ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်အနက် ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းသူ ၁၃၀ နီးပါးသာရှိသေးပြီး NLD နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများ မပါဝင်သေး

ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်အနက် ရွေးကောက်ပွဲအသုံးစရိတ်တင်သွင်းသူ ၁၃၀ နီးပါးသာရှိသေးပြီး NLD နှင့် ပြည်ခိုင်ဖြိုးပါတီမှ ကိုယ်စားလှယ်လောင်းများ မပါဝင်သေး
Published 24 November 2020
ဉာဏ်လင်းထွန်း

ရန်ကုန်တိုင်းအတွင်းရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ နိုဝင်ဘာ ၂၄ ရက်အထိ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၁၃၀ ခန့်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းတွင် ခရိုင်လေးခုရှိပြီး အရှေ့ပိုင်းခရိုင်တွင် ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးဖြစ်ကြောင်း ခရိုင်ကော်မရှင်အဖွဲ့ခွဲများထံမှ သိရသည်။

ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းသူကိုယ်စားလှယ်လောင်း ၁၃၀ ဝန်းကျင်အနက် ၁၀၀ ခန့်မှာ အရှေ့ပိုင်းခရိုင်မှ ရွေးကောက်ပွဲယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။

“အခုက ကျွန်တော်ထင်တယ်။ ၁၀၀ ဝန်းကျင်လောက်တော့ရှိပြီ။ တင်သွင်းပြီးကြောင်းပေ့ါ။ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီ။ လောလောဆယ်တော့ အဲဒါပဲတွေ့သေးတယ်” ဟု အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကျော်စိုးဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းရှိ အခြားခရိုင်အချို့တွင် ရွေးကောက်ပွဲအသုံးစရိတ် တင်ပြသည့် ကိုယ်စားလှယ်လောင်းအချို့မှာ ယင်းပါတီနှစ်ခုမှ ဖြစ်သည်။

“ တစ်သီးပုဂ္ဂလည်းပါတယ်။ ပြည်သူ့ပါတီလည်းပါတယ်။ UBP လည်းပါတယ်” ဟု မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးအောင်မြတ်ထွေးက ပြောကြားသည်။

မြောက်ပိုင်းခရိုင်တွင် နိုဝင်ဘာ ၂၄ ရက်အထိ ရွေးကောက်ပွဲအသုံးစရိတ် တင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၁၇ ဦးရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“ သူတို့တော့ (NLD ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီ) မတင်သေးဘူး။ ပြင်ဆင်နေတုန်းကာလလို့ ပြောပါတယ်” ဟု ဦးအောင်မြတ်ထွေးက ပြောကြားသည်။

ရန်ကုန်တိုင်း တောင်ပိုင်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ နိုဝင်ဘာ ၂၄ ရက်အထိ ရွေးကောက်ပွဲအသုံးစရိတ် တင်ပြလာသူ ခုနစ်ဦးရှိပြီး NLD နှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်းများ တင်ပြခြင်းမရှိသေးပေ။

“ ခုနစ်ဦးက ပါတီပေါင်းစုံပေါ့။ NLD နဲ့ ပြည်ခိုင်ဖြိုးတော့ မလာကြသေးဘူး။ တခြားပါတီတွေများတယ်။ တစ်သီးပုဂ္ဂလတွေလည်း မတွေ့သေးဘူး။ NLD တို့၊ တိုင်းရင်းသားစည်းလုုံးညီညွတ်ရေးတို့။ အဲဒီပါတီတွေ တင်ကြပါတယ်” ဟု တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောကြားသည်။

အရှေ့ပိုင်းခရိုင်ကော်မရှင်အဖွဲ့ခွဲထံ ရွေးကောက်ပွဲအသုံးစရိတ် တင်ပြလာသူ ခုနစ်ဦးရှိပြီး စာရင်းလုပ်နေဆဲဖြစ်၍ ပါတီအမည်အတိအကျ သိရှိမှုမရှိဟု ယင်းခရိုင်ကော်မရှင်အဖွဲ့ခွဲ၏ အတွင်းရေးမှူး ဦးဝင်းနိုင်က ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရွေးကောက်ပွဲ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ၈၀၁ ဦးရှိပြီး တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ထံ အသုံးစရိတ်တင်သွင်းရပြီး အခြားလွှတ်တော်မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းများမှာ အမည်စာရင်းတင်သွင်းရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ တင်သွင်းရသည်။