“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ”(ရန်ကုန်တိုင်းဒေသကြီး)

“၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ”(ရန်ကုန်တိုင်းဒေသကြီး)
Published 6 November 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့်  ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ် ဖော်ပြလိုက်ပါသည်။

အမည်  - ဒေါ်အောင်ဆန်းစုကြည်

အသက်          - ၇၅ နှစ်

ပညာအရည်အချင်း - M.A (Oxford)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ၏ ဥက္ကဋ္ဌတစ်ဦး ဖြစ်သည်။ လက်ရှိ အစိုးရအဖွဲ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီးအဖြစ် ပူးတွဲထမ်းဆောင်နေသူဖြစ်ပြီး ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်နိုင်ငံရေးသို့ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရောက်မှသာလျှင် လွှတ်တော်အတွင်း ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံးတွင် ကော့မှူးမြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။  ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ယင်းမဲဆန္ဒနယ်မြေ၌ပင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အနိုင်ရရှိရန် ရေပန်းအစားဆုံး ဖြစ်သည်။

အမည်  - ဦးဒေးဗစ်လှမြင့်

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း - B.Sc(Maths), DIR, DiL, DOS, DAPsy

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - UNDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဒေးဗစ်လှမြင့်သည် ကော့မှူးမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် NLD ပါတီ စတင် တည်ထောင်စဉ် ဧရာဝတီတိုင်း စည်းရုံးရေးကော်မတီဝင်အဖြစ် ပါဝင်ခဲ့ပြီး ၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ၁၉၉၃ တွင် ကျင်းပသည့် အမျိုးသားညီလာခံသို့ NLD ပါတီ မတက်ရောက်ရေး ဆန္ဒပြလှုပ်ရှားမှုကြောင့် ပါတီမှ ပထမအကြိမ် ထုတ်ပယ်ခံခဲ့ရသည်။ ၁၉၉၅ တွင် ပါတီသို့ ပြန်လည် ရောက်ရှိလာပြီး ၂၀၀၄ ခုနှစ်တွင် လွှတ်တော်ခေါ်ယူရေး လှုပ်ရှားမှုကြောင့် ထပ်မံ ထုတ်ပယ်ခံခဲ့ရသည်။

အမည်  - ဦးဝင်းမြင့်

အသက်          - ၆၈ နှစ်

ပညာအရည်အချင်း - B.Sc,H.G.P,R.L

လူမျိုး   - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝင်းမြင့်သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံ၏ သမ္မတလည်း ဖြစ်သည်။ NLD ပါတီတွင်လည်း ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် သမ္မတအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ အနိုင်ရရှိမည့်သူအဖြစ် ရေပန်းစားနေသူ ဖြစ်သည်။

အမည်  - ဦးကိုကိုကြီး

အသက်          - ၅၈ နှစ်

ပညာအရည်အချင်း - AGTI(E.P), H.G.P, B.A (IR)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးကိုကိုကြီးသည် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်ပြီး တောင်ဥက္ကလာပမြို့နယ်  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၈၈ အရေးတော်ပုံကြီးတွင် ဦးဆောင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် A.G.T.I အင်ဂျင်နီယာ၊ ၁၉၈၈ ခုနှစ်တွင် အထက်တန်းရှေ့နေ၊ ၂၀၁၇ ခုနှစ်တွင် B.A (နိုင်ငံတကာဆက်ဆံရေး) ဘွဲ့များ ရရှိခဲ့သည်။ ဦးကိုကိုကြီးအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီ ငါးခုမှ ကိုယ်စားလှယ်လောင်းများနှင့် အဓိကထား ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ကျောင်းသား ခေါင်းဆောင်ဟောင်း တစ်ဦးဖြစ်သည့်အပြင် နိုင်ငံရေးပုံရိပ် ကြီးမားသည့်အတွက် အနိုင်ရရှိရန် အလားအလာ ကောင်းများရှိနေသူဟု ခန့်မှန်းရသည်။

အမည်  - ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်

အသက်          - ၄၀ နှစ်

ပညာအရည်အချင်း - LL.B, DML, MPA (Thesis)

လူမျိုး - ဗမာ-ရခိုင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

 ဦးဝင်းမောင် (ခ) ဦးဦးဝင်းမောင်သည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် NLD ပါတီ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် လက်ရှိ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကျူးကျော်ကိစ္စများ၊ ဘတ်ဂျက်နှင့် စာရင်းစစ်ချုပ် အစီရင်ခံစာတို့ကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး တာဝန်ကိုလည်း ဆောင်ရွက်နေသူတစ်ဦး ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲ၌ ယင်းမဲဆန္ဒနယ်မြေတွင် ၎င်းအနေဖြင့် ပါတီ ကိုးခုမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးသိန်းဇော်ဦး

အသက်          - ၃၀ နှစ်

ပညာအရည်အချင်း - B.Sc (Chem)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

 ဦးသိန်းဇော်ဦးသည် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု၍ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တွင် အခြားပါတီ ခုနစ်ခုမှ ကိုယ်စားလှယ်လောင်းများလည်း ရှိသည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် လှိုင်သာယာ မဲဆန္ဒအဖြစ်သာရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် လှိုင်သာယာမြို့နယ်အား အရှေ့ခြမ်းနှင့် အနောက်ခြမ်း ခွဲလိုက်သောကြောင့် မဲဆန္ဒနယ်အသစ်တစ်ခု ဖြစ်လာသည့်အတွက် မည်သည့်ပါတီ ပိုမိုအားကောင်းသည်ကို ပြောရန်ခက်ခဲပြီး  အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် အလားအလာရှိကြောင်းလည်း သုံးသပ်ရသည်။

အမည်  - စောအဲလဘတ်ချို

အသက်          -  ၂၇ နှစ်

ပညာအရည်အချင်း - B.Th, M.DiV

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ- UNDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်  - တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

စောအဲလဘတ်ချိုသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီကို ကိုယ်စားပြုပြီး တိုက်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လူငယ် ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်သည်။ ၂၀၁၉ ခုနှစ် သြဂုတ် ၁၂ ရက်တွင် ကရင်အာဇာနည်နေ့ကို ဦးဆောင် ကျင်းပခဲ့သောကြောင့် ရန်ကုန်တိုင်းအစိုးရက  ငြိမ်း၊ စု၊ စီ ပုဒ်မ-၂၀ ဖြင့် တရားစွဲဆိုခံရပြီးနောက် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သူ တစ်ဦးဖြစ်သည်။ စောအဲလဘတ်ချို ယှဉ်ပြိုင်မည့် တိုက်ကြီးမဲဆန္ဒနယ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားပြီး  ပြည်ထောင်စု ကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယ မဲအများဆုံး ရရှိထားသည်။

အမည်  - ဦးလှစိုး

အသက်          - ၆၆ နှစ်

ပညာအရည်အချင်း - A.G.T.I (Electrical Power)

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးလှစိုးသည် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြုပြီး မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင် းတစ်ဦးဖြစ်သည်။ ၂၀၁၅ တွင် ယင်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားပြီး ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒုတိယ မဲအများဆုံး ရရှိထားသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီခြောက်ခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဦးလှစိုး အနေဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အဓိကထား ယှဉ်ပြိုင်ရဖွယ်ရှိကြောင်း သုံးသပ်ရသည်။

အမည်  - ဦးကျော်ကျော်ထွေး

အသက်          - ၅၄ နှစ်

ပညာအရည်အချင်း - ပထမနှစ် (အင်္ဂလိပ်စာအဓိက)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်.

ဦးကျော်ကျော်ထွေးသည် ၈၈၈၈ အရေးတော်ပုံတွင် ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။ ၂၀၀၅  နှစ်လယ်ပိုင်းတွင် အကျဉ်းထောင်အသီးသီးမှ ပြန်လည်လွတ် မြောက်လာသော ကျောင်းသား ခေါင်းဆောင်များ၏ လှုပ်ရှားမှု၌ ပါဝင်လှုပ်ရှားမှုကြောင့် ၂၀၀၇  သြဂုတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရကာ၂၀၁၂ ဇန်နဝါရီတွင် ပြန်လည် လွတ်မြောက်လာသည်။ လွတ်မြောက်လာပြီးနောက် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတွင်  ဥပဒေရေးရာ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် ပြည်သူ့ပါတီတွင် တွဲဖက် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်နေသူတစ်ဦး ဖြစ်သည်။

အမည်  - ဦးခင်ရီ

အသက်          - ၆၇ နှစ်

ပညာအရည်အချင်း - B.A (DSA), M.A (Defemu Study) , Ph.D (Candidate)

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးခင်ရီသည် USDP ပါတီ ကိုယ်စားပြုပြီး ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ တပ်မတော်တွင် ဗိုလ်မှူးချုပ်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲချုပ်အဖြစ် လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ မတ် ၃၀ ရက်မှ ၂၀၁၅ သြဂုတ် ၁၂ ရက်အထိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ပါတီလေးခု ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး နိုင်ငံ့အရေး ဦးဆောင်သူများ ပါဝင်သည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည့်အတွက် စောင့်ကြည့်ရမည့် မဲဆန္ဒနယ် တစ်ခုဖြစ်သည်။

အမည်  - ဒေါက်တာမိုးမိုးသီ

အသက်          - ၅၄ နှစ်

ပညာအရည်အချင်း - B.D.S (YGN)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - UNDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာမိုးမိုးသီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၏ အထွေထွေအတွင်းရေးမှူး တစ်ဦးလည်း ဖြစ်သည်။ ယခုကျင်းပမည့် ရွေးကောက်ပွဲ၌ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးလည်း ဖြစ်သည်။ ၎င်းသည် ၁၉၈၈ လူထု အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဖွဲ့စည်းရေးတွင် ပါဝင်ခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၅ လက်ပံတန်းပညာရေးလှုပ်ရှားမှုသပိတ်၊ ၂၀၁၇ အခြေခံဥပဒေ ဖျက်သိမ်းရေးအဖွဲ့ အတွင်းရေးမှူးတာဝန်နှင့် မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေးကော်မတီအဖွဲ့ တာဝန်များကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အမည်  - ဦးခင်မောင်စိုး

အသက်          - ၆၉ နှစ်

ပညာအရည်အချင်း - B.Sc (Psy)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးခင်မောင်စိုးသည် ပြည်ထောင်စုကြ့့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၎င်းသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ပေးအပ် ခံခဲ့ရသူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီက ခိုင်လုံမဲ အများဆုံးဖြင့် အနိုင်ရရှိခဲ့ပြီး USDP ပါတီက ဒုတိယ မဲအများဆုံး ရရှိထားသည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် အဆိုပါမဲဆန္ဒနယ်၌ ပါတီ သုံးခုသာ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သော်လည်း NLD ပါတီနှင့် USDP ပါတီတို့သာ အကြိတ်အနယ် ယှဉ်ပြိုင်ရနိုင်မည်ဟု သုံးသပ်ရသည်။

အမည်  - ဦးဖေချစ်

အသက်          - ၇၁ နှစ်

ပညာအရည်အချင်း - B.A (Geography)

လူမျိုး - မွန်-ကရင်

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဖေချစ်သည် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြုပြီး မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၉) မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးလည်း ဖြစ်သည်။ NLD ပါတီမှ နုတ်ထွက်ပြီးနောက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရပ်တည်ခဲ့ပြီး လက်ရှိရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

အမည်  - ဦးဌေး

အသက်          - ၆၈ နှစ်

ပညာအရည်အချင်း - B.A, RL

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဌေးသည် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်  ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ၈၈ အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်ခဲ့ပြီး ဒေးဒရဲမြို့နယ် သပိတ်ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ခုနှစ်တွင် လယ်သမားအမှု လိုက်ပါဆောင်ရွက်မှုကြောင့် ပုဒ်မ ၅(ည) ဖြင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံရပြီး ၁၉၉၈ ခုနှစ်တွင် လွတ်မြောက်ခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ အလုပ်သမားအရေး ဆောင်ရွက်သူများ ကွန်ယက်ကိုဖွဲ့စည်းခဲ့ပြီး ၂၀၁၄ မှ ၂၀၁ရအထိ မြန်မာနိုင်ငံ ခုံသမာဓိကောင်စီတွင် အလုပ်သမား ကိုယ်စားလှယ်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

အမည်  - ဒေါ်စုစုလှိုင်

အသက်          -  ၅၂ နှစ်

ပညာအရည်အချင်း - B.A (Geo)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်စုစုလှိုင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။ ဒေါ်စုစုလှိုင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး (ငြိမ်း) လည်းဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားပြီး USDP ပါတီက ဒုတိယ မဲအများဆုံး ရရှိထားသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီ လေးခု ယှဉ်ပြိုင်မည်ဖြစ်ပြီး NLD ပါတီနှင့် USDP ပါတီတို့ ယှဉ်ပြိုင်မှု ပြင်းထန်နိုင်သည်။

အမည်  - ဒေါက်တာမျိုးအောင်

အသက်          - ၆၉ နှစ်

ပညာအရည်အချင်း - M.B.B.S

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာမျိုးအောင်သည် NLD ပါတီကိုယ်စားပြုပြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် မြို့တော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တွင် ပါတီ ခုနစ်ခု ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေါက်တာမျိုးအောင်မှာ အနိုင်ရရှိရန် ရေပန်းစားနေသည်။

အမည်  - ဦးအောင်ဇင်

အသက်          - ၆၂ နှစ်

ပညာအရည်အချင်း - B.A (မြန်မာစာ)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအင်အားစုပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -  ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးအောင်ဇင်သည် အမျိုးသားဒီမိုကရေစီအင်အားစုပါတီကို ကိုယ်စားပြုပြီး ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် NDF ပါတီ၏ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်သည်။ ဦးအောင်ဇင်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်ပြီး ပုဇွန်တောင်မြို့နယ်တွင် ဒုတိယအကြိမ် ထပ်မံယှဉ်ပြိုင်ခြင်း ဖြစ်သည်။၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD က အနိုင်ရရှိထားသော်လည်း ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်သည့် ဦးအောင်ဇင် ပြန်လည် ယှဉ်ပြိုင်မည် ဖြစ်သည့်အတွက် စောင့်ကြည့်သင့်သည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။

အမည်  -  ဒေါ်ဖြူဖြူသင်း

အသက်          - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc (History)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ    

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် NLD ပါတီ ကိုယ်စားပြုပြီး ဒေါ်ဖြူဖြူသင်းက ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှစ၍ ခုခံအားကျဆင်းမှုရောဂါ ကာကွယ်တားဆီးရေးနှင့် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းကို ယနေ့အထိ လုပ်ကိုင်နေသူ တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနှင့်၂၀၁၅ ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၌ပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရရှိခဲ့သူ ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီ ငါးခု ယှဉ်ပြိုင်မည် ဖြစ်သော်လည်း လက်ရှိ ကိုယ်စားလှယ် ဖြစ်သည့်အပြင် ပရဟိတကလုပ်ငန်း လုပ်ကိုင်နေသူ ၎င်းအနေဖြင့် ထပ်မံအနိုင်ရရှိရန် ရေပန်းစားနေသည်။

အမည်  -  ဦးသိန်းညွန့်

အသက်          - ၇၅ နှစ်

ပညာအရည်အချင်း - B.A, RL, HGP, သတင်းစာသင်တန်းအောင်

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးသိန်းညွန့်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး ပါတီထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။ ဦးသိန်းညွန့်အနေဖြင့် ပထမအကြိမ် လွှတ်တော်တွင် ပြည်ပရောက် မြန်မာအလုပ်သမားကိစ္စများ၊ ပုဒ်မ ၅ (ည) အား ဖျက်သိမ်းရန်အဆို၊ သက်ငယ်မုဒိန်းမှုများကို သေဒဏ်ပေးရေး ဥပဒေကြမ်းတင်သွင်းမှုများကို ပြုလုပ်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် သင်္ဃန်ကျွန်းမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း တတိယ မဲအများဆုံးသာ ရရှိခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ဦးသိန်းညွန့် အနေဖြင့် အင်အားကြီး ပါတီများနှင့် ထပ်မံယှဉ်ပြိုင်ရမည့်အတွက် စောင့်ကြည့်ရမည် ဖြစ်သည်။

အမည်  -ဦးဝင်းထွန်းဇော် (ခ) သင်္ချာဇော်

အသက်  - ၄၇ နှစ်

ပညာအရည်အချင်း - B.A (Geography)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ -  ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒလမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးဝင်းထွန်းဇော် (ခ) သင်္ချာဇော်သည် ဒလမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ကျူရှင်ဆရာအဖြစ် လုပ်ကိုင်နေသူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ဦးဝင်းထွန်းဇော် (ခ) သင်္ချာဇော် အနေဖြင့် ယခုရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်သူ့ပါတီနှင့် ခေတ်သစ်ပြည်ထောင်စုပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဒေါ်စုစုလွင်

အသက်          - ၆၈ နှစ်

ပညာအရည်အချင်း - မဟာဝိဇ္ဇာ (အင်္ဂလိပ်)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်စုစုလွင်သည် ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် သုံးခွမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၏ ဇနီးလည်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် ရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနတွင် ကထိကရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၈၈ ခုနှစ် ဆရာသမဂ္ဂ (ရန်ကုန်တက္ကသိုလ်) နှင့် ပညာရေးသုတေသနဝန်ထမ်းသမဂ္ဂတို့တွင် ပါဝင်ခဲ့ပြီး ၁၉၉၀ မှ ၂၀၁၂ အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လိုလားသူအနေဖြင့် ပါတီ၏ နိုင်ငံရေးလုပ်ငန်းများတွင် ပါဝင်ကူညီခဲ့သူလည်း ဖြစ်သည်။

အမည်  - ဦးစိုးမိုးထွန်း

အသက်          - ၅၁ နှစ်

ပညာအရည်အချင်း - ဒဿမတန်း

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစိုးမိုးထွန်းသည် ကျောက်တံတားမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်သူ့ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ပြည်သူ့ပါတီသည် နိုင်ငံရေးဖြတ်သန်းမှု အားကောင်းသည့် ပုဂ္ဂိုလ်များ ထူထောင်သော ပါတီဖြစ်ပြီး ဦးစိုးမိုးထွန်းမှာလည်း ကျောင်းသားဘဝမှစ၍ ဒီမိုကရေစီ တောင်းဆိုလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ ဖြစ်ခြင်းကြောင့် နိုင်ငံရေးသမားတစ်ဦးအဖြစ် လူသိများသူ တစ်ဦးလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ယခုရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ လူ့ဘောင်သစ်ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးနေယံဦး

အသက်          - ၃၄ နှစ်

ပညာအရည်အချင်း - MPP, M.A (Political Science)

လူမျိုး - တရုတ်-ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

 ဦးနေယံဦးသည် ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံမဟာဘွဲ့နှင့် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ်မှ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့များ ရရှိထားသူလည်း ဖြစ်သည်။ ၎င်း၏ ရွေးကောက်ပွဲ ကတိကဝတ်များအနေဖြင့် အဝေးသင်စနစ်ကို  ဖျက်သိမ်းပြီး ကျောင်းသားများကို ပညာသင်စရိတ်များ ချေးငွေပေးနိုင်ရေး၊ မြို့နယ်တိုင်းအတွက် မြို့တော်ဝန်များကို ရွေးချယ်နိုင်ရေးနှင့် လွှတ်တော်အတွင်းမှ ငါးကြီးကြီးဖမ်းပြီး အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်မည်ဟု ကြွေးကြော်ထားသည်။

အမည်  -  ဒေါ်စန်းရတနာအောင်

အသက်          - ၃၃ နှစ်

ပညာအရည်အချင်း - Master of Business Administration

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်စန်းရတနာအောင်သည် စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ပါတီအသစ် တစ်ခုဖြစ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် လူငယ်ပညာတက် တစ်ဦးဖြစ်ပြီး UK, Thai, Singapore, Malaysia စသည့် နိုင်ငံများတွင် ကျောင်းတက်၊ အလုပ်လုပ်ကိုင်ခဲ့သူလည်း ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် အင်တိုက်အားတိုက် ဆောင်ရွက်နေသည့်  ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ၎င်း၏ယှဉ်ပြိုင်မှုက ယင်းမဲဆန္ဒနယ်ရှိ ပြည်သူများ၏ စိတ်ဝင်စားမှု ရှိနိုင်သည်ဟု ဆိုနိုင်သည်။ ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ USDP ပါတီ၊ UBP ပါတီနှင့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့ကို ယှဉ်ပြိုင်ရမည်။

အမည်  -  ဦးနန္ဒကျော်စွာ

အသက်          - ၇၀ နှစ်

ပညာအရည်အချင်း - B.Sc, Msc, HGP, RL, DMA, DEP, MBA, DLIS, MLIS, MIRes, DAF, DOS, DSW, DAE, MA, PhD

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးနန္ဒကျော်စွာသည် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်ကာ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေး ကော်ပိုရေးရှင်းတွင် လက်ထောက်ကထိက၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတွင် လက်ထောက်စီမံချက် မန်နေဂျာနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတွင် တရားရုံးချုပ်ရှေ့နေနှင့် အကျိုးဆောင်ဥပဒေအကြံပေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သည်။

အမည်  - ဒေါက်တာမာလာအောင်

အသက်          - ၆၁ နှစ်

ပညာအရည်အချင်း - Ph.D (Law), (Tohoku University Japan)

လူမျိုး/ဘာသာ -          ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

 ဒေါက်တာမာလာအောင်သည် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်ရမည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ဒေါက်တာ မာလာအောင်သည် ရန်ကုန် အဝေးသင်တက္ကသိုလ်တွင် ဒုတိယပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူထားသူလည်း ဖြစ်သည်။၎င်းသည် ပညာရေးနယ်ပယ်တွင် နှံစပ်ကျွမ်းကျင်သူ တစ်ဦးဟု ဆိုနိုင်ပြီး ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်ခြင်းက ယင်းမဲဆန္ဒနယ်ရှိ ပြည်သူများ၏ စိတ်ဝင်စားမှုကို ခံရနိုင်ကြောင်း ယူဆရသည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်။

အမည်  - ဦးစည်သူမောင်

အသက်          - ၃၃ နှစ်

ပညာအရည်အချင်း - Final Year B.Econs (Stats), YUE 2007 sep

လူမျိုး/ဘာသာ  - ဗမာ-ပထန် / အစ္စလာမ်

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးစည်သူမောင်သည် ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် NLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် လူငယ်ပိုင်း တစ်ဦးဖြစ်ပြီး Constitutional Federalism သင်တန်း နည်းပြတစ်ဦး ဖြစ်သည်။ ၎င်းသည် NLD ပါတီ လှိုင်မြို့နယ် ဆက်သွယ်ရေးတာဝန်ခံ ပါတီဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ၎င်းသည် ကျောင်းသားလှုပ်ရှားမှုများနှင့် ကျောင်းသားသမဂ္ဂများတွင် ပါဝင်လှုပ်ရှားသဖြင့် လူသိများသူလည်း ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ပန်းဘဲတန်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ UBP ပါတီနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အများစုမှာ လူငယ်ပိုင်း ကိုယ်စားလှယ်လောင်းများ ဖြစ်သည်။

အမည်  - ဒေါ်အိသဥ္ဇာမောင်

အသက်          - ၂၆ နှစ်

ပညာအရည်အချင်း - B.A (English)

လူမျိုး  -          ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ -  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်အိသဥ္ဇာမောင်သည်  ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ဒေါ်အိသဥ္ဇာမောင်သည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် ကျောင်းသားသပိတ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး လက်ပံတန်းမြို့နယ်၌ ကျောင်းသားသပိတ် ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးအကျဉ်းချခံရသူဖြစ်ပြီး လူသိများလာသူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် လူမှုတရားမျှတမှု၊ လူမှုဖူလှုံရေးနှင့် လူနည်းစု အခွင့်အရေးများသည် ဦးစားပေးနိုင်ငံရေး အစီအစဉ်ဖြစ်ကြောင်း ပြောကြားထားသည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် UBP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဒေါက်တာမေဝင်းမြင့်

အသက်          - ၇၀ နှစ်

ပညာအရည်အချင်း - M.B,R.S (RGN) ၁၉၇၆

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် 

ဒေါက်တာမေဝင်းမြင့်သည် ၂၀၁၂ ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၁၉၈၈ မှစ၍  NLD ပါတီတွင် ပါတီတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး  လက်ရှိတွင် ပါတီ၏  CEC တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် မရမ်းကုန်းလူငယ်အဖွဲ့ ဖွဲ့စည်းရေးကိစ္စဖြင့် ပုဒ်မ ၅ (ည) နှင့် ပုဒ်မ ၁၀ (က) တို့ဖြင့်  အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံခဲ့ရသည်။ ယခုရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ပါတီ ငါးခု ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းအနေဖြင့် ပြည်သူ့ရှေ့ဆောင်ပါတီ နှင့် ပြည်ခိုင်ဖြိုးပါတီတို့နှင့် အဓိက ယှဉ်ပြိုင်ရမည်ဟု သုံးသပ်ရသည်။

အမည်  - ဒေါက်တာသက်သက်ခိုင်

အသက်          - ၅၃ နှစ်

ပညာအရည်အချင်း - MBBS, MBA, PhD (Public Management & Leadership)

လူမျိုး/ဘာသာ  - ဗမာ  / ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာ သက်သက်ခိုင်သည် မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာကို NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် NLD ပါတီမှ နုတ်ထွက်ခဲ့ပြီးနောက် ပြည်သူ့ရှေ့ဆောင်ပါတီကို တည်ထောင်ပြီး ယင်းပါတီ၏ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် ပြည်သူများ၏ စိတ်ဝင်စားမှုကို ခံရသူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင်  NLD ပါတီ ကိုယ်စားလှယ်လောင်းနှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်မည်ဟု ယူဆရသည်။

အမည်  - ဒေါက်တာလွင်မာအောင်

အသက်          - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc (Phy), M.Sc (Eng,Phy) ,Ph.D (Physics)

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်   - လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါက်တာလွင်မာအောင်သည် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ပညာရေးနယ်ပယ်တွင် ကျယ်ကျယ် ပြန့်ပြန့် လေ့လာဆောင်ရွက်နေသူဖြစ်ပြီး ပညာရေး လိုအပ်ချက်ရှိသည့် နေရာများတွင် ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသောကြောင့် ဒေါက်တာလွင်မာအောင် အနေဖြင့် NLD ပါတီကို အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ တို့လည်း ယှဉ်ပြိုင်မည် ဖြစ်သည်။

အမည်  - ဦးခင်မောင်ရည် (ခ) ခိုင်မောင်ရည်

အသက်          - ၅၀ နှစ်

ပညာအရည်အချင်း - HID Business, Dip Jp, MBA, DBA Candidate IBAS

လူမျိုး - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တစ်ဦးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အလုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးခင်မောင်ရည် (ခ) ခိုင်မောင်ရည်သည် အလုံမြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် တစ်ဦးပုဂ္ဂလ ကိုယ်စားလောင်းအဖြစ် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် ပထမအကြိမ်လွှတ်တော်၏ အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်သည်။ ၎င်းသည် ၁၉၈၈ အရေးအခင်းတွင် ပါဝင်ပတ်သက်မှုများ၊ ဆောင်ရွက်ခဲ့မှုများအရ ပုဒ်မ ၅ (ည) ဖြင့် ပဲခူးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။ ထောင်မှလွတ်လာပြီးနောက် နိုင်ငံတကာစာပေများ သင်ယူခြင်း၊ ဂျပန်ဘာသာ စာပေယဉ်ကျေးမှုနှင့်  ရုပ်ရှင်ဗီဒီယို ရိုက်ကူးထုတ်လုပ် တည်းဖြတ်ပညာများ ဆည်းပူးသင်ယူလျက် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာတို့တွင် ဆောင်းပါး၊ အကျိုးပြုစာပေများ ရေးသားခဲ့သူဖြစ်သည်။

အမည်  -  ဒေါက်တာစန်းစန်းနွယ်

အသက်          -  ၅၂ နှစ်

ပညာအရည်အချင်း - B.A (Myan), Dip, D.B.AC, Dip Global English M.P.A, PhD (Administration)

လူမျိုးဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ခိုင်ဖြိုးပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂)

ဒေါက်တာစန်းစန်းနွယ်သည် ရန်ကုန်တုုိင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) နေရာ အတွက် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ပညာတတ် အမျိုးသမီးတစ်ဦး ဖြစ်သည့်အတွက် ယင်းမဲဆန္ဒနယ်တွင် ဒေသခံများ၏ စိတ်ဝင်စားမှု ရှိနိုင်သည်ဟု သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်အမှတ်(၂) (ယခင်အမှတ်-၉) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိထားသည်။ ယခု ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် NLD ပါတီကို အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ မြိုအမျိုးသားဒီမိုကရေစီပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးမျိုးဝင်း

အသက်          - ၆၀ နှစ်

ပညာအရည်အချင်း - B.Ecom (Eco)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၃)

ဦးမျိုးဝင်းသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃) နေရာတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ဦးမျိုးဝင်းသည် ပြည်သူ့လွှတ်တော်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ညွှန်ကြားရေးမှူးအဆင့်ဖြင့် အငြိမ်းစား ယူထားသူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ် အမှတ်(၃) (ယခင်အမှတ် -၁၀) တွင် ၂၀၁၅ ရွေးကောက်ပွဲက NLD ပါတီက အနိုင်ရရှိထားသည်။ သို့သော် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအသစ်များ ထွက်ပေါ်လာသည်နှင့်အမျှ အင်အားကြီး ပါတီသစ်ဖြစ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ဦးမျိုးဝင်းမှာ အလားအလာရှိသူဟု ဆိုနိုင်သည်။

အမည်  - ဦးအောင်ကျော်ထွန်းနိုင်ဦး

အသက်          - ၄၃ နှစ်

ပညာအရည်အချင်း -  ၁၀ တန်း

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၄)

ဦးအောင်ကျော်ထွန်းနိုင်ဦးသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) နေရာတွင် တစ်သီးပုဂ္ဂလအနေဖြင့် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် အလုပ်သမားအရေးများကို ဆောင်ရွက်နေသူဖြစ်ပြီး ယင်းမဲဆန္ဒနယ် အမှတ်(၄) အတွင်းရှိ  အလုပ်သမားများ၏ ထောက်ခံမှုနှင့် စိတ်ဝင်စားမှုကို ရရှိနိုင်သည့် အလားအလာရှိသည်။ ယင်းမဲဆန္ဒနယ်တွင် ၎င်းအနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဒေါက်တာမြတ်ဉာဏစိုး

အသက်          - ၄၅ နှစ်

ပညာအရည်အချင်း - B.D.S, F.I.C.D, F.I.C.C.D.E

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၅)

ဒေါက်တာမြတ်ဉာဏစိုးသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) တွင် NLD ပါတီ ကိုယ်စားပြုု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ ယှဉ်ပြိုင်အနိုင်ရရှိပြီး အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့ပြင်၂၀၁၅ တွင် NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်ပြီး အနိုင်ရရှိသဖြင့် ဒုတိယအကြိမ် လွှတ်တော်တွင်လည်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီတွဲဖက် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေသည်။

အမည်  - ဦးမျိုးသီဟထွန်း

အသက်          - ၄၃ နှစ်

ပညာအရည်အချင်း - Dip in Electronics, M.A (Q), PGDAP (Phil)

လူမျိုး/ဘာသာ  - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉)

ဦးမျိုးသီဟထွန်းသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၉) တွင် ပါတီအသစ်တစ်ခု ဖြစ်သည့် ပြည်သူ့ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး နိုင်ငံရေးနှင့် ဥပဒေရေးရာ လေ့လာသုံးသပ်သူ တစ်ဦးလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ် အမှတ်(၉) (ယခင် အမှတ်-၈) သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပါတီ ငါးခု ယှဉ်ပြိုင်ခဲ့ပြီး NLD ပါတီက အနိုင်ရရှိခဲ့သည်။ ယခု ရွေးကောက်ပွဲတွင် ဦးမျိုးသီဟအနေဖြင့် အင်အားကြီးပါတီ နှစ်ခုဖြစ်သည့် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်  - ဦးကျော်ဇေယျ

အသက်          - ၆၄ နှစ်

ပညာအရည်အချင်း - ဥပစာ ၀ိဇ္ဇာ၊ သိပ္ပံ

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ -          ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၁၁)

ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) နေရာအတွက် ပြည်သူ့ရှေ့ဆောင်ပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် တပ်မတော်အရာရှိ အငြိမ်းစား တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) နေရာတွင် NLD ပါတီကိုယ်စားပြုပြီး ယှဉ်ပြိုင် အနိုင်ရထားသည့် လက်ရှိလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။၎င်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လွှတ်တော်အတွင်း ဝေဖန်ထောက်ပြ ဆွေးနွေးလေ့ရှိသူဖြစ်၍ ပြည်သူများအကြား ထင်ရှားသည့် အမတ်လည်း ဖြစ်သည်။

Most Read

Most Recent