NLD ပါတီကပေးပို့လာသည့် အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားရန်မရှိသော်လည်း ကြိုဆိုအသိအမှတ်ပြုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ပြောကြား

NLD ပါတီကပေးပို့လာသည့် အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားရန်မရှိသော်လည်း ကြိုဆိုအသိအမှတ်ပြုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး ပြောကြား
Published 24 November 2020
ဘိုဘိုမြင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ မွန်ညီညွတ်ရေးပါတီ (MUP) သို့ ပေးပို့လာသည့် နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ အကြောင်းပြန်ကြားရန် မရှိသော်လည်း ကြိုဆိုအသိအမှတ်ပြုကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြားသည်။

“NLD ပါတီက ပို့လာတဲ့ စာအပေါ်မှာ ကျွန်တော်တို့ သုံးသပ်ကြည့်တဲ့အခါကျတော့ ဒီစာက သဘောထားတောင်းလာတဲ့ စာ မဟုတ်ဘူး။ နောက်ကမ်းလှမ်းချက် တစ်ခုခုကို ကမ်းလှမ်းတဲ့သဘောလည်း မဟုတ်ဘူး။ နိုင်ငံရေးပါတီတွေကို အသိပေးနှိုးဆော်တဲ့ စာပဲဖြစ်တဲ့အတွက် ဒီအပေါ်မှာ ကျွန်တော်တို့ အကြောင်းပြန်ဖို့ မလိုအပ်ဘူးလို့ ယူဆတယ်။ သို့သော်လည်းပဲ NLD ပါတီက စာ ပေးပို့လာတာနဲ့ ပတ်သက်ပြီးတော့ ကြိုဆိုအသိမှတ်ပြုပါတယ်” ဟု နိုင်လယိတမက ပြောကြားသည်။

နိုဝင်ဘာ ၂၂  ရက်မှ ၂၃ ရက်အထိ နှစ်ရက်ကြာပြုလုပ်ခဲ့သည့် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၌ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ယင်းသဘောထားကို အတည်ပြုခဲ့သည့်အပြင် ရွေးကောက်ပွဲအောင်နိုင်ရေး (ဗဟို) ၏ အစီရင်ခံစာနှင့်ပတ်သက်၍ သုံးသပ်ဖြည့်စွက်အတည်ပြုခြင်းနှင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲရလဒ်များ လေ့လာစိစစ်သုံးသပ်ချက်များ ပြုလုပ်ရန် အတည်ပြုခဲ့ကြောင်း နိုင်လယိတမက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ အိတ်ဖွင့်ပေးစာအား တိုင်းရင်းသားလူမျိုးများ အခြေပြု နိုင်ငံရေးပါတီ ၄၈ ပါတီ၏ ဥက္ကဋ္ဌများထံသို့ နိုဝင်ဘာ ၁၂ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ကြောင်း၊ ယင်းအိတ်ဖွင့်ပေးစာတွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲကြီးတွင် မိမိတို့ပြည်နယ်သီးသီး၌ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြသည်ကို သတိမူပါကြောင်း၊ အချို့သော ပြည်နယ်များတွင် တိုင်းရင်းသားပါတီအချို့သည် ကျေနပ်ဖွယ်ရာသော ရွေးကောက်ပွဲရလဒ်များကို ရရှိခဲ့ကြသော်လည်း အချို့သောပါတီများသည် မိမိတို့၏ ရည်မှန်းထားသည့်အတိုင်း မဖြစ်လာခဲ့သည်ကိုလည်း သိရှိရကြောင်း၊ မည်သည့် အခြေအနေသို့ ရောက်သည်ဖြစ်စေ၊ မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နေင်အနာဂတ်၌ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် အဖွဲ့ချုပ်၏ ရည်မျန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ်အတွင်း ရေးမြို့နယ်တွင် ပြည်သူ့လွှတ်တော်တစ်နေရာ၊ အမျိုးသားလွှတ်တော် နှစ်နေရာနှင့် ပြည်နယ်လွှတ်တော် နှစ်နေရာ၊ မုဒုံမြို့နယ်တွင် ပြည်သူ့လွှတ်တော် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တစ်နေရာ၊ ချောင်းဆုံမြို့နယ်တွင် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တစ်နေရာ၊ ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် တစ်နေရာ၊ သံဖြူဇရပ်မြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တစ်နေရာနှင့် ကရင်ပြည်နယ်တွင် မွန်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် တစ်နေရာ စုစုပေါင်း မဲဆန္ဒနယ် ၁၂ နေရာ အနိုင်ရရှိခဲ့သည်။