ကြိုတင်မဲပေးရာတွင် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက ရှင်းလင်းခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲသည် ဒီမိုကရေစီတည်ထောင်ရာတွင် အသက်တစ်မျှအရေးကြီးဟု ပါတီဥက္ကဋ္ဌ ပြောကြား

ကြိုတင်မဲပေးရာတွင် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီက ရှင်းလင်းခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲသည် ဒီမိုကရေစီတည်ထောင်ရာတွင် အသက်တစ်မျှအရေးကြီးဟု ပါတီဥက္ကဋ္ဌ ပြောကြား
အောက်တိုဘာ ၃၁ ရက်က PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က သတင်းမီဒီယာများအား တွေ့ဆုံ၍ ရှင်းလင်းပြောကြားနေစဉ်
အောက်တိုဘာ ၃၁ ရက်က PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က သတင်းမီဒီယာများအား တွေ့ဆုံ၍ ရှင်းလင်းပြောကြားနေစဉ်
Published 31 October 2020
မင်းနိုင်စိုး

ကြိုတင်မဲပေးရာတွင် ဥပဒေနှင့်မညီသော လုပ်ဆောင်ချက်များရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က အောက်တိုဘာ ၃၁ ရက်တွင် ရှင်းလင်းခဲ့ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲသည် ဒီမိုကရေစီ တည်ထောင်ရာတွင် အသက်တမျှ အရေးကြီးကြောင်း ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ ၂၉ ရက်တွင် စတင်ပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂၉ ရက်မှ ၃၁ ရက်အထိ မရမ်းကုန်းမြို့နယ်တွင် ကြိုတင်မဲပေးခြင်းဆောင်ရွက်ရာ၌ ဥပဒေ၊ နည်းဥပဒေများနှင့် မညီသော လုပ်ဆောင်ချက်များ ရှိသည်ဟုဆိုကာ ပြည်သူ့ရှေ့ဆောင်ပါတီက ဓာတ်ပုံအထောက်အထားများနှင့်တကွ အောက်တိုဘာ ၃၁ ရက်တွင် မရမ်းကုန်းမြို့နယ်ရှိ ၎င်းတို့ ပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

“ အခုကတော့ အခုပြည်တွင်းမှာ ကြိုတင်မဲပေးတဲ့ကာလဖြစ်ပါတယ်။ ၂၉ ရယ်၊ ၃၀ ရယ်၊ ၃၁ ရယ်ပေါ့နော်။ ဆိုလို့ရှိရင် ကျွန်မတို့ ၃ ရက်စာ စုစည်းပြီးတော့မှ ဥပဒေ၊ နည်းဥပဒေနဲ့ မညီတာတွေ၊ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်ချက်တွေ ရှိတာကို ကျွန်မတို့က သက်သေအထောက်အထားနဲ့တကွ တင်ပြတာဖြစ်ပါတယ်။ တင်ပြတဲ့အချိန်မှာ အဓိက,ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီ တည်ထောင်ရာမှာ တကယ့်ကိုအရေးပါတဲ့ တကယ်အသက်တမျှနီးပါး အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ဒီမိုကရေစီကို ယုံကြည်သည့်အတွက် နိုင်ငံရေးပါတီ တည်ထောင်ကာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထိုသို့ယှဉ်ပြိုင်ရာတွင် လွတ်လပ်ပြီး တရားမျှတရန်ဆိုသည်မှာ ပါတီအားလုံးတွင် တာဝန်ရှိသော်လည်း အဓိကအားဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

“ ဒါပေမဲ့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရတော့ ရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီက ခန့်အပ်တယ်ဆိုတော့ ဒီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ကိုယ့်ကို ခန့်အပ်တဲ့ အာဏာရပါတီရဲ့မျက်နှာပဲ ပိုကြည့်မှာပေါ့နော်။ အဲဒါက တစ်ခုပေါ့။ ဒါက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ရမယ့် အချက်ဖြစ်ပါတယ်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် အာဏာရပါတီအနေဖြင့် အောက်ခြေကော်မရှင်အဖွဲ့ခွဲများတွင် ၎င်းတို့၏ ပါတီဝင်များကို ဖြန့်ထားကြောင်း၊ အဆိုပါကိစ္စသည် ၂၀၁၇-၂၀၁၈ ခုနှစ်ကတည်းက ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ရှုံးနိုင်သောနေရာများတွင် မရှုံးစေရန်ဟူသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကြိုတင်မဲပေးသောကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေနှင့် မညီသော လုပ်ဆောင်ချက်များအား ပြည်သူ့ရှေ့ဆောင်ပါတီ၏ ဒုတိယဥက္ကဋ္ဌ (၄) ဖြစ်သူ ဒေါ်ငုဝါဝင်းက ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၃၀ ရက်က မရမ်းကုန်း (၅) ရပ်ကွက်၊ မဲရုံအမှတ် (၂၀) တွင် NLD ပါတီဝင်များက ကြိုတင်မဲပေးခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ၎င်းတို့၏ နှုတ်မှလည်း NLD ပါတီကို မဲထည့်ရန် ပြောဆိုကြသည့်အပြင် မဲရုံအရှေ့တွင် NLD စတစ်ကာများ ကပ်ထားပြီး NLD အလံများ ချိတ်ဆွဲထားသော ကားတစ်စီးအား ရပ်တန့်ထားခဲ့ကြောင်း ၎င်းက ရှင်းလင်းခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းသည် ရွေးကောက်ပွဲနည်းဥပဒေ ၆၂ အရ ဆန္ဒမဲပေးရန် သွေးဆောင်ခြင်းဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ပါက ပြစ်ဒဏ်အနေဖြင့် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကာ ယင်းသို့ ဆောင်ရွက်ခြင်းကြောင့် သက်ရောက်မှုအနေဖြင့် အခြားပါတီများအတွက် နစ်နာကြောင်း ဒေါ်ငုဝါဝင်းက ပြောကြားသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ်တွင် သုံးရက်တာအတွင်း ပြုလုပ်ခဲ့သော ကြိုတင်မဲပေးခြင်းဖြစ်စဉ်တွင် NLD ပါတီဝင်များက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် မညီညွတ်စွာ ဆောင်ရွက်ခဲ့သော လုပ်ဆောင်ချက်များကို ပြည်သူ့ရှေ့ဆောင်ပါတီက ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ 

“ ကျွန်မတို့ အခုမှ ဒီမိုကရေစီစပြီးတော့ ကျွန်မတို့ ကြိုးစားပမ်းစား ဆောင်ရွက်နေတဲ့ အချိန်မှာ ဒီလိုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ဥစ္စာက လူတွေရဲ့ ရွေးကောက်ပွဲအပေါ်မှာ သံသယတွေကို ကြီးထွားစေပါတယ်။ ဒီမိုကရေစီ စံနှုန်းတွေကို ကျဆင်းစေတာ ဖြစ်ပါတယ်။ ဒါဟာ ကျွန်မတို့ သွားချင်တဲ့ လမ်းကြောင်းကို အများကြီး ထိခိုက်စေသော ဖြစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ဒီဟာကို အထူးအလေးပေးပြီးတော့ ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုတိယဥက္ကဋ္ဌ (၄) ဒေါ်ငုဝါဝင်းက ပြောကြားခဲ့သည်။

Most Read

Most Recent