၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်လဆက်တိုက် ပြန်လည်ကျဆင်းလာ

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ခုနစ်လဆက်တိုက် ပြန်လည်ကျဆင်းလာ
ကုန်စိမ်းရောင်းချသူထံမှ ဟင်းသီးဟင်းရွက်ဝယ်ယူနေသော စျေးဝယ်သူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ကုန်စိမ်းရောင်းချသူထံမှ ဟင်းသီးဟင်းရွက်ဝယ်ယူနေသော စျေးဝယ်သူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 November 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခုနစ်လဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်၊ စက်တင်ဘာ (ခုနစ်လဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၅ ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၁၁ ဒသမ ၂၃ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက် ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၂ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ပြီး  အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် စက်တင်ဘာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ) တစ်နှစ်တာကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ စက်တင်ဘာလတွင် ၂ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၈၁ ရာခိုင်နှုန်း ရှိ၍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၆၂ လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါသက်ရောက်မှုကြောင့် ပြည်သူများသုံးစွဲမှုကျဆင်းပြီး စားသုံးသူစျေးဆနှုန်းတိုးနှုန်းအရှိန် လျော့နည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၅ ဒသမ ၈၁ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၉ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ပြည်ထောင်စုနည်မြေတွင် ၇ ဒသမ ၄၈ ရာခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံးအသီသီး ဖြစ်ပေါ်ခဲ့သည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြည်ထောင်စုနယ်မြေတွင် ၅ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် - ၂ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံးဖြစ်ပေါ်ခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေး ယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏ တန်ဖိုးကို လျော့ကျစေခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်း အညွှန်းတစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်းအပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI- Comsumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။

Most Read

Most Recent