အခြေခံမဲစာရင်း မခိုင်လုံသည့်အတွက် ရွေးကောက်ပွဲ၏မဲရလဒ်သည် တရားမျှတသော ရလဒ်တစ်ခုအဖြစ်လက်ခံရန် အလွန်ခက်ခဲကြောင်း မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောကြား

အခြေခံမဲစာရင်း မခိုင်လုံသည့်အတွက် ရွေးကောက်ပွဲ၏မဲရလဒ်သည် တရားမျှတသော ရလဒ်တစ်ခုအဖြစ်လက်ခံရန် အလွန်ခက်ခဲကြောင်း မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း ပြောကြား
နိုဝင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း ရှင်းလင်းပြောကြားစဉ်
နိုဝင်ဘာ ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်း ရှင်းလင်းပြောကြားစဉ်
Published 26 November 2020
မင်းနိုင်စိုး

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်သော အခြေခံမဲစာရင်းသည် မခိုင်လုံသည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ၏ မဲရလဒ်သည် တရားမျှတသော ရလဒ်တစ်ခုအဖြစ် လက်ခံရန် အလွန်ခက်ခဲကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်သူ ဒေါက်တာမောင်သင်းက ပြောကြားသည်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံးတွင် နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်း၌ ၂၀၂၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဆွေပါတီများက ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင်ထုတ်ပြန်ထားသော မဲစာရင်းများနှင့်ပတ်သက်၍ မိတ္ထီလာ၊ ပျော်ဘွယ်၊ မလှိုင်နှင့် သာစည်မြို့နယ်တို့တွင် လေ့လာမှုများ ပြုလုပ်ခဲ့ရာအသက် ၁၈ နှစ်မပြည့်သူများ မြို့နယ်တိုင်းတွင်ရှိနေပြီးတစ်ကြိမ်ထက်မက မဲစာရင်းတွင် ပါဝင်နေသူများလည်း အများအပြားရှိကာ မဲစာရင်းတွင် မှတ်ပုံတင်မပါသူများ မြို့နယ်တိုင်းတွင် အများဆုံးပါဝင်ခဲ့သည်ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

“အဲဒါကြောင့်မို့လို့ အဲဒီမဲရလဒ်ဟာ အခြေခံမဲစာရင်းကမှ မခိုင်လုံတဲ့အတွက်ကြောင့် တရားမျှတတဲ့ ရလဒ်တစ်ခုလို့ ကျွန်တော်တို့ လက်ခံရန် အင်မတန်ခက်ခဲပါလိမ့်မယ်” ဟု ပြည်ခိုင်ဖြိုးပါတီ၏ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမောင်သင်းက ပြောကြားသည်။

၎င်းအနေဖြင့် မဲစာရင်းများအား လေ့လာသုံးသပ်ရာတွင် အချက်လေးချက်ကို အခြေခံ၍ လေ့လာသုံးသပ်ခြင်းဖြစ်ပြီး နံပါတ် (၁) အချက်မှာ မဲစာရင်းတွင် အသက် ၁၈ နှစ်အောက် ပါဝင်သူအရေအတွက်၊ မဲစာရင်းတွင် အသက် ၁၈ နှစ်နှင့် ၂ လပါဝင်သူ အရေအတွက်၊ တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင် ပါဝင်သူအရေအတွက်နှင့် မှတ်ပုံတင် လုံးဝမရှိဘဲ မဲပေးသူအရေအတွက်များကို လေ့လာသုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာမောင်သင်းက ရှင်းပြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နောက်ဆုံးထုတ်ပြန်ခဲ့သည့် မဲစာရင်းတွင် မိတ္ထီလာမြို့နယ်၌ အသက် ၁၈ နှစ်မပြည့်သူ ၈၃ ယောက်ပါဝင်ခဲ့ပြီး မဲစာရင်းတွင် အကြိမ်ကြိမ်ပါဝင်သူနှင့် မှတ်ပုံတင်လုံးဝမရှိသူများ၏ စာရင်းမှာ ၁၉၀၀၀ ကျော်ရှိသည့်အတွက် မိတ္ထီလာမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူအရေအတွက်၏ ရှစ်ရာခိုင်နှုန်းနီးပါးရှိကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

သာစည်မြို့နယ်အား လေ့လာရာတွင် မဲစာရင်းထပ်နေသူ ၃၀၀၀၀ ကျော် ပါဝင်ပြီး မှတ်ပုံတင်မပါရှိသူ ၁၄၀၀၀ ခန့် ပါနေသည်ကို တွေ့ရကြောင်း၊ မလှိုင်မြို့နယ်တွင် မဲစာရင်းထပ်နေသူ ၁၀၀၀၀ ကျော်နှင့် မှတ်ပုံတင် မပါရှိသူ ၇၀၀၀ ကျော်ရှိကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် ၎င်းလေ့လာသုံးသပ်သည့် အချက်လေးချက်စလုံး တွေ့ရပြီး မှတ်ပုံတင်မပါရှိသူ အရေအတွက်မှာ မဲပေးပိုင်ခွင့်ရှိသူ အရေအတွက်၏ ၁၀ ရာခိုင်နှုန်းကျော်ရှိ ကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“အဲဒီတော့ ကျွန်တော်တို့အနေနဲ့ တွေ့ရှိချက်တွေအားလုံးကို ခြုံငုံလိုက်မယ်ဆိုရင် ၁၈ နှစ်မပြည့်တဲ့သူတွေ မြို့နယ်တိုင်းမှာရှိနေပါတယ်။ ထို့အတူ တစ်ကြိမ်ထက်မကမဲစာရင်း ထပ်မံပါဝင်နေတဲ့သူတွေကိုလည်း အများကြီးတွေ့ရှိရပါတယ်။ UEC ရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ မဲစာရင်းမှာ မှတ်ပုံတင်လုံးဝမပါ တဲ့သူကတော့ မြို့နယ်တိုင်း မြို့နယ်တိုင်းမှာ အများဆုံးပါပဲ” ဟု ဒေါက်တာမောင်သင်းက ပြောကြားသည်။

ယခုလေ့လာသုံးသပ်ချက်မှာ မြို့နယ်လေးမြို့နယ်တွင်သာရှိနေသေးပြီး တစ်နိုင်ငံလုံးရှိ အခြားသော မြို့နယ်များတွင်လည်း အဆိုပါအခြေအနေများ ကြုံတွေ့နိုင်ရန် အကြောင်းရှိသည့်အတွက် ဆက်လက်လေ့လာပါက မဲစာရင်းနှင့်ပတ်သက်သော ကောက်ချက်များသည် ပိုမိုခိုင်မာ မှန်ကန်လိမ့်မည်ဖြစ်ကြောင်း ဒေါက်တာမောင်သင်းက ပြောကြားသည်။