ရွေးကောက်ပွဲကော်မရှင်အား အရေးယူရန် သမ္မတထံ တင်ပြထားမှုအပေါ် အကြောင်းပြန်ကြားခြင်းမရှိလျှင် ဥပဒေဘောင်အတွင်းမှ တစ်ဆုံးတစ်စလုပ်သွားမည်ဟု ပြည်တွင်း၊ ပြည်ပမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် နိုဝင်ဘာ ၂၆ ရက်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေပါတီများကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားမျှတသည့် ရွေးကောက်ပွဲပြီးသွားပြီဟု ပြောဆိုမှုရှိကြောင်းနှင့် သမ္မတက တစ်စုံတစ်ရာ အရေးယူပေးခြင်းမရှိပါက မည်သို့ဆက်လက်ဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံရေးပါတီများအနေဖြင့် ဥပဒေဘောင်ထဲတွင် ဆောင်ရွက်နေကြောင်း၊ ဥပဒေဘောင်အတွင်းနေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထားသည့် နိုင်ငံရေးပါတီများ၊ ပထမအဆင့်အနေဖြင့် တရားမဲ့ပြုကျင့်ရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များအတိုင်း ရဲတပ်ဖွဲ့သို့ တိုင်တန်းရမည့်ကိစ္စများကို တိုင်တန်းကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည့်ကိစ္စများ တင်ပြထားကြောင်း၊ အသက်မပြည့်ဘဲ မဲပေးသူများ၊ မှတ်ပုံတင်မရှိဘဲ မဲပေးသူများရှိခြင်းအပါအဝင် အငြင်းပွားမှုများကို စုံစမ်းစစ်ဆေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပေးရန် နိုဝင်ဘာ ၁၁ ရက်တွင် တင်ပြခဲ့သော်လည်း အကြောင်းမပြန်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ စစ်ပါ့မယ်။ အင်အားတွေ ကျွန်တော်တို့စစ်လို့ရအောင် ပုံစံ (၁) ပေးပါ။ ပုံစံ (၁၆) ပေးပါ။ ပုံစံ (၁၆) (၁) ပေးပါ။ ပုံစံ (၁၉) ပေးပါ။ ဒါတွေရှိရင် ကျွန်တော်တို့ စစ်လို့ရတယ်။ အဲဒါတွေမပေးတော့ ဘာလုပ်ရသလဲဆိုတော့ တတိယအဆင့် ဥပဒေဘောင်ထဲက ကျွန်တော်တို့ ၁၆ ပါတီပေါင်းပြီး တောင်းဆိုတယ်။ ကျွန်တော်တို့ စစ်ခွင့်မရလို့ရှိရင် တာဝန်ရှိတဲ့သူတွေက အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပေးပါ။ အဲဒီထဲမှာ နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေပါပါ့မယ် စသည်ဖြင့် တောင်းတယ်။ ဒါလည်း ကျွန်တော်တို့ တောင်းတာလည်း ခုနစ်ရက်အတွင်း ဖွဲ့ပေးပါ။ ရက် ၆၀ အတွင်းစစ်ပေးပါ။ ဒါလည်းမလာဘူး” ဟု ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။
သို့ဖြစ်၍ နိုင်ငံရေးပါတီ ၁၉ ပါတီက နိုဝင်ဘာ ၂၄ ရက်တွင် နိုင်ငံတော်သမ္မတထံ အိတ်ဖွင့်ပေးစာပေးပိုခဲ့ပြီး ယင်းအိတ်ဖွင့်ပေးစာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား ကျော်လွန်လုပ်ဆောင်ပြီး ဥပဒေပေးအပ်ထားသော တာဝန်များပျက် ကွက်နေသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အား အရေးယူပေးရန် တောင်းဆိုခဲ့သည်။
“မလာတော့ ခုနက နိုင်ငံတော်သမ္မတကြီးကို ဒီအချက်ကိုပဲ ထပ်ပြီး Remind လုပ်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတက ခန့်ထားတာ။ နိုင်ငံတော်အစိုးရကလည်း ဒါနဲ့ပတ်သက်လို့ UEC သည် သီးခြားလွပ်လပ်သောအဖွဲ့လို့ ပြောသော်လည်းပဲ ဘာပဲပြောပြော တာဝန်ရှိနေပါတယ်။ ဒါမြန်မာနိုင်ငံ။ မြန်မာနိုင်ငံထဲမှာလုပ်နေတဲ့ ရွေးကောက်ပွဲ။ မြန်မာအစိုးရနဲ့လုပ်နေတာ။ ခံစားရတဲ့သူတွေကလည်း ကျွန်တော်တို့နိုင်ငံသားတွေပဲ။ ကျွန်တော်တို့ တိုင်စရာမိဘက အစိုးရပဲရှိတယ်။ ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အကြီးဆုံးက နိုင်ငံတော်သမ္မတပဲ။ နိုင်ငံတော်သမ္မတကို တိုင်တည်ပြီးတော့ စာတင်တယ်။ ဘာမှပြန်မလာဘူး။ ပြန်မလာတော့ ဘာဆက်လုပ်မလဲဆိုတော့ ဥပဒေဘောင်အတွင်းမှာ တစ်ဆုံးတစ်စလုပ်ပါမယ်။ ဘာဆိုတာတော့ မပြောပြရစေနဲ့” ဟု ဦးခင်ရီက ပြောကြားသည်။
ထို့ပြင် မဲစာရင်း၊ အသက်မပြည့်ဘဲ မဲလာပေးသူများနှင့်ပတ်သက်၍ အထောက်အထားများရှိကြောင်း ဦးခင်ရီက ၎င်းယှဉ်ပြိုင်အရွေးခံသည့် မဲဆန္ဒနယ်တွင် တွေ့ရှိရသည့် အချက်များအပေါ် အခြေခံပြောကြားသည်။
“ကျွန်တော် ဝင်ရွေးတဲ့မဲဆန္ဒနယ်မှာဆိုရင် ဆိပ်ကြီးခနောင်တိုဆိုပါစို့။ ဒီ Under Age (အသက်မပြည့်) ဖြစ်တဲ့ဟာတွေ ၁၀ ယောက်၊ ၁၅ ယောက်လောက်တွေ့တယ်။ ကျွန်တော်တို့ ဘယ်လိုတွေ့လဲဆိုတော့ သူနဲ့ အတူတူမွေးတဲ့၊ ရပ်ရွာဆိုတာသေးတာကို။ သူနဲ့အတူတူမွေးတဲ့သူက ၁၄ နှစ်သား၊ ၁၅ နှစ် သား။ သူက ဒီမှာ ၁၈ နှစ် မဲလာပေးတော့ မဖြစ်နိုင်ဘူး။ အဲဒီတော့ ခေါ်မေးတော့ ငါးယောက်၊ ခြောက်ယောက်လောက် သက်သေပြနိုင်တယ်။ ကျွန်တော်တို့ သက်သေမပြနိုင်လို့ လွတ်သွားတာတွေ အများကြီး။ ၁၈ နှစ်နဲ့ ၁၈ နှစ်ပြည့်ဖို့ သုံးလအလိုနဲ့ ဘယ်လိုခွဲမလဲ။ ၁၈ နှစ်နဲ့ ၁၇ နှစ် ဘယ်လိုခွဲမလဲ။ အတော်လေးခက်တယ်” ဟု ဦးခင်ရီက ပြောကြားသည်။
ထို့ပြင် ရဲစခန်းသို့ တိုင်ကြားထားသည့် အမှုများနှင့် ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် အခြေအနေများကြောင့် ရွေးကောက်ပွဲရလဒ် ပြောင်းခြင်း မပြောင်းခြင်းထက် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးသည် တရားမျှတမှုမရှိကြောင်းကို အသိပေးခြင်းဖြစ်ကြောင်း ဦးခင်ရီက ပြောကြားသည်။
“ရလဒ်ပြောင်းခြင်း မပြောင်းခြင်းက ဆုံးဖြတ်တဲ့ပုဂ္ဂိုလ်နဲ့ပဲ ဆိုင်ပါတယ်။ ဆုံးဖြတ်တဲ့ပုဂ္ဂိုလ်က သမာသမတ်ရှိရှိ ဆုံးဖြတ်မယ်ဆိုရင် ရလဒ်ကပြောင်းလဲသွားနိုင်ပါတယ်” ဟု ဦးခင်ရီက ပြောကြားသည်။
ထို့ပြင် ကော်မရှင်သို့ တင်ပြထားသည့် အမှု ၁၀၄၂ မှုရှိကြောင်း၊ အဆိုပါအမှုများကို စစ်ပါက ဆက်နွှယ်မှုများရှိကြောင်း၊ မှန်မှန်ကန်ကန် ဘက်လိုက်မှုမရှိဘဲ ဆုံးဖြတ်နိုင်ပါက တရားမဲ့ပြုကျင့်မှုသည် UEC သို့ တိုင်ထားသည့် ၁၀၄၂ ကို တွက်၍မရဘဲ ပတ်သက်ဆက်နွှယ်မှုများ များစွာရှိသည့်အတွက် မှန်မှန်ကန်ကန် ဆုံးဖြတ်ပါက ရလဒ်ပြောင်းနိုင်ကြောင်း ၎င်းက ဆိုသည်။