လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ စိတ်ဝင်စားမှုမြင့်တက်နိုင်သည့်ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။
အမည် - စိုင်းမြထွန်းဆွယ်ဟိန်း (ခ) စိုင်းဆမ်လျဲန်း
အသက် - ၄၂ နှစ်
ပညာအရည်အချင်း - B.A Buddhism , M.A. Buddhism (Sri Lanka)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ် အမျိုးသား/ မဲဆန္ဒနယ် (၁)
ဦးစိုင်းမြထွန်းဆွယ်ဟိန်း (ခ) စိုင်းဆမ်လျဲန်းသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း သီပေါမြို့နယ်၊ နမ့်လန်မြို့နယ် ခွဲအတွင်းရေးမှူး၊ ဥက္ကဋ္ဌနှင့် သီပေါမြို့နယ် အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ (၂) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဦးစိုင်းမြထွန်းဆွယ်ဟိန်း အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်မြေအတွက် အနိုင်ရရှိရန် ဒေသတွင်း ပါတီကြီးများဖြစ်သော တိုင်းရင်းသားပါတီ နှစ်ခုအပြင် ပြည်မပါတီ သုံးခုဖြင့်ပါ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ပြည်မပါတီများတွင် လက်ရှိ အာဏာရပါတီ NLD ၊ USDP နှင့် UBP ပါတီတို့က ယှဉ်ပြိုင်ထားပြီး တိုင်းရင်းသားပါတီများတွင် SNDP ပါတီနှင့် TNP ပါတီတို့က ယှဉ်ပြိုင်မည် ဖြစ်သောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။
အမည် - စိုင်းအောင်မြင့်ဦး
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - LL.B, B.Sc(But) , DIR, DBI,DAPsycho
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၄)
စိုင်းအောင်မြင့်ဦးသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ညီလာခံသို့ တက်ရောက်ခဲ့ပြီး ဦးဆောင်ကော်မတီဝင် ၂၇ ဦး ပါဝင်သည့် ရှမ်းလူငယ်ကွန်ရက်၌ နှစ်နှစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ မဟာမိတ်ကို ပူးပေါင်း တည်ထောင်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုနေ့၌ အစိုးရက ကြီးမှူးကျင်းပသော ငြိမ်းချမ်းရေး စကားဝိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပါဝင်ဆွေးနွေးခဲ့ခြင်းနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံသို့ လူငယ်ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) ၌ ပြည်မပါတီများ အပါအဝင် ပါတီကိုးခု ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် စောင့်ကြည့်သင့်သည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။
အမည် - ဦးမော်ထွန်းအောင်
အသက် - ၃၇ နှစ်
ပညာအရည်အချင်း - MPA (Cornell University), MASPSD (Hong Kong Ptlytech), BCSC (Yangon)
လူမျိုး/ဘာသာ - ကချင်/ခရစ်ယာန်
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ် အမျိုးသား/ မဲဆန္ဒနယ် (၅)
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၅) တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမော်ထွန်းအောင်သည် လူငယ်ကိုယ်စားလောင်း တစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် အောက်စဖို့စ်တက္ကသိုလ်၊ ဟန်ဂေရီနိုင်ငံရှိ ဗဟိုဥရောပတက္ကသိုလ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် သဘာဝပတ်ဝန်းကျင် အရင်းအမြစ်များနှင့်ဆိုင်သော ပညာရပ်များကို လေ့လာခဲ့သူ ဖြစ်သည်။ ပေါင်းကူးအဖွဲ့ ဘုတ်အဖွဲ့ ဒုဥက္ကဋ္ဌ၊ လမ်းစင်တာတွင် ဘုတ်အဖွဲ့ဝင်၊ Arravati (ဧရာဝတီ) လူမှုရေးအဖွဲ့၊ ဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ Another Development အဖွဲ့၏ ပူးတွဲ တည်ထောင်သူနှင့် မဟာဗျူဟာ အကြံပေးတစ်ဦး ဖြစ်သောကြောင့် ဒေသခံ တိုင်းရင်းသားများ၏ စိတ်ဝင်စားမှုကို ခံရသူလည်း ဖြစ်သည်။
အမည် - ဦးအိုက်မွန်း
အသက် - ၆၅ နှစ်
ပညာအရည်အချင်း - B.Sc (Maths)
လူမျိုး/ဘာသာ - ပလောင်/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - TNP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၅)
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၅) ၌ တအောင်း (ပလောင်) အမျိုးသားပါတီမှ ဦးအိုက်မွန်း၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ကချင်အမျိုးသားပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလတစ်ဦးနှင့် ပါတီ ငါးခု ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒရှင် ၁၆၂၂၇၆ ဦးအနက် တအောင်း(ပလောင်) အမျိုးသားပါတီက ဆန္ဒမဲ ၄၁၀၄၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး USDP ပါတီက ဒုတိယ မဲအများဆုံး ရရှိခဲ့သည်။
အမည် - နန်းမွန်းစိန်
အသက် - ၅၀ နှစ်
ပညာအရည်အချင်း - B.A (Psychology)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၆)
နန်းမွန်းစိန်သည် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်၊ ဗဟိုဌာန ချုပ်ရုံးခွဲ (ရှမ်းမြောက်) စည်းရုံးရေးမှူးနှင့် သိန္နီမြို့နယ် အလုပ်အမှုဆောင်ကော်မတီ သုတေသနမှူးအဖြစ် တာဝန်ယူထားသူဖြစ်ပြီး ပါတီမူဝါဒရေးဆွဲရေး ကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။ ၁၉၉၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အငယ်တန်းစာရေးနှင့် အကြီးတန်းစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။ မြို့နယ် ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူး၊ မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့၏ အတွင်းရေးမှူး တာဝန်တို့ဖြင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများတွင် ကူညီခဲ့ခြင်းကြောင့် ပြည်သူလူထုနှင့် မကင်းကွာသူဟု ဆိုနိုင်သည်။ ၂၀၁၃ ခုနှစ်တွင် ရွက်စိမ်းနု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ကို ဦးဆောင်ဖွဲ့စည်း၍ မြေယာ၊ သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
အမည် - စိုင်းဝင်းအေး (ခ) စိုင်းထွန်းအေး
အသက် - ၄၈ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့ (သချင်္ာ)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၇)
စိုင်းထွန်းအေးသည် ၂၀၁၅ ရွေးကောက်ပွဲ၌ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရာတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းလေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် မဂ္ဂဇင်း ထုတ်ဝေရေးကော်မတီအဖွဲ့ဝင်အဖြစ် လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။ သမ္မတ ဦးသိန်းစိန် လက်ထက် ၂၀၁၆ ဇန်နဝါရီတွင် ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနှင့် NLD အစိုးရ လက်ထက်တွင် ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံတို့တွင် SNLD ပါတီ၏ ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ပါဝင်ခဲ့သည်။
အမည် - ဦးမောင်ခိုင်(ခ) ဦးအုန်းခိုင်
အသက် - ၇၁ နှစ်
ပညာအရည်အချင်း - B.Ecom
လူမျိုး/ဘာသာ - ပလောင်/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - TNP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၈)
ဦးမောင်ခိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲအရေအတွက် လေးသောင်းကျော်ဖြင့် အနိုင်ရရှိထားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဒုတိယ မဲအများဆုံးရရှိထားသည့်အပြင် ဒေသတွင်း ပါတီနှစ်ခုသည် ဆန္ဒမဲအရေအတွက် အနည်းငယ်သာ ရရှိထားသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ တအောင်း (ပလောင်) အမျိုးသားပါတီ၊ NLD ပါတီနှင့် USDP ပါတီတို့ဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့် ဒေသတွင်းပါတီ သို့မဟုတ် ပြည်မပါတီ အနိုင်ရမည်လား ဆိုသည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
အမည် - ဦးစဝ်အောင်မြတ် (ခ) ဦးအောင်မြတ်
အသက် - ၅၇ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့၊ စစ်တက္ကသိုလ်
လူမျိုး/ဘာသာ - ဓနု/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ်(၉)
ဦးစဝ်အောင်မြတ်သည် လက်ရှိ ရှမ်းပြည်နယ်လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သည်။ ၎င်းအနေဖြင့် ပင်းတယမြို့နယ် ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဗဟိုတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ပင်းတယမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ရွေးချယ်ခံခဲ့ရသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော် ရွာငံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) မှ အနိုင်ရရှိခဲ့သည်။ ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်သို့ ပြောင်းလဲယှဉ်ပြိုင်မည်ဖြစ်ပြီး ဒေသတွင်း ပါတီများ၊ ပြည်မပါတီများဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - ခွန်အောင်ကျော်
အသက် - ၃၄ နှစ်
ပညာအရည်အချင်း - B.Com , M.B.A
လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၁၀)
ရှမ်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၁၀) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ခွန်အောင်ကျော်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဟိုပုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူ ဖြစ်သည်။ ဦးခွန်အောင်ကျော်သည် ပအိုဝ်း အမျိုးသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ခမ်းထီ၏ သားတစ်ဦးဖြစ်ပြီး INGO, NGO များနှင့် ချိတ်ဆက်၍ နိုင်ငံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေးအမြင် သင်တန်းများကို ဒေသတွင်း၌ ဆောင်ရွက်လျက်ရှိသည်။ ခွန်အောင်ကျော်အနေဖြင့် ဒေသတွင်း ပါတီများအပြင် ပြည်မပါတီများဖြင့်ပါ ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ၂၀၁၅ တွင် မဲအရေအတွက် ၃၅၀၀၀ ကျော်ဖြင့် အနိုင်ရထားသည့်အတွက် အလားအလာကောင်းများ ရှိနေသူဟု သုံးသပ်ရသည်။
အမည် - ဦးဆိုင်ပေါင်းနပ်
အသက် - ၆၈ နှစ်
ပညာအရည်အချင်း - B.A, H.G.P,D.I.L, DIR, D.B.I
လူမျိုး/ဘာသာ - “၀” / ခရစ်ယာန်
ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသား/ မဲဆန္ဒနယ် (၁၁)
ဦးဆိုင်ပေါင်းနပ်သည် ၂၀၁၀ ပထမအကြိမ် ရွေးကောက်ပွဲတွင် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည်။ လွှတ်တော် တက်ရောက်ခဲ့သည့် သက်တမ်းအတွင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်အဖြစ် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင်အဖြစ် လည်းကောင်း၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ၊ အမျိုးသားလွှတ်တော် အုပ်ချုပ်မှူကော်မတီ၊ မြန်မာ-ဗီယက်နမ် လွှတ်တော်ဆက်ဆံရေး ကော်မတီဝင်အဖြစ် ပါဝင်ခဲသည်။
အမည် - ဦးအောင်သန်းထွဋ်
အသက် - ၆၄ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေး)
လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - USDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်- ရှမ်းပြည်နယ်၊ အမျိုးသား/မဲဆန္ဒနယ် (၁၂)
ဦးအောင်သန်းထွဋ်သည် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် လေးနှစ်ကျော်၊ ကစထမှူးအဖြစ် ငါးနှစ်ကျော်နှင့် ဒုတိယအကြိမ် လွှတ်တော် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာနိုင်ငံ အစာအိမ်နှင့် အူလမ်းကြောင်းဖောင်ဒေးရှင်း၊ လားရှိုးမြို့ လူမှုကူညီရေးအသင်း၊ လားရှိုးမြို့ ကျောက်ကပ်သန့်စင်ရေးစင်တာနှင့် လောက်ကိုင်မြို့ရှိ ကိုးကန့်ဒေသ ဘဝပြုစုပျိုးထောင်ရေးအသင်းတို့တွင် နာယကအဖြစ်တာ ဝန်ယူဆောင်ရွက်နေသည်။ ယခု ရွေးကောက်ပွဲတွင်မူ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်သည်။
အမည် - ဦးစိုင်းလုံစံခတ်
အသက် - ၅၅ နှစ်
ပညာအရည်အချင်း - သမိုင်း (တတိယနှစ်)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - NLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ်အမှတ်(၃)
ဦးစိုင်းလုံစံခေတ်သည် လက်ရှိ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်၊ မဲဆန္ဒနယ် အမှတ် (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ၁၉၈၇-၈၈ ရန်ကုန်တက္ကသိုလ်တွင် တတိယနှစ် သမိုင်းသင်ကြားနေစဉ် ကျောင်းသားအရေးအခင်းကြောင့် ၁၉၈၉ ခုနှစ်၌ တာချီလိတ်မြို့သို့ ပြန်လည် နေထိုင်ခဲ့သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒနယ်အမှတ် (၇) တွင် ယှဉ်ပြိုင်စဉ်က မဲအရေအတွက် ငါးသောင်းကျော်ရရှိ၍ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ၎င်းအနေဖြင့် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၃) တွင် ဒေသတွင်းပါတီ လေးခု၊ ပြည်မပါတီ သုံးခုမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - ဦးလောတား
အသက် - ၅၀ နှစ်
ပညာအရည်အချင်း - ၁၀ တန်း
လူမျိုး/ဘာသာ - “၀” ၊ လားဟူ/ခရစ်ယာန်
ကိုယ်စားပြုပါတီ - “၀” အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးလောတားသည် ၂၀၁၀ ခုနှစ်မှစ၍ “၀” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီတွင် မြို့နယ်ကော်မတီဝင်အဖြစ် ပါဝင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိခဲ့ခြင်း မရှိပေ။၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မိုင်းဆတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစိုင်းခတ္တိယက ဆန္ဒမဲ ၈၈၇၆ မဲ နှင့် ဦးလောတားမှ ဒုတိယမဲ အများဆုံးအဖြစ် ၆၇၉၅ မဲ ရရှိခဲ့ပြီး မဲနှစ်ထောင်ကျော် ကွာဟချက်ဖြင့် ရှုံးနိမ်ခဲ့သည်။ ထို့ကြောင့် ဒေသတွင်း ပါတီများအပြင် ပြည်မပါတီများဖြင့်ပါ ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်မည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။
အမည် - ဦးစိုင်းဖိုးဟန်
အသက် - ၄၄ နှစ်
ပညာအရည်အချင်း - B.Sc (Maths)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးစိုင်းဖိုးဟန်သည် ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်၏ တန်းယန်းမြို့နယ် အလုပ်အမှုဆောင်အဖွဲ့တွင် အတိုင်ပင်ခံအဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ၁၉၉၉ မှ ၂၀၁၁ အထိ တန်းယန်းမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီးနောက် နုတ်ထွက်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် တန်ယန်းမြို့နယ်အတွင်း လူမှုအကျိုးပြု ငွေစုငွေချေးအသင်း ၅၂ သင်းအထိ ဖွဲ့စည်း ထူထောင်ခဲ့သည်။ ၂၀၁၃ တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ ဟိန်းမေတ္တာ ရောင်းဝယ်ရေးလုပ်ငန်းစုကို စတင်ထူထောင်နိုင်ခဲ့သည်။ ၂၀၁၅ ပါတီစုံ အထွေထွေရေးကောက်ပွဲတွင် SNLD ပါတီအောင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့သည်။
အမည် - ဦးခင်မောင်အေး
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - ၁၀ တန်း
လူမျိုး/ဘာသာ - ကိုးကန့်/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကွမ်းလုံမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၂၀၁၅ ရွေးကောက်ပွဲတွင် ကွမ်းလုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ အနိုင်ရရှိထားသည်။ ၂၀၁၅ အနိုင်ရ ကိုယ်စားလှယ်နေရာတွင် ဦးခင်မောင်အေးကို ပါတီက ပြောင်းလဲယှဉ်ပြိုင်စေခဲ့ခြင်း ဖြစ်သည်။ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်ဟု ဆိုသော်လည်း ပြည်ခိုင်ဖြိုးပါတီကို မဲ ၆၀ အသာဖြင့်သာ အနိုင်ရခဲ့သည့်အတွက် အကြိတ်အနယ် ဖြစ်နိုင်သည့် မဲဆန္ဒနယ်အဖြစ် သတ်မှတ်နိုင်သည်။ ၎င်းအနေဖြင့် ကွမ်းလုံမြို့နယ် ယင်းမဲဆန္ဒနယ်တွင် ပြည်မ မှ NLD နှင့် USDP ပါတီတို့အပြင် လော်ဝေါ်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - ခွန်ထိုင်း
အသက် - ၂၈ နှစ်
ပညာအရည်အချင်း - LL.B ဥပဒေဘွဲ့
လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ခွန်ထိုင်းသည် ပအိုဝ်လူမျိုး လူငယ်တစ်ဦးဖြစ်ပြီး ဆီဆိုင်မြို့နယ် ပြည်သူ့လွှတ်တော် နေရာအတွက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ခွန်ထိုင်းသည် ဥပဒေဘွဲ့ ရရှိထားသူ ဖြစ်သည့်အပြင် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေးတစ်ဦးလည်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများ ပအိုဝ်းအမျိုးသားအဖွဲ့ပါတီက အနိုင်ရရှိထားသည့်အလျောက် ၂၀၂၀ ရွေးကော်ပွဲတွင်လည်း ဒေသခံ တိုင်းရင်းသားများ၏ ထောက်ခံမှု အပြည့်အဝရရှိနိုင်သည်ဟု သုံးသပ်ရသည်။ ခွန်ထိုင်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် ဒေသတွင်း တိုင်းရင်းသားပါတီများနှင့် ပြည်မ NLD ပါတီမှ ကိုယ်စားလှယ်များနှင့် အဓိကယှဉ်ပြိုင်ရဖွယ် ရှိသည်။
အမည် - နန်းခမ်းဗွာ
အသက် - ၃၀ နှစ်
ပညာအရည်အချင်း - B.A (Myanmar)
လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဟိုပုံးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
နန်းခမ်းဗွာသည် ပအိုဝ်း လူငယ်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ ပထမဦးဆုံးအကြိမ် ယှဉ်ပြိုင်မည့်သူ ဖြစ်သည်။ ၎င်းသည် အမျိုးသမီးထု၏ ရသင့်ရထိုက်သော တန်းတူညီမျှ အခွင့်အရေးများရရှိစေရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကြွေးကြော်ထားသည့်အတွက် ဒေသတွင်း တိုင်းရင်းသားများ၏ စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် ၂၀၁၀ ခုနှစ် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က အနိုင်ရရှိထားသည့်အတွက် ၎င်းအနေဖြင့် ဌာနေတိုင်းရင်းသားများ၏ ထောက်ခံမှု ထပ်မံရရှိရန် အလားအလာရှိသည်။
အမည် - ခွန်လှဆန်း
အသက် - ၄၃ နှစ်
ပညာအရည်အချင်း - B.A (Geography)
လူမျိုး/ဘာသာ - ပအိုဝ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ပင်လောင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ခွန်လှဆန်းသည် ပအိုဝ်းလူမျိုး လူလတ်ပိုင်း တစ်ဦးဖြစ်ပြီး ဒေသခံများ ထောက်ခံမှုအားကောင်းသည့် ပအိုဝ်းအမျိုး သားအဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ယင်းမဲဆန္ဒနယ်တွင် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများ၌ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်က အနိုင်ရရှိသည့် အစဉ်အလာကြောင့် ဌာနတိုင်းရင်းသားများ၏ ထောက်ခံမှုကို ခွန်လှဆန်းအနေဖြင့် ထပ်မံရရှိနိုင်သည့် အလားအလာ ရှိသည်။ ယင်းမဲဆန္ဒနယ်တွင် ခွန်လှဆန်းအနေဖြင့် ဒေသတွင်း တိုင်းရင်းသားပါတီများ ဖြစ်သည့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့၊ SNLD ပါတီတို့ အပြင် အာဏာရပါတီ NLD ပါတီနှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ တို့နှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - နန်းရွှေညွှန့်
အသက် - ၄၉ နှစ်
ပညာအရည်အချင်း - Bachelor of Arts (Myanmar)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
နန်းရွှေညွှွန့်သည် မိုးနဲမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် SNLD ပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်မည့် ရှမ်းအမျိုးသမီး ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် မိုးနဲ့မြို့နယ် SNLD ပါတီ၏ ရုံးအဖွဲ့မှူး တစ်ဦးလည်း ဖြစ်သည်။ ၁၉၈၇ မှ ၁၉၉၆ ခုနှစ်အထိ မိုးနဲ့မြို့နယ် ပေါ့မိုင်း (အမက) မူလတန်းပြ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မိုးနဲ့မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ ရှမ်းအမျိုးသမီရေးရာ ဆက်သွယ်ရေးအသင်း (SWAN) တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် မိုးနဲ့မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို SNLD ပါတီက အနိုင်ရရှိထားသောကြောင့် ၎င်းအနေဖြင့် တိုင်းရင်းသားများ၏ ထောက်ခံမှုရရှိနိုင်သည်ဟု သုံးသပ်ရသည်။
အမည် - ဦးစိုင်းငေါင်းဆိုင်ဟိန်း
အသက် - ၅၀ နှစ်
ပညာအရည်အချင်း - B.A, B.Ed
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးစိုင်းငေါင်းဆိုင်ဟိန်းသည် ၂၀၁၀ နှင့် ၂၀၁၅ ရွေကောက်ပွဲတွင် မောက်မယ်မြို့နယ် ပြည်သူ့လွှတ်တော် နေရာကို ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်ပြီး အနိုင်ရရှိထားသဖြင့် လက်ရှိ ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ၁၉၈၉ မှ ၂၀၀၁ အထိ မူလတန်းပြ၊ ၂၀၀၁ မှ ၂၀၀၆ ထိ အခြေခံပညာ မူလတန်းကျောင်းအုပ်၊ ၂၀၀၆ မှ ၂၀၀၈ အထိ အထက်တန်းပြ၊ ၂၀၀၈ မှ ၂၀၁၀ ထိ လက်ထောက်ပညာရေးမှူးအဖြစ် ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သူ ဖြစ်သည်။ ထို့ပြင် ပြည်ခိုင်ဖြိုးပါတီတွင် ၂၀၀၅ ခုနှစ်၌ တွဲဖက်အတွင်းရေးမှူးတာဝန်ကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။
အမည် - ဦးစိုင်းအောင်ခင်
အသက် - ၆၂ နှစ်
ပညာအရည်အချင်း - B.Sc, B.Ed
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လင်းခေးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးစိုင်းအောင်ခင်သည် လင်းခေးမြို့နယ် SNLD ပါတီ၏ အလုပ်အမှုဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်ပြီး ပြည်သူ့လွှတ်တော် နေရာအတွက် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ပညာရေးဌာနတွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပြဆရာ တစ်ဦးဖြစ်သည့်အပြင် မြို့နယ်ပညာရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ၊ ခရိုင်ပညာရေးမှူး စသည်တို့ကို ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သဖြင့် ပညာရေးနယ်ပယ််တွင် နှံစပ်သူဟု ဆိုနိုင်သည်။ လင်းခေး မဲဆန္ဒနယ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် SNLD ပါတီ အနိုင်ရရှိထားသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ဌာနေတိုင်းရင်းသားများ၏ ထောက်ခံမှုရရှိနိုင်ကြောင်း သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်တွင် SNLD ပါတီ၊ NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - စိုင်းအောင်ကျော်
အသက် - ၆၂ နှစ်
ပညာအရည်အချင်း - B.A, B.Ed
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စိုင်းအောင်ကျော်သည် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်နေရာ၌ SNLD ပါတီ ကိုယ်စားပြု၍ ယှဉ်ပြိုင်အနိုင်ရရှိသူဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် မူလတန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြ၊ အထက်တန်းပြ၊ လက်ထောက်မြို့နယ်မှူး၊ အလယ်တန်းကျောင်းအုပ်၊ အထက်တန်းကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူးနှင့် လ/ထ ညွှန်ကြားရေးမှူး (ပညာရေးဌာန) အဖြစ် အဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့ပြင် မြို့နယ်ကောင်စီဝင် (အချိန်ပိုင်း) ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်နှင့် ပရဟိတလုပ်ငန်းများ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
အမည် - နန်းခင်စော
အသက် - ၄၆ နှစ်
ပညာအရည်အချင်း - B.Sc (Botany)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
နန်းခင်စောသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် နေရာကို SNLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရရှိသဖြင့် လက်ရှိ ပြည်သူ့လွှတ်တော် ကိုုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ပြည်သူ့လွှတ်တော်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကော်မတီဝင်လည်း ဖြစ်သည်။ ထို့ပြင် ၁၉၉၆ ခုနှစ်တွင် တောင်ကြီးတက္ကသိုလ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၌ ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ ရှမ်းစာသင်ကြားရေး အစီအစဉ်တွင် ပါဝင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် နန်းခင်စော အနေဖြင့် ဒေသတွင်း ပါတီဖြစ်သည့် SNDP ပါတီနှင့် အဓိကယှဉ်ပြိုင်ရမည် ဖြစ်သည်။
အမည် - စိုင်းဟေလှိုင်း
အသက် - ၃၅ နှစ်
ပညာအရည်အချင်း - ဒုတိယနှစ်(ပထဝီ)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNDP ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
စိုင်းဟေလှိုင်းသည် လူလတ်ပိုင်း ရှမ်းလူမျိုးဖြစ်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်ပြု၍ ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဖြစ်သဖြင့် ဒေသခံများကြား စိတ်ဝင်စားမှု ခံရသူဟု ဆိုနိုင်သည်။ ကွန်းဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်သည် SNLD နှင့် SNDP ပါတီ တစ်လှည့်စီ အနိုင်ရရှိသည့်အတွက် ဒေသတွင်း ပါတီများအကြား ပြိုင်ဆိုင် ပြင်းထန်ကြောင်း သုံးသပ်ရသည်။ ယင်းမဲဆန္ဒနယ်ကို ၂၀၁၀ ရွေးကောက်ပွဲတွင် SNDP ပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် SNLD ပါတီက အနိုင်ရရှိခဲ့သဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စိုင်းဟေလှိုင်း အနေဖြင့် ဒေသခံတိုင်းရင်းသားများ၏ ထောက်ခံမှုရရှိရန် လိုအပ်မည် ဖြစ်သည်။
အမည် - စိုင်းဇော်ဝင်း
အသက် - ၄၈ နှစ်
ပညာအရည်အချင်း - B.Sc (Chemistry)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - နမ့်စန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စိုင်းဇော်ဝင်းသည် SNLD ပါတီ နမ့်စန်မြို့နယ် အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး SNLD ပါတီ ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းသည် ၂၀၀၈ ခုနှစ်မှ ၂၀၁ရအထိ မြို့မစျေး စည်ပင်သာယာရေးကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်သည်။ ဒေသခံ ပြည်သူလူထု သိမ်းဆည်းခံ မြေယာများ ပြန်လည်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။ နမ့်စန်မဲဆန္ဒနယ်တွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်ရင်းသားပါတီများအပေါ် ထောက်ခံမှု မြင့်တက်မှုအရ ယင်းမဲဆန္ဒနယ်တွင် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ဖွယ် ရှိနေသည်။
အမည် - စိုင်းလင်းမြတ်
အသက် - ၄၇ နှစ်
ပညာအရည်အချင်း - B.Sc (Maths)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စိုင်းလင်းမြတ်သည် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပြည်နယ် လွှတ်တော်၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လျှပ်စစ်ရေးရာကော်မတီ၏ အတွင်းရေးမှူး ဖြစ်သည်။ ၎င်းသည် ရှမ်းပြည်နယ် လျှပ်စစ်ဥပဒေကို ပါတီကိုယ်စား လွှတ်တော်သို့ တင်သွင်းမှု ဆောင်ရွက်ခဲ့ပြီး လွှတ်တော်က အဆိုပါဥပဒေကို အတည်ပြုခဲ့သည်။ မိုင်းရှူးမြို့နယ် မဲဆန္ဒနယ် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့ပြီး ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ပါတီ အနိုင်ရရှိထားသဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် စိုင်းလင်းမြတ်အနေဖြင့် တိုင်းရင်းသားပါတီ ထောက်ခံမှုှုရရှိရန် အလားအလား ကောင်းသည်ဟု ဆိုနိုင်သည်။
အမည် - စိုင်းဥက္ကာ
အသက် - ၃၁ နှစ်
ပညာအရည်အချင်း - B.Sc (Geology) Tgi
လူမျိုး/ဘာသာ - ရှမ်း-ဗမာ/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လဲချားမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
စိုင်းဥက္ကာသည် လဲချားမြို့နယ် SNLD ပါတီ၏ အလုပ်အမှုဆောင်ကော်မတီတွင် ဘဏ္ဍာငွေရေးမှူးဖြစ်ပြီး SNLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ထို့ပြင် ဒေသန္တရဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ မြေယာနှင့် သဘာဝ သယံဇာတဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များအား လေ့လာသင်ယူလျက် ရှိသည်။ လဲချားမြို့နယ် ပြည်သူ့လွှတ်တော်နေရာသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဒေသတွင်းပါတီဖြစ်သည့် SNLD ပါတီက အနိုင်ရရှိထားပြီး ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် SNLD ပါတီက အနိုင်ရရှိထားခြင်းကြောင့် ဒေသတွင်း ပါတီများအကြား ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။
အမည် - ဦးခင်မောင်သီ
အသက် - ၆၁ နှစ်
ပညာအရည်အချင်း - ၁၀ တန်း
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ဦးခင်မောင်သီက ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ပြု၍ ယှဉ်ပြိုင်အနိုင်ရရှိထားပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် ၁၉၈၈ မှ ၂၀၀၆ အထိ လွိုင်လင်မြို့နယ် ရပ်ကွက် (၄) ရ.၀.တ၊ ရ.ယ.က အရံအဖွဲ့ဝင်၊ နယ်မြေမှူး (၂) အုပ်စုမှူး၊ လွိုင်လင်မြို့ သမိုင်းဝင်မွေတော် ဖျီဖျဘုရားဂေါပကအဖွဲ့ ငွေထိန်းတာဝန်တို့ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် လွိုင်လင်ခရိုင် ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
အမည် - နန်းရွှေအုံ
အသက် - ၅၉ နှစ်
ပညာအရည်အချင်း - သိပ္ပံဘွဲ့ (သတ္တဗေဒ)
လူမျိုး/ဘာသာ - ရှမ်း/ဗုဒ္ဓ
ကိုယ်စားပြုပါတီ - SNLD ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
နန်းရွှေအုံသည် လွိုင်လင်မြို့နယ် SNLD ပါတီ အလုပ်အမှုဆောင်ကော်မတီ၏ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်ပြီး လွိုင်လင်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ စီးပွားရေးလုပ်ငန်းအနေဖြင့် ၁၉၉၇ ခုနှစ်မှ ယနေ့အထိ တော်ဝင်ဆေးကုခန်းကို လွိုင်လင်မြို့တွင် ဖွင့်လှစ်ထားသည်။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့၊ နာရေးကူညီမှုအသင်း စသည်တို့တွင် ပါဝင်ဆောင်ရွက်သူ ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မဲဆန္ဒနယ်သည် ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားဖြင့် နန်းရွှေအုံအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကို အဓိက ထားယှဉ်ပြိုင်ရမည်ဖြစ်ပြီး SNDP ပါတီ၊ NLD ပါတီနှင့် NDF ပါတီတို့လည်း ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် ဖြစ်သည်။
အမည် - ဦးညီပလုပ်
အသက် - ၆၈ နှစ်
ပညာအရည်အချင်း - ၁၀ တန်း
လူမျိုး/ဘာသာ - “၀” / ခရစ်ယာန်
ကိုယ်စားပြုပါတီ - “၀” အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးညီပလုပ်သည် ဟိုပန်မြို့နယ် ပြည်သူ့လွှတ်တော်နေရာကို “၀” အမျိုးသားပါတီမှ ဝင်ရောက် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းဖြစ်၍ ဒေသခံများကြား စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ဟိုပန်မြို့နယ် မဲဆန္ဒနယ်တွင် ၂၀၁၀ ရွေးကောက်ပွဲ၌ “၀” ဒီမိုကရက်တစ်ပါတီက အနိုင်ရရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်က အနိုင်ရရှိထားသည် မဲဆန္ဒနယ် ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် “၀” အမျိုးသားပါတီကို ဒေသခံများ၏ ထောက်ခံမှုအရ ၎င်းအနေဖြင့် ထောက်ခံမှုရရှိနိုင်သည့် အလားအလာရှိသည်။ ယင်းမဲဆန္ဒတွင် ဒေသတွင်းပါတီဖြစ်သည့် SNDP ပါတီနှင့် ပြည်မမှ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့ ယှဉ်ပြိုင်ကြမည် ဖြစ်သည်။