မုံရွာမြို့နယ် ကြိုးကြာကန်ရွာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ရွေးကောက်ပွဲကာလက မဲဆွယ်စည်းရုံးစဉ် COVID-19 အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်း အဝင်မခံဘဲ တားဆီးခဲ့သည့် ရာအိမ်မှူးကို ထောင်ဒဏ်တစ်လ ချမှတ်

မုံရွာမြို့နယ် ကြိုးကြာကန်ရွာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ရွေးကောက်ပွဲကာလက မဲဆွယ်စည်းရုံးစဉ် COVID-19 အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်း အဝင်မခံဘဲ တားဆီးခဲ့သည့် ရာအိမ်မှူးကို ထောင်ဒဏ်တစ်လ ချမှတ်
Published 16 November 2020
ကောင်းခန့်လင်း (မုံရွာ)

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာတွင် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သော NLD အဖွဲ့ ကျေးရွာအတွင်း ဝင်ရောက်မဲဆွယ်လာမှုကို COVID-19 ကာကွယ်ရေးအတွက် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာမှ ရာအိမ်မှူးဆိုသူက တားဆီးခဲ့ပြီး ယင်းရာအိမ်မှူးဆိုသူအား ထောင်ဒဏ်တစ်လ ချမှတ်လိုက်ကြောင်း သိရသည်။

ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သော NLD အဖွဲ့ ကျေးရွာအတွင်း ဝင်ရောက်မဲဆွယ်လာမှုကို တားဆီးခဲ့သော ရာအိမ်မှူးဆိုသူကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း မုံရွာမြို့နယ် တရားရုံးမှ အမိန့်ချမှတ်လိုက်ကြောင်း ဆက်လက်သိရသည်။

“ ဒီကနေ့ပဲ သူ့ကို တရားရုံးကနေ ထောင်ဒဏ်တစ်လ အမိန့်ချမှတ်လိုက်တာ။ အခြားပြစ်ဒဏ်မပါဘူး” ဟု မုံရွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာမြင့်က ပြောကြားသည်။

ဧပြီ ၂၂ ရက်နေ့ ရက်စွဲဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ကွက်ကျေးရွာများအားလုံး ခွင့်ပြုချက်မရှိဘဲ ဝင်/ ထွက်များကို အတားအဆီးများ ချထားပြီး ပိတ်ဆို့ခြင်း၊ ဝင်/ထွက်မှုများ တားမြစ်ခြင်းများကို မိမိတို့သဘောဖြင့်မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ထို့ပြင် ကျေးရွာသည် COVID-19 ကူးစက်ရောဂါနှင့်ပက်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့် မြို့နယ်အလိုက် ထုတ်ပြန်ထားသော ဒေသန္တရအမိန့်များအတိုင်းသာ လိုက်နာဆောင်ရွက်ရေး ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအားလုံးကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား လိုက်နာဆောင်ရွက်သွားရန်ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

အလားတူ ရပ်ကွက်ကျေးရွာများအတွင်း ဝင်/ထွက်သွားလာမှုကို တားမြစ်ပိတ်ပင်ခြင်းမပြုရန်အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် စီမံခန့်ခွဲမှုကော်မတီများက စနစ်တကျကြပ်မတ်သွားရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။