ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတစွာကျင်းပနိုင်ရန် တာဝန်ပျက်ကွက်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းစစ်ဆေးအရေးယူပေးရန် နိုင်ငံရေးပါတီ ၁၉ ပါတီက သမ္မတထံတိုင်ကြား

ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတစွာကျင်းပနိုင်ရန် တာဝန်ပျက်ကွက်ခဲ့သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စုံစမ်းစစ်ဆေးအရေးယူပေးရန် နိုင်ငံရေးပါတီ ၁၉ ပါတီက သမ္မတထံတိုင်ကြား
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများ နိုဝင်ဘာ ၁၁ ရက်က သတင်းစာရှင်းလင်းစဉ်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတာဝန်ရှိသူများ နိုဝင်ဘာ ၁၁ ရက်က သတင်းစာရှင်းလင်းစဉ်
Published 25 November 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတစွာကျင်းပနိုင်ရန် တာဝန်ပျက်ကွက်ခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်သည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကို စုံစမ်းစစ်ဆေးအရေးယူပေးရန် ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၉ ပါတီကလက်မှတ်ရေးထိုး၍ နိုဝင်ဘာ ၂၅ ရက်တွင် နိုင်ငံတော်သမ္မတထံအိတ်ဖွင့်စာပေးပို့၍ တိုင်ကြားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကို ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်၊ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုတိယဥက္ကဋ္ဌ ဦးတင့်ဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် စသည့် နိုင်ငံရေးပါတီ ၁၉ ပါတီမှ ခေါင်းဆောင်များက လက်မှတ်ရေးထိုးထားသည်။

တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်သည့် အမိန့်ကြေညာချက်များထုတ်ကာ ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးအား စံငါးချက်နှင့်အညီလွတ်လပ်၍ တရားမျှတစွာကျင်းပနိုင်ရန် တာဝန်ဝတ္တရား ပျက်ကွက်ခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံအရ ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဥပဒေနှင့်အညီ ဆောလျင်စွာစုံစမ်းစစ်ဆေး အရေးယူပေးပါရန် လေးစားစွာ အသိပေးတိုင်ကြားအပ်ပါသည်ဟု နိုင်ငံရေးပါတီ ၁၉ ပါတီ၏အိတ်ဖွင့်စာတွင် ဖော်ပြထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တရားမျှတမှုမရှိသောဆောင်ရွက်မှု၊ ဆုံးဖြတ်မှု၊ ကြီးကြပ်မှုများကြောင့် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအပါအဝင် နိုင်ငံသားတိုင်းတန်းတူညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးများများစွာဆုံးရှုံးနစ်နာနေ ရပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံ ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အဟန့်အတားဖြစ်စေသည်ဟု နိုင်ငံရေးပါတီ ၁၉ ပါတီ၏အိတ်ဖွင့်စာတွင် ဖော်ပြထားသည်။

ထို့ပြင် အာဏာဖြင့် ဖုံးအုပ်ထားသော မသမာမှု၊ တရားမဲ့မှုများကိုစိစစ်ဖော်ထုတ်ရန် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပေးရေးကို နိုင်ငံရေးပါတီ ၁၆ ပါတီကတောင်းဆိုခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၁ (က) ပါ နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးလျက်ရှိကြောင်းလည်း နိုင်ငံရေးပါတီ ၁၉ ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

နိုင်ငံတော်သမ္မတသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေပုဒ်မ ၃၉၈ ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုဖွဲ့ စည်းထားခြင်းဖြစ်ပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သိက္ခာသမာဓိနှင့်ပြည့်စုံပြီး အတွေ့အကြုံရင့်ကျက်သူဖြစ်ရမည်ဟူ၍လည်းကောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်ဟူ၍လည်းကောင်း၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ ဖြစ်ရမည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားကြောင်း နိုင်ငံရေးပါတီ ၁၉ ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် လွှတ်တော်ရွေးကောက်ပွဲများကျင်းပခြင်း၊ လွှတ်တော်ရွေးကောက်ပွဲများကို ကြီးကြပ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ဖွဲ့စည်းခြင်းနှင့် ကြီးကြပ်စေခြင်း၊ မဲဆန္ဒနယ် သတ်မှတ်ခြင်းနှင့် ပြင်ဆင်သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်းနှင့် ပြင်ဆင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသို့မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာနည်းဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီလည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် စသည်များကိုသက်ဆိုင်ရာနည်း ဥပဒေများနှင့်အညီလည်းကောင်း၊ ထုတ်ပြန်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများ ကိုစစ်ဆေးနိုင်ရေးအတွက် ဥပဒေနှင့်အညီ ရွေးကောက်ပွဲ ခုံအဖွဲ့များဖွဲ့စည်းခြင်းစသည် တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထမ်းဆောင်ရမည့် တာဝန်များဖြစ်ကြောင်းလည်း အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြခဲ့သည်။

သို့သော်လည်း ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် မလိုလားအပ်သော တရားမဲ့ပြုကျင့်မှု အမြောက်အမြား ဖြစ်ပေါ်စေခဲ့သဖြင့် လွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာသော၊ သမာသမတ်ကျသော ရွေးကောက်ပွဲတစ်ခုအဖြစ် သတ်မှတ်၍ မရနိုင်သည့် အခြေအနေဖြစ်ကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ကော်မရှင်၏ ကိုယ်တိုင်ဆောင်ရွက်မှု၊ ကွပ်ကဲကြီးကြပ်မှု အားနည်းချက်များကြောင့် သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပြီးအဆိုပါ  သက်ရောက်မှုများမှာ မဲစာရင်းပြုစုမှုနှင့် ဖြန့် ဝေမှုကိုစောင့်ကြည့်ခွင့်မပြုခြင်း၊ ပွင့်လင်းမြင်သာစွာစစ်ဆေးခွင့်၊ ပြင်ဆင်ခွင့်မရခြင်း၊ အချိန်မီ ထုတ်ပြန်အသိပေးရန် ပျက်ကွက်ခြင်းများကြောင့် အားထားယုံကြည်ဖွယ် မဲစာရင်းမဖြစ်တော့ဘဲ မဲရုံကိုယ်စားလှယ်များ စောင့်ကြည့်စစ်ဆေးရန် ခက်ခဲရှုပ်ထွေးမှုများ ဖြစ်ပေါ်စေသည်ဟုအဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကြိုတင်မဲကောက်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ခိုင်လုံမဲ။ပယ်မဲသတ်မှတ်ခြင်းများသည် ခိုင်မာတိကျ သောမူဝါဒမရှိကြောင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းကို စောင့်ကြည့်လေ့လာခွင့် မရှိခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရှိအသက် ၆၀ အထက် လူဦးရေခုနစ်သန်းခန့်၊ ပြည်ပရောက် မဲဆန္ဒရှင် နှစ်သန်းခန့်နှင့် ပြည်တွင်း ရွှေ့ပြောင်းမဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲများသည် တိကျမှုမရှိသောလုပ်ထုံးလုပ်နည်းများကြောင့် လည်းကောင်း၊ အရေအတွက် အတိအကျမသိရှိနိုင်သော အပိုမဲအရေအတွက်နှင့် ဖြန့်ခွဲမှုတို့ကို စိစစ်နိုင်ခြင်းမရှိခြင်းကြောင့်လည်းကောင်း ပြုပြင်ဖန်တီးထားနိုင်သော အဆုံးအဖြတ် မဲပမာဏကို ဖြစ်စေသည်ဟုလည်း အိတ်ဖွင့်စာတွင် ဖော်ပြခဲ့သည်။