၂၀၂၀ အထွေထွေရွေးကောက်ပွဲကို တရားမမျှတဟု သက်သေအထောက်အထား ရှိပါက ကန့်ကွက်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
လက်ရှိကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍မျှတသော ရွေးကောက်ပွဲ မဖြစ်သည့်အပြင် အငြင်းပွားဖွယ်ရာများရှိနေကြောင်း နိုင်ငံရေးပါတီအချို့၏ မှတ်ချက်များအပေါ် ဒေါက်တာမျိုးညွန့်က ပြန်လည်တုံ့ပြန်ခြင်းဖြစ်သည်။
“ဒါကတော့ သူတို့ရဲ့အမြင်ပေါ့လေ။ သူတို့မှာရွေးကောက်ပွဲတရားမမျှတကြောင်း သက်သေအထောက်အထားရှိရင် ကန့်ကွက်နိုင်ပါတယ်။ ကန့်ကွက်ရင်တော့ ကျွန်တော်တို့ ဥပဒေကြောင်းအရ ရှင်းလင်းပါမယ်” ဟု NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
လက်ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင် ရေတွက်ပြီးစီးခဲ့သောမဲရလဒ်များအရ NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ထက် ကျော်လွန်သောပမဏာကိုရရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ ကောက်ခံရရှိတဲ့ စာရင်းတွေအရတော့ လွတ်လွတ်ကျွတ်ကျွတ်ဖွဲ့စည်းနိုင်တဲ့ အနေအထားရောက်ပြီလို့ ပြောလို့ရပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတည်ပြုပြီးမှသာစိတ်ချရမည်ဟု ၎င်းက ဆိုသည်။
“အဓိကကတော့ မဲရုံတစ်ခုချင်းမှာရတဲ့ မဲစာရင်းပေါ့။ ဘယ်ပါတီကဘယ်လောက်ရတယ်ဆိုတဲ့ ပုံစံ (၁၆) တွေ စုလိုက်တယ်။ စုပြီးတော့ ကျွန်တော်တို့ပါတီရတာ၊ ပြိုင်ဘက်ပါတီတွေ ရတာကိုပေါင်းတယ်။ ကျွန်တော်တို့ ပါတီကရတဲ့ မဲက မဲဆန္ဒရှင် စုစုပေါင်း တစ်ဝက်ကျော်သွားပြီဆိုရင်တော့ နိုင်တယ်လို့ ကြိုသတ်မှတ်ထားတာပေါ့” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။
ပြည်ထောင်စုအစိုးရဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၂၂ နေရာ အနည်းဆုံးအနိုင်ရရှိရန် လိုအပ်ပြီး နိုဝင်ဘာ ၁၀ ရက်နံနက်ပိုင်းအထိပါတီတွင်း အစီရင်ခံစာများအရ ၃၉၉ နေရာအနိုင်ရရှိ လျက်ရှိသည်ဟု ၎င်းက ပြောကြားချက်အရ သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်က မဲဆန္ဒနယ်အချို့၏ ရွေးကောက်ပွဲရလဒ်များကိုသာ အတည်ပြု ကြေညာလျက်ရှိသော်လည်း ကြေညာသည့် မဲဆန္ဒနယ်အများစု၏ အနိုင်ရပါတီ ကိုယ်စားလှယ်လောင်းမှာ NLD ပါတီမှ ဖြစ်သည်။
ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးနှင့် မဲပေးသည့်ကိစ္စများတွင် မသမာမှုများကို ကြုံတွေ့၊ ကြားသိနေရ၍ ပေါ်ထွက်လာသည့် ရွေးကောက်ပွဲရလဒ်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟု လက်ခံယုံကြည်မှုမရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။
NDF ပါတီက ရွေးကောက်ပွဲမသာမာမှု ဟုယူဆသောအချက် ၁၇ ချက်ပါအကြောင်း အရာများကို ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
ထို့ပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကလည်း လက်ရှိတွင် မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးသော်လည်း အငြင်းပွားဖွယ်ရာ အထောက်အထားများ ထွက်ပေါ်နေသည့်အတွက် မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်ရန် ဥပဒေနှင့်အညီ က်လက် ကြိုးပမ်းလျက်ရှိကြောင်း ပါတီ Facebook စာမျက်နှာမှတစ်ဆင့် နိုဝင်ဘာ ၁၀ ရက်တွင် ပြောကြားသည်။
နိုဝင်ဘာ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် ကြီးမားထူးခြားသော ပြဿနာတစ်စုံတစ်ရာမရှိဘဲ အသေးအဖွဲ ပြဿနာတချို့ကိုသာ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရပြီး ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟုသုံးသပ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက နိုင်ငံပိုင်မီဒီယာ မြန်မာ့ရုပ်မြင်သံကြားနှင့် တွေ့ဆုံစဉ် ပြောကြားသည်။















