မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပပေးရန် လုံးဝမဖြစ်နိုင်တော့ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့သည် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ရောက်ရှိနေပြီး ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဌာနဆိုင်ရာများနှင့် အောက်တိုဘာ ၃၁ ရက်တွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
“မိုင်းကိုင် လုံးဝကျင်းပဖို့ မဖြစ်နိုင်တော့ဘူး။ ခုလေးတင် မေးလာပြီးပြီ။ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကနေပေါ့။ အောက်ခြေကနေ အဆင့်ဆင့်ပြန်တင်ပြတာကို အပေါ်မှာ ပြည်ထောင်စုမှာ အပေါ်ပိုင်းတိုင်ပင်တော့ ခွင့်ပြုချက် ပြန်မပါဘူးဆိုတော့ မကျဘူးပေ့ါ။ ခုက ကျွန်တော်အစည်းအဝေးမှာ ထမေးတာပေ့ါ။ အောက်ခြေ ရပ်ကျေးတွေရော မြို့နယ် ခရိုင် ပြည်နယ်အဆင့်ဆင့်က ပြန်တင်ပြပေမယ့် ပြည်ထောင်စုအဆင့် ပြန်လည်ညှိနှိုင်းတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကိုပဲ အကြောင်းပြပြီးတော့ တပ်မတော်နဲ့ ပြည်ထဲရေးကနေ ခွင့်မပြုဘူးတဲ့။ မဖြစ်တော့ဘူး” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။
အောက်တိုဘာ ၁၆ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် လွတ်လပ်ပြီး တရားမျှတသော ရွေးကာက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည့် နယ်မြေများစာရင်းတွင် မိုင်းကိုင်မြို့နယ်လည်း ပါဝင်ခဲ့သည်။
ထိုသို့ ကော်မရှင်က ကြေညာပြီးနောက် မိုင်းကိုင်မြို့နယ်သည် တိုက်ပွဲနှင့် ပဋိပက္ခ တစ်စုံတစ်ရာမရှိသဖြင့် ရွေးကောက်ပွဲကျင်းပခြင်းမပြုသည့် နယ်မြေစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးရန် တောင်းဆိုမှုများရှိခဲ့သည်။
မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပပေးရန် ယင်းမြို့နယ်တွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီလေးခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၂၁ ရက်က စာပေးပို့တောင်းဆိုမှုလည်း ရှိခဲ့သည်။
ထို့အတူ မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပပေးရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးက ဒေသခံပြည်သူ တစ်သောင်းကျော်၏ ထောက်ခံလက်မှတ်များနှင့် လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၂၂ ရက်က တင်ပြခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲကျင်းပရန် လုံခြုံရေးစိတ်မရချရသည့် နယ်မြေများနှင့်ပတ်သက်၍ တပ်မတော်၏ အကြုံပြုချက်တွင် မိုင်းကိုင်မြို့နယ်လည်း ပါဝင်ခဲ့ပြီး မိုင်းကိုင်မြို့နယ်သည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော်လည်း တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ မဲဆွယ်သည့်နေရာတွင် လက်နက်ကိုင်များ၏ တားဆီးမှုများ၊ ငြိမ်းခြောက်မှုများရှိသည့်အတွက် ဖြစ်ကြောင်း တပ်မတော်ဘက်က ပြောကြားထားသည်။
မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပခြင်းမှာဖြစ်သင့်ကြောင်း ယင်းမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် တအာင်း (ပလောင်) အမျိုးသားပါတီတာဝန်ရှိသူအချို့က ထုတ်ဖော်ပြောကြားထားသည်။
မိုင်းကိုင်မြို့နယ်တွင် မဲရုံပေါင်း ၃၅ ရုံ၊ မဲပေးနိုင်သော မဲဆန္ဒရှင်ဦးရေ စုစုပေါင်း ၆၀၀၀၀ နီးပါးရှိကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မူဆယ်မြို့နယ်၊ လားရှိုးမြို့နယ်နှင့် ကွမ်းလုံမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်းပယ်ဖျက်ခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။