ချန်ပီယံလိဂ်အုပ်စုအဆင့်က ထပ်လှည့်ပြန်ရဖို့များသွားတဲ့ အင်တာမီလန်

ချန်ပီယံလိဂ်အုပ်စုအဆင့်က ထပ်လှည့်ပြန်ရဖို့များသွားတဲ့ အင်တာမီလန်
Published 26 November 2020

အင်တာမီလန် ၀-၂ ရီးယဲလ်မက်ဒရစ်

အင်တာမီလန်အသင်းက အခုရာသီမှာလည်း ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ လှည့်ပြန်ရဖို့ သေချာသလောက်နီးပါး ဖြစ်သွားခဲ့တယ်။ ဒါ့အပြင် ရီးယဲလ်အသင်းကို ဥရောပပြိုင်ပွဲ အိမ်ကွင်းပွဲတွေမှာ အင်တာမီလန်တို့ ပထမဆုံးအကြိမ် အရေးနိမ့်ခဲ့တာပဲဖြစ်တယ်။ အင်တာမီလန်နည်းပြ ကွန်တီက အသင်းကို ၃-၅-၂ ကစားကွက်နဲ့ ပုံဖော်ခဲ့ပြီး သူ့စိတ်ကြိုက် အဓိကကစားသမားအများစုနဲ့ပဲ ပွဲထွက်လာခဲ့တယ်။ အနိုင်ကစားဖို့ မဖြစ်မနေလိုအပ်နေတဲ့အခြေအနေက အင်တာမီလန်အတွက် တွန်အားထက် ဖိအားပိုဖြစ်ခဲ့ပြီး ရီးယဲလ်ဘက်ကို အဖွင့်ဂိုးစောစောပေးခဲ့ရတာကလည်း ပွဲကိုချဉ်းကပ်ရာမှာ ပိုအခက်အခဲတွေ့စေခဲ့တယ်။  

ရီးယဲလ်အသင်းမှာ အသင်းခေါင်းဆောင် ရာမို့စ်၊ တိုက်စစ်မှူး ဘန်ဇီမာတို့လို ဦးဆောင်ကစားသမား တွေမပါဝင်ပေမဲ့ ဟာဇက်၊ မိုဒရစ်၊ ကရို့စ်တို့က ဒီဟာကွက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် ဟာဇက်က တဖြည်းဖြည်းနဲ့ သူ့ရဲ့ပင်ကိုဟန်ပြန်ရလာခဲ့ပြီး ရီးယဲလ်တိုက်စစ်ကို  အသက်ဝင်စေခဲ့တယ်။ ရီးယဲလ်အသင်းရခဲ့တဲ့ အဖွင့်ဂိုးကတော့ နောက်ခံလူ နာချိုကြောင့်ရတဲ့ ပယ်နယ်တီကို (၇)မိနစ်မှာ ဟာဇက်က သွင်းယူပေးခဲ့တာပါ။ ဟာဇက်အနေနဲ့ (၃)နှစ်အတွင်း ချန်ပီယံ လိဂ်သွင်းဂိုး ပြန်လည်ရရှိခဲ့တာလည်းဖြစ်တယ်။  ဂိုးရပြီးနောက်ပိုင်းမှာလည်း ရီးယဲလ်အသင်းကပဲ ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး ဗက်ဇ်ကေးရဲ့(၂၅)ကိုက် အကွာကန်ချက်က တိုင်အောက်ခြေထိထွက်ခဲ့သလို၊ ဟာဇက်ရဲ့ကန်သွင်းမှုကိုလည်း ဟန်ဒါနိုဗစ် ကာကွယ်နိုင်ခဲ့တယ်။

(၃၃)မိနစ်မှာ ပယ်နယ်တီတောင်းဆိုမှုကနေ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံရတဲ့ အင်တာကွင်းလယ်လူ ဗီဒယ်လ်ရဲ့လုပ်ရပ်က မိုက်မဲလွန်းရာကျသလို၊ ကွင်းလယ်ဒိုင်လူကြီးဖြစ်သူ အန်ထော်နီတေလာကလည်း ဘောင်ထဲကအရေး ယူတာဆိုပေမဲ့ ပြင်းထန်လွန်းပါတယ်။ ဗီဒယ်လ်ကတော့ ချန်ပီယံလိဂ်မှာ ဗီယာရာ၊ အီဘရာဟီမိုဗစ်တို့ပြီးနောက် မတူညီတဲ့ကလပ်အသင်း(၃)သင်း ကိုယ်စားပြုကာ ထုတ်ပယ်ခံရတဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နဂိုကတည်းကမှ ရီးယဲလ်ကစားကွက်အောက်ကိုရောက်နေတဲ့ အင်တာအတွက် ပွဲက ပြီးသလောက်နီးပါး ဖြစ်သွားခဲ့တယ်။ ရီးယဲလ်အသင်းအတွက် ဒုတိယဂိုးကို (၅၉)မိနစ်မှာ လူစားဝင်လာတဲ့ ရိုဒရီဂို ကန်သွင်းမှုက ဟာကီမီနဲ့ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းသလို ့ဖြစ်ခဲ့ရတာပါ။ အင်တာအသင်းရဲ့တစ်လုံးတည်းသောဂိုးပေါက်ခြိမ်းခြောက်မှုက (၈၂)မိနစ်ရောက်မှ ရရှိခဲ့ပါတယ်။

Most Read

Most Recent