မာရာဒိုနာအား ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်၏နေအိမ်နှင့် ဆေးရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး ကွန်ပျူတာ၊ ဖုန်းနှင့် အချက်အလက်များ သိမ်းဆည်းသွား

မာရာဒိုနာအား ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်၏နေအိမ်နှင့် ဆေးရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ပြီး ကွန်ပျူတာ၊ ဖုန်းနှင့် အချက်အလက်များ သိမ်းဆည်းသွား
မာရာဒိုနာအား ဆေးရုံမှမဆင်းမီ နိုဝင်ဘာ ၁၁ ရက်တွင် ဒေါက်တာလုကေးနှင့်အတူ တွေ့ရစဉ် (Photos : AFP)
မာရာဒိုနာအား ဆေးရုံမှမဆင်းမီ နိုဝင်ဘာ ၁၁ ရက်တွင် ဒေါက်တာလုကေးနှင့်အတူ တွေ့ရစဉ် (Photos : AFP)
Published 1 December 2020

အာဂျင်တီးနားဂန္ထဝင်ဘောလုံးသမား မာရာဒိုနာအား ခွဲစိတ်ကုသပေးခဲ့သည့် ဆရာဝန်၏နေအိမ်နှင့် ဆေးရုံကို ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့တွင် ဝင်ရောက်ရှာဖွေခဲ့ပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် ဆေးဘက်ဆိုင်ရာအချက်အလက်များကို သိမ်းဆည်းသွားကြောင်း သိရသည်။

အသက် ၆၀ ရှိပြီဖြစ်သည့် မာရာဒိုနာသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အာဂျင်တီးနားနိုင်ငံ ဗျူနိုအေရိစ်မြို့ရှိ နေအိမ်၌ အိပ်ပျော်နေစဉ် နှလုံးဖောက်ပြန်မှုကြောင့် သေဆုံးခဲ့ ခြင်းဖြစ်သည်။

မာရာဒိုနာသည် ဦးနှောက်အတွင်း သွေးခဲသည့်ဝေဒနာကို နိုဝင်ဘာ ၃ ရက်တွင် ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီးနောက် ရက်သတ္တပတ်သုံးပတ်အကြာမှာပင် ရုတ် တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်ရာ အာဂျင်တီးနားအစိုးရရှေ့နေများက ဆရာဝန်ဖြစ်သူ ဒေါက်တာ လုကေးအား စုံစမ်းစစ်ဆေးနေခြင်းဖြစ်သည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က ဒေါက်တာလုကေး၏နေအိမ်နှင့် အခြားရဲတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင်က ဆေးရုံကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာ၊ မိုဘိုင်းဖုန်းများနှင့် ဆေးဘက်ဆိုင်ရာအချက်အလက်များကို သိမ်းဆည်းခဲ့ကြောင်း တာဝန်ရှိသူများက အတည်ပြုပြောကြားသည်။

မာရာဒိုနာ၏ သေဆုံးမှုဖြစ်စဉ်ကို အဖွဲ့ဝင်သုံးဦးပါဝင်သည့် ရှေ့နေအဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပြီး ဆေးကုသမှုမှတ်တမ်းအပါအဝင် အိမ်နီးချင်းနေအိမ်များမှ လုံခြုံရေး ကင်မရာမှတ်တမ်းများကိုပါ တောင်းခံထားကြောင်း သိရသည်။

နေအိမ်နှင့် ဆေးရုံကို ဝင်ရောက်ရှာဖွေခံရပြီးနောက် ဒေါက်တာ လုကေးက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး မိမိအနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း မျက်ရည်များဖြင့် ပြောကြားခဲ့သည်။

''ကျွန်တော့်ဆီမှာ ဘာတာဝန်ရှိလဲဆိုတာ ခင်ဗျားတို့ သိချင်တာမဟုတ်လား။ ကျွန်တော်က သူ့ကိုချစ်လို့ ဂရုစိုက်ပေးခဲ့တာ၊ သူ့ရဲ့အသက်ကို ပိုရှည်အောင် လုပ်ပေးခဲ့တာ၊ တိုး တက်လာအောင် အဆုံးစွန်အထိ ကြိုးစားပေးခဲ့တာပါ။ ကျွန်တော့်ဘက်က မဖြစ်နိုင်တဲ့ဟာကလွဲပြီး အတတ်နိုင်ဆုံး လုပ်ပေးခဲ့တာပါ။ သူက ကျွန်တော့်အတွက်တော့ အဖေတစ် ယောက်လိုပါပဲ။ လူနာသက်သက် မဟုတ်ပါ ဘူး။ ဆေးရုံကဆင်းတဲ့အချိန်မှာ ပြန်လည်ထူထောင်ရေးစင်တာကို သွားသင့်ပေမဲ့ သူက အဲဒီလိုမလုပ်ချင်ခဲ့ဘူး။ ကျွန်တော်က အာရုံ ကြောခွဲစိတ်ဆရာဝန်ပါ။ ကျွန်တော်က သူ့ကို ကုသပေးခဲ့တဲ့သူပါ။ ကျွန်တော်လုပ်ခဲ့တာတွေ အားလုံးအတွက်လည်း ဂုဏ်ယူပါတယ်။ ကျွန်တော့်ဘက်က ဘာမှဖုံးကွယ်ထားစရာမရှိပါ ဘူး။ ကျွန်တော်က တရားမျှတမှုရဲ့ မျက်ကွယ်ပြုခြင်း ခံနေရတာပါ''ဟု ၎င်းက ဆိုသည်။

 

Most Read

Most Recent