မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားဖွယ်ရာ အထောက်အထားများ ထွက်ပေါ်နေသဖြင့် မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်ရန် ဥပဒေနှင့်အညီ  ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား

မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားဖွယ်ရာ အထောက်အထားများ ထွက်ပေါ်နေသဖြင့် မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်ရန် ဥပဒေနှင့်အညီ  ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ပြောကြား
Published 10 November 2020
ပြည့်ဖြိုးအောင်

မဲပေးခြင်းလုပ်ငန်းစဉ် ပြီးဆုံးခဲ့သော်လည်း အငြင်းပွားဖွယ်ရာအထောက်အထားများ ထွက်ပေါ်နေသဖြင့် မျှတသည့် ရွေးကောက်ပွဲအဖြေဖြစ်ရန် ဥပဒေနှင့်အညီ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ဦးဆောင်ကျင်းပပေးခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက နိုဝင်ဘာ ၁၀ ရက်တွင်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ယင်းသို့ ထည့်သွင်းပြောကြာခဲ့ခြင်းဖြစ်သည်။

“မဲပေးခြင်းလုပ်ငန်းစဉ်တွေ ပြီးဆုံးသွားတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးဟာ ဥပဒေနဲ့အညီ ဖြစ်သလား မဖြစ်ဘူးလား။ အငြင်းပွားဖွယ်ရာ မြောက်မြားစွာ ရှိခဲ့တယ်။ ရှိနေဆဲ ဆက်ပြီးတော့လည်း အထောက်အထားတွေ ထွက်ပေါ်နေဆဲဖြစ်တဲ့ ဒီခရီးဟာ မပြီးသေးနိုင်တဲ့၊ မဆုံးနိုင်သေးတဲ့ ခရီးရှည်ကြီးဖြစ်မယ်လို့ တင်ပြချင် ပါတယ်။ ဒါကြောင့်မို့လို့ ဥပဒေနဲ့အညီဖြစ်တဲ့ မျှတတဲ့ ရွေးကောက်ပွဲအဖြေဖြစ်အောင် ဥပဒေနဲ့အညီ ဆက်ပြီးတော့ ကြိုးစားသွားမှာဖြစ်ပါတယ်”­ ဟု ဦးသန်းဌေးက ပြောကြားသည်။

မဲပေးခြင်းလုပ်ငန်းဆိုသည့် ပြည်တွင်း၊ပြည်ပ ကြိုတင်မဲများနှင့် နိုဝင်ဘာ ၈ ရက်အထိ သက်ဆိုင်ရာမဲရုံများ၌  မဲပေးခြင်းမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း၊ မဲရေတွက်ခြင်းနှင့် အနိုင်ရကိုယ်စားလှယ်များ၊ ရှုံးနိမ့်သည့် ကိုယ်စားလှယ်များ ကြေညာခြင်းမပြီးသေးဘဲ အငြင်းပွားဖွယ်ရာများလည်း ဆက်လက်ဖြစ်ပေါ်နေပြီး လက်ရှိရလဒ်သည် အပြီးအပြတ် မဟုတ်သေးကြောင်း ဦးသန်းဌေးက ပြောကြားသည်။

“တကယ်တော့ ယခုရွေးကောက်ပွဲကို ဦးဆောင်ပြီးတော့ ကျင်းပတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စတင်ပြီးတော့ ရပ်ကျေးအဆင့်ကနေ စပြီးဖွဲ့စည်းကတည်းက အငြင်းပွားဖွယ်ရာမြောက်မြားစွာနဲ့ စခဲ့ပြီးတော့ သက်တမ်းတစ်လျှောက်လုံးမှာလည်းပဲ ကြီးမှူးကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ အဲဒီအပေါ်မှာ ဖြစ်လာတဲ့ အငြင်းပွားမှုအပေါ်မှာ အဆုံးအဖြတ်တွေ နောက်တောက်လျှောက် ၂၀၂၀ ရွေးကောက်ပွဲကို ဦးတည်ပြင် ဆင်လာတဲ့ ညွှန်ကြားချက်တွေ၊ အဲဒီနေရာတွေမှာ ဥပဒေနဲ့ ညီခြင်းမညီခြင်း၊ နောက်တစ်ခါက သက်ဆိုင်ရာပါတီများ၊ သို့မဟုတ်လည်း သက်ဆိုင်တဲ့ Stakeholder လိုက်လံ ဖော်ဆောင်ရမယ့် လုပ်ကိုင်ရမယ့်အပိုင်းတွေမှာ အဆင်ပြေမှုရှိခြင်း မရှိခြင်း၊ အဆင်ပြေမှုဆိုတာ  လုံလောက်တဲ့အချိန်ရခြင်း၊ မရခြင်း စသည်အားဖြင့် အငြင်းပွားဖွယ်ရာ မြောက်မြားစွာ အခုအထိရှိနေဆဲ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်းပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ဆိုင်ရာပါတီဝင်တွေက ပေးပို့ထားတဲ့ စာတွေ၊ အထောက်အထားတွေ ၊အိတ်ပိတ်ပေးတာတွေရော၊ အိတ်ဖွင့်ပေးတာတွေရော၊ တောင်းဆိုတာတွေရော ဒါတွေဟာ သက်သေသက္ကာယနဲ့ ရှိနေဆဲဖြစ်ပါတယ်။ ဒီပေးပို့မှုတွေ၊ တောင်းဆိုမှုတွေ၊ ဥပဒေနဲ့မညီကြောင်း ထောက်ပြမှုတွေ အပေါ်မှာ တစ်စုံတစ်ရာ ပြန်လည်ဖြေရှင်းခြင်း၊ ဆောင်ရွက်ခြင်းမရှိဘဲနဲ့ ဒီရွေးကောက်ပွဲကို ဆောင်ရွက်သွားတာပါ” ဟု ဦးသန်းဌေးက ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စများ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်သဖြင့်် ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ဥပဒေနှင့်အညီဖြစ်စေရန် အထောက်အထားများနှင့် အပြီးသတ် အဖြေရသည်အထိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ခြင်းကာလ၊ ရွေးကောက်ပွဲကာလ ကိုယ်တိုင်မဲပေးပြီး ထောက်ခံခြင်းများအပါအဝင် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံခဲ့ကြသည့် ပြည်သူလူထုဝန်းရံအား အထူးလိုအပ်ကြောင်း ဦးသန်းဌေးက ပြောကြားသည်။

“ဥပဒေပြင်ပရောက်ဖြစ်တဲ့ ကိစ္စအားလုံးကို  ဥပဒေနဲ့အညီဖြစ်အောင် ကျွန်တော်တို့ ဆက်ပြီးတော့ ကြိုးစားရပါဦးမယ်။ ကြိုးလည်း ကြိုးစားနေပါတယ်။ အဲဒါကြောင့် ဒီကနေ့အထိ ဖြစ်နေတဲ့ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ဖြစ်စဉ်ကြီးတစ်လုံးမှာ မိမိတို့ ရရှိထားတဲ့ တရားမဲ့ပြုကျင့်မှု အထောက်အထားအားလုံးကို ကိုယ်သိတာကို ကိုယ့်ဆီမှာပဲ သိမ်းမထားဘဲနဲ့ သက်ဆိုင်ရာနယ်မြေများရှိတဲ့ ကျွန်တော်တို့ရဲ့ ပါတီရုံးတွေ၊ နောက်တစ်ခါ ကိုယ်စားလှယ်လောင်းတွေဆီကို အထောက်အထားတွေ၊ သက်သေခံချက်တွေကို ပို့ဖြစ်အောင် ပို့ပေးပါလို့ အထူးပဲအနူးအညွတ်မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ ထောက်ခံတဲ့ ပြည်သူလူထုလိုချင်တဲ့ ရလဒ်ဖြစ်အောင် ကျွန်တော်တို့ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်” ဟု ဦးသန်းဌေးက ပြောကြားသည်။

လက်ရှိတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အနိုင်ကိုယ်စားလှယ်လောင်းများ၏ မဲရလဒ်ရေတွက်ခြင်းများ ဆောင်ရွက်နေဆဲဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ဝင်ရောက်ယှဉ်ပြိုင်သည့် ဇေယျာသီရိမြို့နယ်ပြည်သူ့လွှတ်တော်နေရာတွင် ဦးသန်းဌေးက အနိုင်ရရှိထားကြောင်း သိရသည်။                                   

 

Most Read

Most Recent