယ်။ (၈)မှတ်ဆိုရင် မျှော်လင့်လို့ရတဲ့ အခြေအနေတွေ၊ ရလဒ်တွေလည်း ရှိတယ်။ ဒါကြောင့် နောက်ဆုံးမျှော်လင့်ချက်အဖြစ် ဒီပွဲကို ရင်ဆိုင်ရမှာဖြစ်တယ်။ မိုချန်ဂလာဘတ်က အင်တာမီလန်နဲ့ ကစားခဲ့တဲ့ပွဲ၊ ရီးယဲလ်မက်ဒရစ်၊ ရှက်တာဒိုးနက်တို့နဲ့ ကစားတဲ့ပွဲတွေအားလုံးမှာ ခြေစွမ်းပြခဲ့တယ်။ လက်ရှိ ဘွန်ဒစ်လီဂါမှာလည်း ခြေငြိမ်နေတဲ့အသင်းဖြစ်တယ်။ အင်တာမီလန်အတွက် အခက်အခဲအများကြီးရှိတယ်။ အထူးသဖြင့် မိုချန်ရဲ့တိုက်စစ်ကို ထိန်းချုပ်တဲ့အပိုင်းမှာ ပြဿနာတွေရှိနိုင်တယ်။ မိုချန်ဂလာဘတ် အနိမ့်ဆုံး သရေလောက်တော့ရမယ်။

ပေါ်တို - မန်စီးတီး(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ၂း၃၀ နာရီ)

မန်စီးတီးက စပါးကို ရှုံးခဲ့တဲ့ ပွဲအပြီးမှာ နှစ်ပွဲဆက် Clean Sheet ယူခဲ့ပြီး လက်ရှိခြေစွမ်းပိုင်းကိုကြည့်ရင် စိတ်ချလို့ရလာတဲ့အနေအထားမျိုးဖြစ်လာတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက Rhythm မိလာပြီး သွင်းဂိုးတွေအတွက်လည်း အချိတ်အဆက် ပိုကောင်းလာတယ်။ ကွင်းလယ်နဲ့ တိုက်စစ် Pattern တွေ ချိတ်ဆက်ပုံ ပိုကောင်းလာတာတွေ့ရတယ်။ ပေါ်တိုက မန်စီးတီးထက် ရလဒ်ပိုကောင်းနေတဲ့အသင်းပါ။ ဒါပေမဲ့ မန်စီးတီး အနိမ့်ဆုံးသရေလောက်တော့ ယူနိုင်ပါတယ်။

မာဆေးလ် - အိုလံပီယာကော့စ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ၂း၃၀ နာရီ)

ဒီနှစ်သင်းက အုပ်စုတတိယနေရာကိုပဲ လုရတော့မယ့် နှစ်သင်းဖြစ်ပြီး လောလောဆယ်အနေအထားအရ အိုလံပီယာကော့စ်က (၃)မှတ်ရထားတယ်။ မာဆေးလ်က (၄)ပွဲကစား၊ (၄) ပွဲစလုံး ရှုံးထားတယ်။ ပထမအကျော့ အိုလံပီယာကော့စ်ကွင်းမှာတုန်းက ခြေရည်တူခဲ့ပြီး အကြိတ်အနယ်ကစားခဲ့ရတယ်။ အိုလံပီယာကော့စ်က နာကျင်အချိန်ပိုမှာ တစ်လုံးတည်းသော အနိုင်ဂိုးရသွားခဲ့တယ်။ ဒီပွဲကတော့ မာဆေးလ်အလှည့်ပါ။ မာဆေးလ် နိုင်ပွဲစယူမယ်ထင်တယ်။

လီဗာပူးလ် - အေဂျက်စ်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ၂း၃၀ နာရီ)

လီဗာပူးလ်က ဒီရာသီမှာ ဒဏ်ရာသားကောင်ဖြစ်နေပြီး အခြေအနေက ဆိုးသထက်ဆိုးလာတယ်။ ပြီးခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲမှာ စွယ်စုံသုံးလို့ရတဲ့ မီလ်နာပါ ဒဏ်ရာရသွားတဲ့အတွက် ခံစစ်ပြဿနာက ပိုမိုကြီးမားလာတာကိုလည်း တွေ့ရတယ်။ ပထမ အေဂျက်စ်ကွင်းမှာတုန်းက (၁-၀)နဲ့ နိုင်ခဲ့ပေမဲ့ ခြေရည်တူကစားခဲ့ပြီး အခွင့်အရေးကို အသုံးချနိုင်တဲ့ လီဗာပူးလ်က နိုင်သွားခဲ့တာပါ။ ဒါပေမဲ့ အေဂျက်စ်ရဲ့ ခြိမ်းခြောက်နိုင်စွမ်းက လျှော့တွက်လို့မရဘူး။ ဒီပွဲက ခံစစ်ဒဏ်ရာပြဿနာ၊ တိုက်စစ်ဂိုးသွင်းအားကျနေတဲ့ ပြဿနာတွေပါ ရှိနေတဲ့အတွက် လီဗာပူးလ်အတွက် ပိုပြီးစိုးရိမ်စရာကောင်းပါတယ်။ နိုင်သင့်ပေမဲ့ သရေကျသွားလည်း အံ့သြစရာမရှိဘူး။

အတ္တလန်တာ - မစ်ဂျီလန်း(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၂ ရက် နံနက် ၂း၃၀ နာရီ)

လီဗာပူးလ်နဲ့ အေဂျက်စ်ထိပ်တိုက်တွေ့ချိန်မှာ အတ္တလန်တာက ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ဖို့ လိုတယ်။ နောက်ဆုံးကစားခဲ့တဲဲ့ပွဲမှာ ဗီရိုနာကို ရှုံးခဲ့ပေမဲ့ အခုကစားမယ့်ပွဲက အတ္တလန် တာ ပိုမိုအာရုံစိုက်ကစားမယ့်ပွဲလည်းဖြစ်တယ်။ ဒီပွဲကိုနိုင်လို့ နောက်တစ်ဆင့်တက်ဖို့ အာမခံချက်မရှိသေးပေမဲ့ သရေတော့ လုံးဝကျလို့မရတာ သေချာတယ်။ နောက်ဆုံးပွဲမှာ မျှော်လင့်ချက်အပြည့်ရှိနေဖို့အတွက် အတ္တလန်တာ အနိုင်ကစားလိမ့်မယ်။ မစ်ဂျီလန်းကလည်း အားနည်းလွန်းတဲ့အသင်းဖြစ်လို့ အတ္တလန်တာ (၂-၀)လောက်သွင်းဖို့ မခက်ပါဘူး။

 

Most Read

Most Recent