ONE Championship နှင့် လက်တွဲထားသည့် မြန်မာ MMA ကစားသမား ချင်းတိုင်းရင်းသား ထီရယ်လ်ထန်က တတိယမြောက်ပွဲကို မကြာမီ ထိုးသတ်ရတော့မည်ဖြစ်ကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။

ထီရယ်လ်ထန်သည် ၂၀၁၄ ခုနှစ်မှစတင်ကာ MMA ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ONE Championship နှင့် လက်တွဲခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် ONE Championship နှင့်လက်တွဲပြီးနောက် နှစ်ပွဲသာ ထိုးသတ်ရသေးပြီး ၎င်း၏ရေးသားထားမှုအရ တတိယမြောက်ပွဲစဉ်ကို ယခုနှစ်အတွင်း ထိုးသတ်ရဖွယ်ရှိနေသည်။ ထီရယ်လ်ထန်သည် ONE Championship နှင့်လက်တွဲပြီးနောက် ၂၀၁၉ ခုနှစ် မတ်လတွင် ရန်ကုန်မြို့၌ တစ်ပွဲ၊ ဒီဇင်ဘာတွင် မလေးရှားနိုင်ငံ၌ တစ်ပွဲ ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

ထီရယ်လ်ထန်သည် မြန်မာနိုင်ငံ၌ ထိုးသတ်သည့်ပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်ကိုလည်းကောင်း၊ မလေးရှားနိုင်ငံ၌ ထိုးသတ်သည့်ပွဲတွင် တောင်ကိုရီးယားနိုင်ငံသား ကင်ဝန်ကွမ်ကိုလည်းကောင်း အနိုင်ရထားသည်။ ထီရယ်လ်ထန်သည် ONE Championship တွင် ထိုးသတ်သည့်နှစ်ပွဲစလုံး အနိုင်ရသည့် မှတ်တမ်းကောင်းပိုင်ဆိုင်ထားပြီး ယခုနှစ်အတွက် ပထမဆုံးပွဲစဉ် ထပ်မံထိုးသတ်ရဖွယ်ရှိနေခြင်းဖြစ်သည်။
ထီရယ်လ်ထန်သည် အမေရိကန်နိုင်ငံ၌ နေထိုင်သူဖြစ်ပြီး နာမည်ကြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့်အတူ ပူးတွဲလေ့ကျင့်လျက်ရှိသည်။ ထီရယ်လ်ထန်သည် အောင်လအန်ဆန်ထံမှ ပညာသင်ယူ၍ လေ့ကျင့်နေခြင်းဖြစ်ပြီး ကမ္ဘာ့ချန်ပီယံဖြစ်လာရန် ရည်မှန်းထားသူလည်းဖြစ်သည်။ ONE Championship သည် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ပြိုင်ပွဲငါးပွဲ ထပ်မံကျင်းပရန် စီစဉ်ထားပြီး ထီရယ်လ်ထန်အနေဖြင့် ယင်းပွဲများတွင် ပါဝင်ထိုးသတ်ရဖွယ်ရှိနေသည်။

ထီရယ်လ်ထန်သည် အမေရိကန်နိုင်ငံ၌ လေ့ကျင့်မှုများ စဉ်ဆက်မပြတ်ပြုလုပ်လျက်ရှိပြီး ပြိုင်ပွဲများထိုးသတ်ရန်အတွက် အမြဲတမ်း အဆင်သင့်ဖြစ်နေစေရန် ပြင်ဆင်ထားကြောင်း၊ အကောင်းဆုံး နပန်းနည်းပြနှင့်အတူ လာမည့်ပွဲများအတွက် ပြင်ဆင်နေကြောင်း၊ မကြာမီထိုးသတ်ရမည့် ပြိုင်ပွဲကိုလည်း ဆက်လက်အားပေးစေလိုကြောင်း ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထီရယ်လ်ထန်သည် ONE Championship နှင့်လက်တွဲပြီးနောက် ပထမဆုံးပွဲကို မြန်မာနိုင်ငံတွင် ထိုးသတ်ခဲ့ပြီး ယင်းပွဲမှသာ မြန်မာပရိသတ်များအနေဖြင့် ၎င်းကို သတိပြုမိခဲ့ခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် အောက်တိုဘာ ၃၀ ရက်က စင်ကာပူနိုင်ငံ၌ ကျင်းပသည့် Inside The Matrix ပြိုင်ပွဲတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သော အောင်လအန်ဆန်နှင့် မာတင်ငုယင်တို့ကို ကူညီပေးရန် လိုက်ပါခဲ့သလို တတိယမြောက်ပွဲထိုးသတ်ရန် အမေရိကန်၌ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။















