၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ(ပဲခူးတိုင်းဒေသကြီး)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ စိတ်ဝင်စားနိုင်သည့် ကိုယ်စားလှယ်လောင်းများ(ပဲခူးတိုင်းဒေသကြီး)
Published 2 November 2020

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသား လူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နိုင်သည့်ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်း အချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။

အမည် - စောသေးအားကလို

အသက် - ၂၆ နှစ်

ပညာအရည်အချင်း - B.A(Geo) ဒုတိယနှစ်

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်ကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

စောသေးအားကလိုသည် ကျောက်ကြီးမြိို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စား ပြု ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ကရင်ပြည်သူ့ပါတီသည် တိုင်းဒေသကြီးများအတွင်း ကရင်လူမျိုးများ၏ ထောက်ခံမှုရရှိထားသည့်အတွက် ၎င်းအနေဖြင့် ဒေသခံကရင်လူမျိုးများ၏ မဲကိုရရှိနိုင်သူဟု ခန့်မှန်းရသည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲက တစညပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

အမည် - ဦးကိုကိုကျော်

အသက် - ၅၆ နှစ်

ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့(စီးပွားရေးပညာ)၊ ဘွဲ့လွန်ဥပဒေဒီပလိုမာ (တက်ဆဲ)၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု အတတ်ပညာ (တက်ရောက်ဆဲ)

လူမျိုး/ဘာသာ - ဗမာ/ရှမ်း- ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဖြူးမြို့နယ်/ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးကိုကိုကျော်သည် ဖြူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ထို့ပြင် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် အတတ်ပညာကို လေ့လာနေသူတစ်ဦးလည်းဖြစ်သည်။ ဖြူးမဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရရှိသဖြင့် ပါတီကြီးနှစ်ခုအကြား ပြိုင်ဆိုင်မှုပြင်းထန်သည့် မဲဆန္ဒနယ်ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ယင်း မဲဆန္ဒနယ်၌ NLD ပါတီ၊ UBPပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊အခြေခံ လူတန်းစား ဘဝမြင့်မားရေးပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်ကြမည်။

 

အမည် - ဒေါ်ချိုချို

အသက် - ၅၅ နှစ်

ပညာအရည်အချင်း - B.Com, PGDL, MPA(Thesis)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အုတ်တွင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်ချိုချိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင် အုတ်တွင်းမြို့နယ်ပြည်သူ့လွှတ်တော်နေရာ၌ NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ NLD ပါတီ၏ အုတ်တွင်းမြို့နယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ အခြေခံပညာအထက်တန်းကျောင်း အကျိုး တော်ဆောင် ဥက္ကဋ္ဌ၊ တိုက်နယ်ဆေးရုံ ကော်မတီဝင်တို့အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် လွှတ်တော်အတွင်း ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်းနှင့်အစိုးရအပေါ် ထောက်ပြဆွေးနွေးလေ့ရှိသူလည်း ဖြစ်သည်။ ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် USDP ပါတီနှင့် USDP ပါတီတို့နှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

အမည် - ဒေါက်တာရွှေပုံ

အသက် - ၆၉ နှစ်

ပညာအရည်အချင်း - M.B.B.S(Ygn)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာရွှေပုံသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် NLD ပါတီ ကိုယ်စား ပြုယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။ ၎င်းသည် ပဲခူးမြို့နယ် NLD ပါတီတွင် ၁၉၈၈ မှ ၁၉၉၉ အထိ မြို့နယ်အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် ၉၉၉၉ (၉လေးလုံး) အရေးအခင်း၌ ပါဝင်ပတ်သက်မှုဖြင့် အဖမ်းခံရပြီး အရေးပေါ်စီမံမှု ၅ (ည)၊ မတရားအသင်း ၁၇(၁)၊ ပုံနှိပ်အက် ၁၇/၂၀ တို့ဖြင့် ထောင်ဒဏ် ၂၄နှစ် အပြစ်ပေးခံရပြီး ၂၀၀၁ ခုနှစ် အောက်တိုဘာလတွင် ပြန်လည် လွတ်မြောက်ခဲ့သူလည်း ဖြစ်သည်။

 

 

အမည် - ဦးစောသလေးစော

အသက် - ၃၆ နှစ်

ပညာအရည်အချင်း - U.B, M.P.A (Candidate)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးစောသလေးစောသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLDပါတီ ကိုယ်စားပြုယှဉ်ပြိုင်အနိုင်ရရှိထားပြီး လက်ရှိ တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ ၎င်းသည်၂၀၀၃ မှ ၂၀၀၈ အထိ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး၏ စီမံချက်တစ်ခုဖြစ်သော Lashio Outreach Project တွင် Health Educator ၊ ၂၀၀၉ မှ ၂၀၁၀ အတွင်း လှိုင်းဘွဲမြို့နယ် ကြိမ်ကုန်းကျေးရွာ၌ စေတနာ့ဝန်ထမ်း ကျောင်းဆရာ နှင့် ၂၀၁၃ မှစ၍ အထက်တန်းရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်သည်။ရွှေကျင်မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်တွင် တစညပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည် - ဦးဘတင်

အသက် - ၆၀ နှစ်

ပညာအရည်အချင်း - B.Sc(Dip in Japanese)

လူမျိုး - ကရင်

ကိုးကွယ်သည့်ဘာသာ - ခရစ်ယာန်

ကိုယ်စားပြုပါတီ - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးဘတင်သည် ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကရင်ပြည်သူ့ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကရင်လူမျိုး ကိုယ်စားလှယ်လောင်းဖြစ်သည့်အတွက် ဒေသခံကရင်လူမျိုးများ၏ ထောက်ခံမှုကို ရရှိနိုင်သည်။ ၎င်းသည် အစိုးရဝန်ထမ်းတစ်ဦးဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာနမှ အငြိမ်းစားဦးစီးအရာရှိတစ်ဦးဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ တစညပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLDပါတီက အနိုင်ရရှိထားသောကြောင့် ဦးဘတင်အနေဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ရမည့် အနေအထားဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ ပြည်ထောင်စု ကောင်းကျိုးပါတီတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

အမည် - ဦးမြင့်ဦး

အသက် - ၆၃ နှစ်

ပညာအရည်အချင်း - CT-Med: (YGN)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးမြင့်ဦးသည် ၂၀၁၂ကြားဖြတ်နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုယ်စား ပြုယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိတွင် ပြည်သူ့လွှတ်တော်ကိုုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ ဦးမြင့်ဦးသည် ၁၉၇၄ မှ ၁၉၈၈ အထိ စစ်မှုထမ်းထမ်းဆောင်ခဲ့ပြီး လုပ်သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သူလည်းဖြစ်သည်။ ၁၉၈၈ မှစ၍ NLD ပါတီတွင် ရပ်/ကျေးစည်း၊ မြို့နယ်စည်း၊ တိုင်းလူမှုအထောက်အကူပြုနှင့် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ ပါတီဗဟိုကော်မတီဝင် NLD ဗဟိုပညာရေးကွန်ယက်၊ သနပ်ပင်ကျန်းမာရေး ကွန်ယက်၊ ပညာရေးကွန်ရက်၊ စာကြည့် တိုက်လုပ်ငန်းများ လုပ်ဆောင်ခဲ့သူလည်းဖြစ်သည်။

 

အမည် - ဦးခင်စိုး

အသက် - ၆၄ နှစ်

ပညာအရည်အချင်း - ဥပဒေ (၁၉၈၁)

လူမျိုး - ဗမာ

၏ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးခင်စိုးသည် ပေါက်ခေါင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ပြည်သူ့ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် လက်ထောက်မန်နေဂျာအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစား ယူထားသူတစ်ဦး ဖြစ်သည်။ ပြည်သူ့ပါတီသည် နိုင်ငံရေးဖြတ်သန်းမှု အားကောင်း သည့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ပါတီဖြစ်သည့်အတွက် လူထုအကြားတွင် ထင်ရှားလာသည့် ပါတီတစ်ခုလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင်၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီအနိုင်ရပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ယခုရွေးကောက်ပွဲတွင် NLD ၊ ပြည်ခိုင်ဖြိုး၊ UBP ပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

အမည် - ဒေါ်ခင်နှင်းသစ်

အသက် - ၅၂ နှစ်

ပညာအရည်အချင်း - B.A(IR), H.G.P, PGDL(Online) , M.P.A(Thesis)

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - တစ်သီးပုဂ္ဂလ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်ခင်နှင်းသစ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်အနိုင်ရရှိပြီး လက်ရှိ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဖြစ်သည်။ သို့သော် ၎င်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှမဟုတ်ဘဲ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လာင်းအဖြစ် ယှဉ်ပြိုင်သည့်အတွက် ဒေသခံများ၏ စိတ်ဝင်စားမှုခံရသူဖြစ်သည်။ ၎င်းသည်ရှေ့နေ တစ်ယောက်အဖြစ် မတရားမှုများ ၊ လူ့အခွင့်အရေးချိုးဖောက်မှုများအား ကူညီဆောင်ရွက်ပေးခြင်း၊ ဥပဒေ အကြံတောင်းခြင်း၊ မြို့နယ်တွင် ပြဿနာဖြစ်မှုများကို ညှိနှိုင်းဆောင်ရွက်ပေးသူလည်းဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ဒေါ်ခင်နှင်း သစ်အနေဖြင့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊တစညပါတီနှင့် UBP ပါတီတို့နှင့် ယှဉ်ပြိုင်ရမည်။

 

အမည် - ဦးကျော်ဆွေ

အသက် - ၅၂ နှစ်

ပညာအရည်အချင်း - ပထဝီ(ပထမနှစ်)

လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ညီညွတ်သောတိုင်းရင်းသား လူမျိုးများဒီမိုကရေစီပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပြည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဦးကျော်ဆွေသည် ပြည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်ဖြစ်သည့် UNDP ပါတီကိုယ်စား ပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ပါတီအသစ်ဖြစ်သော်လည်း ၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ကိုယ်စားလှယ်အများစုနှင့်ဖွဲ့စည်းထားသည့်အတွက် လူထုအကြားတွင် နိုင်ငံရေးအရှိန်အဝါရှိသည့် ပါတီလည်းဖြစ် သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ$ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ယခုရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ဦးကျော်ဆွေအနေဖြင့် ပါတီကြီးများ၊ ပါတီအသစ်များ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည် - ဒေါက်တာခင်စိုးစိုးကြည်

အသက် - ၅၁ နှစ်

ပညာအရည်အချင်း - M.B.B.S(Ygn), Dip.MedSc (Hosp,Admin)

လူမျိုး/ဘာသာ - ဗမာ / ဗုဒ္ဓ

ကိုယ်စားပြုပါတီ - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပြည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါက်တာခင်စိုးစိုးကြည်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားပြု ၍ယှဉ်ပြိုင်အနိုင်ရရှိထားသည့် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ၁၉၉၇ မှ ၂၀၁၁ အထိ ကျန်းမာရေးဝန်ကြီးဌာနတွင်ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီး၌ လက်ထောက်ဆရာဝန်၊ တိုက်နယ်ဆေးရုံ ပေါင်းတလည်မြို့၊ ကမ္ဘာ့လူဦးရေ ရန်ပုံငွေအဖွဲ့တွင် ကွင်းဆင်းအရာရှိ၊ ဆိပ်ဖြူမြို့နယ်ဆရာဝန်၊ ပြည်မြို့ လက်ထောက်ဆေးရုံ အုပ်၊ ၊ မအူပင်မြို့ ဆေးရုံအုပ် စသဖြင့် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ယင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ UNDP ပါတီ ၊ PPP ပါတီ၊ UBP ပါတီ နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

အမည် - ဒေါ်မြတ်မိုးထွန်း

အသက် - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc(Botany)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပြည်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်

ဒေါ်မြတ်မိုးထွန်းသည် ပြည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ်သည့် ပြည်သူ့ ရှေ့ဆောင်ပါတီ(PPP)ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ကားပြုပြင်ရေးလုပ် ငန်းနှင့် သစ်ခွခြံလုပ်ငန်းများ လုပ်ကိုင်နေသူလည်းဖြစ်သည်။ ပြည်မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ဒေါ်မြတ်မိုး ထွန်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ NLD ပါတီ၊ပြည်ခိုင်ဖြိုးပါတီ၊UNDP ပါတီ၊UBP ပါတီနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

အမည် - ဦးအောင်ချိုဦး

အသက် - ၄၈ နှစ်

ပညာအရည်အချင်း - B.A(Botany)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပြည်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဦးအောင်ချိုဦးသည် ပြည်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သည်။ ၎င်းသည် ကုန်သည်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်သည်။ ပြည်မဲဆန္ဒနယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိ ထားသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။ ဦးအောင်ချိုဦးအနေဖြင့် ယခုရွေးကောက်ပွဲတွင် အာဏာရ NLD ပါတီအပြင် ပါတီအသစ်များဖြစ်သည့် UNDP ပါတီ၊ UBP ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

အမည် - ဒေါ်သူဇာသိန်းသန်းထွေး(ခ)သူသူ

အသက် - ၄၄ နှစ်

ပညာအရည်အချင်း - B.A(Music)

လူမျိုး - ဗမာ

ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ

ကိုယ်စားပြုပါတီ - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်

ဒေါ်သူဇာသိန်းသန်းထွေးသည် ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်တစ်ခုဖြစ် သည့် ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြုယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ကုန်တင်ကား လုပ်ငန်းနှင့် လူသုံးကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းများ လုပ်ကိုင်သူလည်း ဖြစ်သည်။ ရွှေတောင်မဲဆန္ဒနယ်သည် ၂၀၁၀ တွင် ပြည်ခိုင်ဖြိုးပါတီ၊၂၀၁၅ တွင် NLD ပါတီ တစ်လှည့်စီ အနိုင်ရရှိထားသဖြင့် ပါတီသစ်ကိုယ်စားလှယ် လောင်းဖြစ်သည့် ၎င်းအနေဖြင့် ယင်းပါတီကြီးနှစ်ခုအပြင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အမည်    - ဦးအောင်နိုင်စိုး

အသက်    - ၄၂ နှစ်

ပညာအရည်အချင်း - B.A(Myanmar)

လူမျိုး    - ကရင်

ကိုးကွယ်သည့်ဘာသာ    - ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်    


ဦးအောင်နိုင်စိုးသည် ရွှေတောင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပါတီအသစ်ဖြစ်သည့် ပြည်သူ့ပါတီ (PP) ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။၂၀၂၀ ရွေးကောက်ပွဲတွင် ပါတီအသစ်များအပေါ် လူထုကစိတ်ဝင်စားမှု မြင့်တက်နေသည့်အတွက်  ဦးအောင်နိုင်စိုးအနေဖြင့်  ဒေသခံများ၏ ထောက်ခံမှုကို ရနိုင်သည်ဟု သုံးသပ်ရသည်။ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီအနိုင်ရရှိပြီး ၂၀၁၅ရွေးကေက်ပွဲတွင် NLDပါတီက အနိုင်ရရှိထားသည်။ ယခုရွေးကောက်ပွဲတွင် ဦးအောင်နိုင်စိုးအနေဖြင့် ယင်းပါတီကြီးနှစ်ခုအပြင် UBPပါတီ၊ PPP ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အမည်    - ဒေါ်ချစ်ပုံ့ပုံ့ထွေး

အသက်    -  ၃၅ နှစ်

ပညာအရည်အချင်း    - LL.B

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ            - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၂)


ဒေါ်ချစ်ပုံ့ပုံ့ထွေးသည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ကိုယ်စားပြုပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသား လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် တရားလွှတ်တော် ရှေ့နေတစ်ဦးလည်း ဖြစ်သည်။ ဒေါ်ချစ်ပုံ့ပုံ့ထွေးသည် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါက်တာတင်တင်ဝင်းနှင့် USDP ပါတီမှ ကိုယ်စားလှယ်လောင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင်၂၀၁၅ ရွေးကောက်ပွဲ၌  ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်း ခြောက်ဦးအထိရှိပြီး ယခုရွေးကောက်ပွဲတွင် သုံးဦးသာယှဉ်ပြိုင်ခဲ့သည်။

အမည်    - ဒေါက်တာတင်တင်ဝင်း

အသက်    - ၇၂ နှစ်

ပညာအရည်အချင်း    - M.B.B.S

လူမျိုး/ဘာသာ    -  ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၂)


ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါက်တာတင်တင်ဝင်းသည် လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။ ဆရာဝန်တစ်ဦးဖြစ်သော ၎င်းအနေဖြင့် ကသာမြို့နှင့် တောင်ငူမြို့တွင် လက်ထောက်ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့ပြီး သပိတ်ကျင်းမြို့နှင့် ရွှေမြို့တွင် မြို့နယ် ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၎င်းသည် တောင်ငူမြို့၊အထွေထွေဆရာဝန်အသင်းတွင် ဥက္ကဋ္ဌဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ပဲခူးတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

 



အမည်    - ဦးမင်းဦး

အသက်    - ၄၉ နှစ်

ပညာအရည်အချင်း    -  သိပ္ပံဘွဲ့(ဓာတုဗေဒ)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    -  NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၃)


 ဦးမင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြုပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၃)မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။ ၎င်းသည် လက်ရှိတွင်အမျိုး သားလွှတ်တော်ကိုယ်စားတစ်ဦးလည်းဖြစ်သည်။ ဦးမင်းဦးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပဲခူးတိုင်းဒေသကြီး၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပြီး ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းကို တည်ထောင်သင်ကြားသူ တစ်ဦးလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ဦးမင်းဦးအနေဖြင့် အနိုင်ရရန်အတွက် ပြည်မပါတီများဖြစ်သော USDP ပါတီနှင့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 



အမည်    - ဦးစောကွာလာ

အသက်    - ၆၁ နှစ်

ပညာအရည်အချင်း    -  M.B.B.S, M.Med Sc (Surgery)

လူမျိုး/ဘာသာ    - ကရင်/ခရစ်ယာန်

ကိုယ်စားပြုပါတီ    - ကရင်ပြည်သူ့ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၅) 
 

ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး ကရင်ပြည်သူ့ပါတီကို ကိုယ်စားပြု၍ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၅)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းသည် ဦးစောကွာလာဖြစ်သည်။ အငြိမ်းစား ဆရာဝန်တစ်ဦးဖြစ်သော ၎င်းအနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ USDP ပါတီနှင့် NLD ပါတီမှ ကိုယ်စားလှယ် လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဦးစောကွာလာအနေဖြင့် ယှဉ်ပြိုင်ရမည့် မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းများထဲတွင် လက်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလည်း ပါဝင်နေသည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။  

 

အမည်    -    ဒေါက်တာဝင်းမြတ်အေး

အသက်    -    ၆၆ နှစ်

ပညာအရည်အချင်း    - M.B.B.S, MMed Sc (Paed) , Dr Med Sc (Paed), Dip Med Gdu  FRCP (Glassqo W)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - NLD ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊  အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၅)  


လက်ရှိလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NLDပါတီကိုယ်စားပြုပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅)မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ NLDအစိုးရသက်တမ်း ငါးနှစ်အတွင်း ပြည်ထောင်စုဝန်ကြီးများ၏ စွမ်းဆောင် ရည်များနှင့်ပတ်သက်၍ ချီးကျူးခံရသူများထဲတွင် ဒေါက်တာဝင်းမြတ်အေးလည်း အပါအဝင် ဖြစ်သည်။  ၎င်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင်UBPပါတီ၊ ကရင်ပြည်သူ့ပါတီ၊USDPပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင် ရမည်ဖြစ်သည်။

 

အမည်    - ဦးအောင်စိုး

အသက်    - ၅၅ နှစ်

ပညာအရည်အချင်း    - AGTI (MT), B.Sc (Maths)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    -  USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၆)


ဦးအောင်စိုးသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၆)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းဖြစ်သည်။ ၎င်းအနေဖြင့် လက်ရှိတွင် ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌတစ်ဦး လည်းဖြစ်သည်။ ဦးအောင်စိုးအနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန်အတွက် လက်ရှိအာဏာရပါတီဖြစ်သော NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် UBP ပါတီမှ ကိုယ်စားလှယ်လောင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေတွင် ၂၀၁၅ ခုနှစ်က ပြည်ခိုင်းဖြိုးပါတီအနေဖြင့် ဒုတိယမဲအများဆုံးရရှိထားသော နေရာဖြစ်သည်။

 

 



အမည်    - ဦးတင်လှိုင်

အသက်    - ၆၅ နှစ်

ပညာအရည်အချင်း -  ၁၀ တန်း

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်


ဦးတင်လှိုင်သည် ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြုပြီး ၂၀၂၀ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းအနေဖြင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ တစညပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်းခြောက်ဦး ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကိုယ်စားလှယ်လောင်းက ခိုင်လုံမဲအသာဖြင့် အနိုင်ရရှိခဲ့သည်။

 



အမည်    - ဦးမျိုးတင့်

အသက်    - ၅၇ နှစ်

ပညာအရည်အချင်း    -  သိပ္ပံဘွဲ့

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊မဲဆန္ဒနယ်အမှတ်(၇)   


UBP ပါတီကိုယ်စားပြုပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇) တွင်ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ ဦးမျိုးတင့်ဖြစ်သည်။ ၎င်းသည် အငြိမ်းစားမြို့နယ်ဦးစီးမှူး(လဝက)တစ်ဦးဖြစ်ပြီး ရွေးကောက်ပွဲတွင် NLDပါတီ၊ USDPပါတီ၊ မြန်မာနိုင်ငံ အလုပ်သမား လယ်သမား မဟာမိတ်ပါတီနှင့် အမျိုးသား နိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်သော လွှတ်တော်ကိုယ်စားလှယ်လောင်းငါးဦးရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ခိုင်လုံမဲအသာဖြင့် အနိုင်ရရှိထားသော နယ်မြေဖြစ်သည်။

 



အမည်    - ဦးဝင်းတင်

အသက်    - ၇၆ နှစ်

ပညာအရည်အချင်း - ဝိဇ္ဇာ

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၇)


ဦးဝင်းတင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ် တော် မဲဆန္ဒနယ်အမှတ်(၇)တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် အငြိမ်းစား တိုင်းတရားသူကြီးတစ်ဦး လည်း ဖြစ်သည်။ ထို့ပြင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေ၌ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၊ UBP ပါတီ၊ မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမား မဟာမိတ်ပါတီ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသော် လည်း ၎င်းအနေဖြင့် NLD နှင့်UBP မှ ကိုယ်စားလှယ်လောင်းများနှင့်သာ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်။

 

အမည်    - ဒေါ်စောယုမာ

အသက်    - ၄၆ နှစ်

ပညာအရည်အချင်း - B.Sc(Physics)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    -     ပြည်သူ့ရှေ့ဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    -    ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်


ဒေါ်စောယုမာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီကို ကိုယ်စားပြုပြီး ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စား လှယ်လောင်းဖြစ်သည်။ သဲကုန်းမဲဆန္ဒနယ်သည်၂၀၁၅ ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် ခိုင်လုံမဲ ငါးသောင်းကျော်ဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အနိုင်ရရှိထားသော မဲဆန္ဒနယ်မြေဖြစ်သည်။

 



အမည်    -    ဒေါ်ချိုချိုကျော်ငြိမ်း

အသက်    -    ၇၂ နှစ်

ပညာအရည်အချင်း    - နိုင်ငံခြားဘာသာဒီပလိုမာ(ဂျာမန်)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - ဒီမိုကရက်တစ်ပါတီ(မြန်မာ)

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်


ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းသည် ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပါတီအထွေထွေအတွင်းရေးမှူးဖြစ်သူ ၎င်းအနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းဦးစီးဖွဲ့စည်းခဲ့သော ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ကို ပြန်လည်အသက် သွင်းရန် ဖ.ဆ.ပ.လ (ဗဟို) အဖွဲ့ချုပ်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်ခံရပြီး ဖဆပလ(ဗဟို)အဖွဲ့ချုပ်ကို ဖျက်သိမ်းခံခဲ့ရသည်။ ဒေါ်ချိုချိုကျော်ငြိမ်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် လက်ရှိ အာဏာရ NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ငါးခုမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

 

အမည်    - ဦးဉာဏ်ဝင်း

အသက်    - ၆၇ နှစ်

ပညာအရည်အချင်း    - B.S.C(DSA) HGP, Dip in SS (India) , M.A

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်


လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးဉာဏ်ဝင်းသည် ၂၀၂၀ ရွေးကောက်ပွဲ တွင် ဇီးကုန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီ၌ ဗဟိုအတိုင်ပင်ခံတစ်ဦးဖြစ်သော ၎င်းအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ နှစ်ဆက်စလုံးတွင် အနိုင်ရရှိခဲ့ သူဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအစိုးရလက်ထက်တွင် ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဉာဏ်ဝင်းသည် တပ်မတော်တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်ချုပ်အဆင့်အထိ ၁၉၇၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ တာဝန်ထမ်း ဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခုနစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။

 



အမည်    - ဦးခင်မောင်လတ်

အသက်    - ၆၅ နှစ်

ပညာအရည်အချင်း    - B.A(Law), LL,B

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    -  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်  


ဦးခင်မောင်လတ်သည် ၂၀၂၀ရွေးကောက်ပွဲတွင် UBP ပါတီကိုယ်စားပြု၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းမြို့နယ် ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ်၌ ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ တရားလွှတ်တော်ရှေ့နေ တစ်ဦး ဖြစ်သူ ဦးခင်မောင်လတ်အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီမှ ကိုယ်စားလှယ်လောင်းများအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်နှင့်ပါ ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ယင်းမဲဆန္ဒနယ်မြေတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိထားပြီး ပြည်ခိုင်ဖြိုး ပါတီက ဒုတိယ မဲအများဆုံး ရရှိထားသော နယ်မြေဖြစ်သည်။

 



အမည်    -  ဦးကျော်ကျော်

အသက်    - ၄၈ နှစ်

ပညာအရည်အချင်း - B.Sc(Chemistry)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - ပြည်သူ့ပါတီ    

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်


ဦးကျော်ကျော်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီကိုယ်စားပြုပြီး ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေတွင် ဦးကျော်ကျော်သည် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေ၌ ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း လေးဦးယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းက ခိုင်လုံမဲ လေးသောင်းကျော်ဖြင့် အနိုင်ရရှိထားသော နေရာဖြစ်သည်။

အမည်    -  ဦးအေးမြင့်ကြူ

အသက်    - ၇၂ နှစ်

ပညာအရည်အချင်း - B.Sc, MBA (Aldersgate Manilar)

လူမျိုး/ဘာသာ    - ဗမာ/ဗုဒ္ဓ

ကိုယ်စားပြုပါတီ    - USDP ပါတီ

ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်    - ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်


 မင်းလှမြို့သားတစ်ဦးဖြစ်သော ဦးအေးမြင့်ကြူသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ၎င်းသည် တပ်မတော်သား ဘဝမှ လာရောက်သူဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် ဒုတိုင်းမှူး တာဝန်ထမ်းခဲ့သည်။ ထို့ပြင် ၁၉၉၇  နိုဝင်ဘာတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခံရပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် အားကစားဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးအဖြစ်တာဝန်ထမ်းခဲ့ဖူးသူဖြစ်သည်။

 

 

Most Read

Most Recent