အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် SME ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့် (၃) အတွက် JICA ထံမှ ODA ချေးငွေ ဂျပန်ယန်း ၄၂ ဒသမ ၇၇၉ ဘီလျံ ရယူမည်

အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် SME ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့် (၃) အတွက် JICA ထံမှ ODA ချေးငွေ ဂျပန်ယန်း ၄၂ ဒသမ ၇၇၉ ဘီလျံ ရယူမည်
မြန်မာ-ဂျပန်နှစ်နိုင်ငံတာဝန်ရှိသူများ ချေးငွေစာချုပ်အား လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-JICA)
မြန်မာ-ဂျပန်နှစ်နိုင်ငံတာဝန်ရှိသူများ ချေးငွေစာချုပ်အား လက်မှတ်ရေးထိုးစဉ် (ဓာတ်ပုံ-JICA)
Published 5 November 2020

အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့် (၃) အတွက် JICA ထံမှ ODA ချေးငွေ ဂျပန်ယန်း ၄၂ ဒသမ ၇၇၉ ဘီလျံရယူရေးဆိုင်ရာ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား လဲလှယ်မှုစာချွန်လွှာနှင့် ချေးငွေစာချုပ်တို့ကို နိုဝင်ဘာ ၄ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြီးဖြစ်သော ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနက ဆောင်ရွက်မည့် အရှေ့ -အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ODA ချေးငွေ ဂျပန်ယန်း ၂၇ ဒသမ ၇၇၉ ဘီလျံနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ဆောင်ရွက်မည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအဆင့် ၃အတွက် ODA ချေးငွေ ဂျပန်ယန်း ၁၅ ဘီလျံတို့အတွက် လဲလှယ်မှု စာချွန်လွှာများနှင့် ချေးငွေစာချုပ်များကို မြန်မာနိုင်ငံကိုယ်စားစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဂျပန်အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာအိချိရော့မာရုယာမတို့ကလည်းကောင်း၊ ငွေတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဒေါ်စီစီပြုံးနှင့်  JICA ၏ မြန်မာနိုင်ငံရုံးခွဲအကြီးအကဲဖြစ်သူ ဆာကခုရနိုရိဂျိတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးပေါ်ရှိ ပဲခူး-ကျိုက်ထိုလမ်းသစ်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏လမ်းပမ်းဆက်သွယ်ရေး လုံခြုံချောမွေ့စေပြီး ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းစေသည့်အပြင် ပြည်တွင်းပြည်ပကုန်သွယ်မှု ပိုမိုတိုးတက်လာစေခြင်း၊ ရန်ကုန်-ပဲခူး-မြဝတီလမ်း၏ အတိုဆုံးလမ်းကြောင်းဖြစ်သဖြင့် အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းမကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်နိုင်သော ယာဉ်ကြောပိတ်ဆို့မှုများနှင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးခြင်းတို့ကို ဖြေရှင်းပေးနိုင်ခြင်း၊ အာဆီယံနိုင်ငံများဖြစ်သော မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံများသို့ ဆက်သွယ်ထားသော လမ်းမကြီးဖြစ်ရာ အာဆီယံအသိုက်အဝန်းရှိ ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့်  မြန်မာနိုင်ငံ၏ဒေသအနှံ့အပြားသို့ လမ်းပန်းဆက်သွယ်မှု တိုးမြှင့်ကောင်းစေခြင်းစသည့် အကျိုးကျေးဇူးရရှိမည်ဟု သိရသည်။

ထို့ပြင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း အဆင့်-၃ ဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော MSMEs လုပ်ငန်းများ ပြန်လည်အားကောင်းလာစေရန် အတိုးနှုန်းသက်သာသော ချေးငွေများဖြင့် ပံ့ပိုးကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent