ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်းအစိုးရအဆင့် ဖွဲ့စည်းထားသည့်ကော်မတီများတွင် ဂျပန်နိုင်ငံမှ ပါဝင်လိုကြောင်းနှင့် မြန်မာနှင့် ထိုင်းအစိုးရထံ တရားဝင်အဆိုပြုမှုရရှိထားကြောင်း သိရ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်းအစိုးရအဆင့် ဖွဲ့စည်းထားသည့်ကော်မတီများတွင် ဂျပန်နိုင်ငံမှ ပါဝင်လိုကြောင်းနှင့် မြန်မာနှင့် ထိုင်းအစိုးရထံ တရားဝင်အဆိုပြုမှုရရှိထားကြောင်း သိရ
မြန်မာ-ဂျပန်-ထိုင်း သုံးနိုင်ငံ Working Level အစည်းအဝေးကို တွေ့ရစဉ် (Photo: Dawei SEZ)
မြန်မာ-ဂျပန်-ထိုင်း သုံးနိုင်ငံ Working Level အစည်းအဝေးကို တွေ့ရစဉ် (Photo: Dawei SEZ)
Published 8 November 2020
နီလာ

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း အစိုးရအဆင့်အနေဖြင့် ဖွဲ့စည်းထားသည့် ကော်မတီများ၌ ဂျပန်နိုင်ငံမှ ပါဝင်လိုကြောင်းနှင့် မြန်မာနှင့် ထိုင်းအစိုးရထံ တရားဝင် အဆိုပြုမှုလက်ခံရရှိပြီးဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီသည် နိုဝင်ဘာ ၅ ရက်က မြန်မာ-ဂျပန်-ထိုင်း သုံးနိုင်ငံ Working Level အစည်းအဝေး ကျင်းပရာခဲ့တွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ-ထိုင်း အစိုးရအဆင့်အနေဖြင့် ဖွဲ့စည်းထားသည့် (Joint Coordination Committee-JCC), (Joint High Level Committee-JHC) တွင် ဂျပန်နိုင်ငံမှ ပါဝင်လိုကြောင်းနှင့် မြန်မာနှင့် ထိုင်းအစိုးရထံ တရားဝင်အဆိုပြုမှု လက်ခံရရှိပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာအစိုးရများ၏ သဘောထားမေးမြန်းမှုအပေါ် များစွာကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံက အပြုသဘောဆောင်သည့် ပြန်ကြားချက်ကို ပြန်ကြားသွားမည်ဖြစ်ကြောင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အောင်မြင်ရေးအတွက် သုံးနိုင်ငံ အမြန်ဆုံးပူးပေါင်းဆောင်ရွက်နိုင်ရေး လိုအပ်သည့်အဆင့်များအား မိမိတို့နိုင်ငံအလိုက်နှင့် ဂျပန်နိုင်ငံက အဆိုပြုထားသည့် နည်းပညာအကူအညီလုပ်ငန်းများကို ထိုင်း -ဂျပန်-မြန်မာ သုံးနိုင်ငံမှ ကိုယ်စားလှယ်များ စတင်ဆွေးနွေး ဆောင်ရွက်နိုင်ရေး အရေးကြီးသောအဆင့်ကို ပူးပေါင်းမှုဖြင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး တင်ပြအတည်ပြုချက်ရယူကာ အမြန်ဆုံးပြီးမြောက်အောင် ဆောင်ရွက်သွားရန် ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်းများအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်မည်ဖြစ်ပြီး COVID-19 ကာလအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်ဆိုင်ရာ စီမံကိန်းများတွင်  ရင်းနှီးမြှုပ်နှံသူလိုသူများမှာ လူကိုယ်တိုင် လာရောက်ဆွေးနွေးမှုများနှင့် အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် နောင်တွင်မြေငှားရမ်း၍ လာရောက်ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများကြောင့် ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအတွက် ငွေလုံးငွေရင်းအရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ-ထိုင်းကုမ္ပ ဏီထံမှရရှိပြီးသည်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အီတာလျံ-ထိုင်း ကုမ္ပဏီသို့ စီမံကိန်းစတင်ဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းကို မကြာမီကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။

Most Read

Most Recent