စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်၌ NLD ပါတီက ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မှတ်ပုံတင်အတုပြုလုပ်မှု၊ ငွေငါးသောင်းကျပ်ပေး၍ မဲထည့်ခိုင်းမှု၊ ခရီးလွန်နေသူ ကိုယ်စားကြိုတင် မဲထည့်ပေးမှုစသည်များ ပြုလုပ်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာလ ၁၀ ရက်နေ့ရက်စွဲဖြင့် တိုင်ကြားလိုက်ကြောင်း လေရှီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှိသီး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါတိုင်ကြားစာထဲတွင် သတ်မှတ်ချိန်ကျော်လွန်မှရောက်သော ကြိုတင်မဲများလက်ခံခြင်း၊ ကုံကိုင်လုံရွာမမဲရုံတွင် ဆန္ဒမဲပေးနိုင်ရန် မှတ်ပုံတင်များ အတုပြုလုပ်မဲထည့်စေမှု၊ ဖွန်သရက်ကျေးရွာတွင် မသမာနည်းလမ်းဖြင့် ငွေငါးသောင်းကျပ်ပေး၍ NLDပါတီတွင် မဲထည့်စေမှုစသည့်အချက်များနှင့် တိုင်ကြားထားကြောင်း ၎င်းက ပြောကြားသည်။
“ပြီးတော့ ပန်းဆပ်ကျေးရွာမှာ ခရီးလွန်နေသူကိုယ်စား ကြိုတင်မဲထည့်ပေးမှု၊ ဆွမ္မရာအမှတ်- ၁ မဲရုံ USDP နှစ်ဆယ့်လေးမဲအပေါ် UEC တံဆိပ်တုံး မှင်အနည်းငယ်စွန်းထင်နေတာကို ပယ်မဲအဖြစ်သတ်မှတ်မှု၊ တိုင်း (၂) နယ်မြေမှာ ဆန္ဒမဲမပေးနိုင်ရန် ရည်ရွယ်ပြီး မဟုတ်မမှန် စာဖြန့်ဝေမှု၊ NLD ပါတီကို မဲထည့်ရင် ဆိုလာနဲ့ မီးရမယ့်အကြောင်း ကုံကိုင်လုံရွာမမှာ စည်းရုံမှု စတာတွေနဲ့ တိုင်ထားပါတယ်” ဟု လေရှီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးရှိသီးက ပြောကြားသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ ကျေနပ်မှုမရှိပါက ရဲအရေးပိုင်သည့်ကိစ္စဖြစ်သောကြောင့် ရဲစခန်း၌သာ တိုင်ကြားရန် ပြောကြားထားကြောင်း၊ ပယ်မဲ ခိုင်လုံမဲ ကိစ္စရပ်များကို မဲရုံးမှုးက ဆုံးဖြတ်ကြောင်း၊ မဲရုံးမှုးဆုံးဖြတ်သည့် ကာလအတွင်း မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်က ကန့်ကွက်ပိုင်ခွင့်ရှိကြောင်း ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း ကြေငြာအပြီး ၄၅ ရက်အတွင်း သက်သေအထောက်အထား ခိုင်လုံစွာဖြင့် UEC ထံ ငွေကျပ်ငါးသိန်းပေးကာ ခုံရုံတွင် တိုင်ကြားခွင့်ရှိကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှုး ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။
“ကျွန်မတို့ကတော့ အဲဒီကိစ္စနဲ့ပက်သက်ပြီးတော့ သူတို့ မကျေနပ်ဘူးဆိုရင် ရဲအရေးပိုင်မှုဆိုတော့ ရဲစခန်းကိုပဲ တိုင်ရမယ်လို့ ပြောထားပါတယ်ရှင့်။ မဲရုံးမှာဖြစ်တဲ့ဥစ္စာဆိုတော့ မဲရုံးမှုးကပဲ ပယ်မဲ ခိုင်လုံမဲ ကိစ္စတွေကို မဲရုံးမှုးကပဲ ဆုံးဖြတ်တယ်။ မဲရုံးမှုးဆုံးဖြတ်တဲ့ကာလအတွင်းမှာ မဲရုံကိုယ်စားလှယ် အကူကိုယ်စားလှယ်က ကန့်ကွက်ပိုင်ခွင့်ရှိတယ်လေ။ နောက်ပြီးတော့ မဲမသမာမှုတွေကိုလည်း သူတို့ဆီမှာ သက်သေအခိုင်အလုံ ရှိတယ်ဆိုရင် ရဲစခန်းမှာ သူတို့က အမှုဖွင့်ပိုင်ခွင့်ရှိတယ်လေ။ အဲလိုမျိုးတော့ စာအကြောင်းပြန်ထားပါတယ်။ မဲမသမာမှုတွေ လုပ်တယ်ဆိုရင်လည်း သူတို့အနေနဲ့ တိုင်တယ်ဆိုရင် ခုံရုံးမှာပဲ တိုင်ရမှာပါရှင့်။ ကျွန်မတို့အနေနဲ့ကတော့ ဘာမှလုပ်လို့မရတော့ပါဘူးရှင့်။ ဘာဖြစ်လို့လည်းဆိုတော့ မဲရုံးမှုးက ချိတ်ပိတ်ထားတဲ့ မဲပုံးကို တိုင်းကလည်း ဖွင့်ပိုင်ခွင့်မရှိဘူး။ ကျွန်မတို့လည်း ဖွင့်ပိုင်ခွင့်မရှိလို့ပါရှင့်။ ရွေးကောက်ပွဲဥပဒေအရ ဒီကိစ္စကို ကျွန်မတို့အနေနဲ့ ဘာမှလုပ်ပိုင်ခွင့်မရှိဘူး” ဟု နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှုး ဒေါ်သန်းသန်းဝင်းက ပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီ၏ တိုင်ကြားမှုနှင့် ပတ်သက်၍ လေရှီးမြို့နယ် NLD ပါတီမှ လက်ရှိတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးရိထင် “သူတို့တင်တော့ တင်ထားတာပါပဲ။ သူတို့ကို ပြန်ပြီးတော့ စွပ်စွဲရမှာ အများကြီးပဲ။ ကျွန်တော်တို့ဆီမှာလည်း သက်သေအထောက်အထားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ ပါတီနဲ့ တိုင်ပင်ကြည့်အုံးမယ်။ ဒီအချိန်ကတော့ ဘာမှမပြောချင်သေးဘူး” ဟု ပြောကြားသည်။
နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကလေးဝမြို့နယ် မဲဆန္ဒနယ်မြေအမှတ် (၂) နေရာအပါအဝင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မဲဆန္ဒနယ်မြေအမှတ် (၁) နေရာနှင့် ပြည်သူ့လွှတ်တော်နေရာတို့ကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။















