(၂၀)ရာစု၏အကောင်းဆုံးဘောလုံးသမားအဖြစ် ဘရာဇီးလ်ဂန္ထဝင် ပီလီနှင့် ပူးတွဲသတ်မှတ်ခံခဲ့ရသည့် အာဂျင်တီးနားလက်ရွေးစင်ကစားသမားဟောင်း မာရာဒိုနာသည် နိုဝင်ဘာလ ၂၅ ရက်က အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေရိစ်ရှိ သူ၏နေအိမ်တွင်
Heart Attack ကြောင့် ရုတ်တရက်ကွယ်လွန်ခဲ့ကြောင်း သိရသည်။
မာရာဒိုနာသေဆုံးမှုကို သူ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုကြေညာချက် ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာလ(၂၅)ရက်အစောပိုင်းကတည်းက မာရာဒိုနာအနေဖြင့် ဆိုးရွားသည့်နှလုံးရောဂါထိခိုက်ခံစားနေရသည့်သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။
အသက်(၆၀)နှစ်အရွယ်ရှိပြီဖြစ်သူ မာရာဒိုနာသည် ယခုလအစောပိုင်းက ဦးနှောက်သွေးခဲမှုကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီးနောက် အရက်စွဲနေမှုအတွက်လည်း ကုသမှုခံယူခဲ့ရသည်။
မာရာဒိုနာသေဆုံးပြီးနောက် အာဂျင်တီးနားသမ္မတ အယ်လ်ဘာတိုဖာနန်ဒက်ဇ်က နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် (၃)ရက်တိုင်ပြုလုပ်မည်ဟု ချက်ချင်းကြေညာခဲ့သည်။

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်၏ ကြေညာချက်တွင် ''ကျွနု်ပ်တို့၏ဂန္ထဝင်သေဆုံးမှုအတွက် အလွန်စိတ်ထိခိုက်ဝမ်းနည်းရပါကြောင်းနှင့် သင့်အနေဖြင့် ကျွနု်ပ်တို့၏နှလုံးသားထဲတွင် အမြဲထာဝရရှိနေမည်''ဟု ရေးသားခဲ့သည်။
မာရာဒိုနာသည် ကလပ်အသင်းကစားသမားဘဝတွင် အာဂျင်တီးနို့စ်ဂျူနီယာ၊ ဘိုကာဂျူနီယာ၊ ဘာစီလိုနာ၊ နာပိုလီ၊ ဆီဗီလာ၊ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းများတွင် ကစားခဲ့ပြီး ဘာစီလိုနာနှင့် နာပိုလီအသင်းများတွင်
ကစားသမားဘဝ အအောင်မြင်ဆုံးအခိုက်အတန့်ဖြစ်ခဲ့သည်။
၎င်းအနေဖြင့် အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၉၁ ပွဲကစားကာ ၃၄ ဂိုးသွင်းယူခဲ့ပြီး နိုင်ငံအသင်းနှင့်အတူ ကမ္ဘာ့ဖလား(၄)ကြိမ် ကိုယ်စားပြုကစားကာ ၁၉၈၆ ကမ္ဘာ့ဖလားချန်ပီယံအသင်း၏ အသင်းခေါင်းဆောင်ဖြစ်ခဲ့သည်။















