၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန့်မှန်းထားသည့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းထက် အောက်တိုဘာမှ ဇူလိုင်အထိ လစဉ်မြင့်တက်ခဲ့သော်လည်း သြဂုတ်နှင့် စက်တင်ဘာတွင် ခန့်မှန်းနှုန်းအောက် ပြန်လည်ကျဆင်းခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။
၂၀၁၉-၂၀၂ဝဘဏ္ဍာနှစ်တွင် နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၆၅ ရာခိုင်နှုန်းနှင့် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၇၁ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာတွင် ၈ ဒသမ ၆၀ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၈ ဒသမ ၅၉ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၈ ဒသမ ၈၁ ရာခိုင်နှုန်း၊ ဇန်နဝါရီတွင် ၉ ဒသမ ၀၆ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၁၀ ရာခိုင်နှုန်း၊ ဧပြီတွင် ၈ ဒသမ ၈၀ ရာခိုင်နှုန်း၊ မေတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ ဇွန်တွင် ၇ ဒသမ ၉၁ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၇ ဒသမ ၁၄ ရာခိုင်နှုန်း၊ သြဂုတ် တွင် ၆ ဒသမ ၄၃ ရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၅ ဒသမ ၈၁ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့ သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင် ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာ (ခုနစ်လဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Infation) မှာ ၅ ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၁၁ ဒသမ ၂၃ ရာခိုင်နှုန်း ရှိသည်။ နှစ်အလိုက် ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၂ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းရှိသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် စက်တင်ဘာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်အထိ) တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်တွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက် လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်တွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှု လျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ စက်တင်ဘာတွင် ၂ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။
တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အ ခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် စက် တင်ဘာအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၈၁ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် သြဂုတ်အထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက သုည ဒသမ ၆၂ လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ပျမ်းမျှ ငွေကြေး ဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့် တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ် မတ်တွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါ သက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှု ကျဆင်းပြီး စားသုံးသူ စျေးဆနှုန်းတိုးနှုန်း အရှိန်လျော့နည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၈၁ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်။















