မအူပင် အကျဉ်းထောင်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၆ ဦးအထိ ရှိလာ

မအူပင် အကျဉ်းထောင်အတွင်း COVID-19 အတည်ပြုလူနာ ၁၀၆ ဦးအထိ ရှိလာ
Published 29 October 2020
မင်းသူဝင်းထွဋ်

မအူပင်မြို့  မအူပင် အကျဉ်းထောင်အတွင်း အောက်တိုဘာ ၂၈ ရက်အထိ ကျန်းမာရေး စစ်ဆေးမှုများအရ အကျဉ်းသားများ၊ အကျဉ်းဦးစီးဌာန ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် လူဦးရေ ၁၀၆ ဦးထံတွင် COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့ရကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၃ ရက်တွင် မအူပင်ဆေးရုံတွင် တက်ရောက် ဆေးကုသမှုခံယူနေရသည့် အကျဉ်းသား တစ်ဦးထံတွင် COVID-19 စစ်ဆေးခဲ့ပြီး အောက်တိုဘာ ၂၅ ရက်တွင် ဆေးစစ်မှုရလဒ်အရ Positive ထွက်ရှိ ပြီးနောက် အကျဉ်းထောင်အတွင်းရှိ ဝန်ထမ်းများနှင့် Positive လူနာနှင့် တစ်ဆောင်တည်း နေထိုင်သူ အကျဉ်းသားများအား အောက်တိုဘာ ၂၆ ရက်မှ စတင်ကာ COVID-19 ကူးစက်ခံထားရခြင်းရှိမရှိ ဆက်လက် စစ်ဆေးရာတွင် ၁၀၄ ဦးထံတွင် ရောဂါကူးစက်ခံထားရသည်ကို တွေ့ရှိရကြောင်း၊ ရောဂါကူးစက် ခံထားရသည့် အကျဉ်းသားများကို အကျဉ်းထောင်အတွင်း သီးသန့်ဆောင်တွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် လွတ်ရက်စေ့ အကျဉ်းသား သုံးဦးအား ထပ်မံစစ်ဆေးရာတွင် နှစ်ဦးထံတွင် ရောဂါအတည်ပြုချက် ထပ်မံတွေ့ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ ၂၅ ရက်က တစ်ယောက် တွေ့တယ်ပေါ့နော်။ ၂၃ ရက်က ဆေးရုံတက် တဲ့လူနာပေါ့။ မအူပင်ဆေးရုံမှာ ဆေးရုံတက်တဲ့လူနာ ၂၅ ရက်မှာ စစ်တယ်။ Positive ထွက်တယ်။ အကျဉ်းသားပေါ့။ သူနဲ့ ဆက်စပ်ပြီးတော့ သူနေတဲ့အဆောင်ပေါ့။ သူနေတဲ့အဆောင်က အကျဉ်းသားတွေရယ် အကျဉ်းထောင်ဝန်ထမ်း အချို့ရယ်၊ ဝန်ထမ်းမိသားစုတွေရယ်၊ လွှတ်မဲ့သူတွေရယ်။ အဲဒါအားလုံးကို ၂၆၊ ၂၇ နှစ်ရက်မှစစ်တာ ၂၅၅ ယောက် စစ်တာ ၁၀၄ ယောက်တွေ့တယ်။ ၁၀၄ ယောက် တွေ့တဲ့အခါကျတော့ အဲဒီထဲက ၁၁ ယောက် ကတော့ အကျဉ်းထောင် ဝန်ထမ်းတွေရယ်၊ မိသားစုဝင်တွေရယ်၊ လွှတ်မဲ့သူတွေရယ်ကိုတော့ ကျွန်တော်တို့ နည်းပညာ ကျောင်းမှာရှိတဲ့ ယာယီဆေးရုံမှာ ရွေ့ထားတယ်။ ကျန်တဲ့ ၉၃ ယောက်ကတော့ အကျဉ်းထောင်ထဲက သီးခြားအဆောင်မှာ သီးသန့်ထားထားတယ်ပေါ့။ သူတို့ကဘာမှတော့ လက္ခဏာမပြဘူး။ လက္ခဏာမပြတဲ့ အတွက်ကြောင့် ဒီအတိုင်းပဲ စောင့်ကြပ်ကြည့်ရှုတဲ့ အဆင့်ပဲရှိပါတယ်။ လိုအပ်လို့ရှိရင်တော့ ဆေးရုံတင်ပို့လုပ်မယ်ပေါ့။ မနေ့ကတော့ ကျွန်တော်တို့လွှတ်မဲ့သူ သုံးယောက်ထပ်စစ်တယ်။ နှစ်ယောက်ထပ်တွေ့တယ်။ မနေ့က ဒီနေ့ ကျွန်တော်တို့ ဧရာဝတီ ပြည်သူ့ကျန်းမာက ကြေညာတဲ့ နှစ်ယောက်က အဲဒီနှစ်ယောက်ပဲ မအူပင်နှစ်ဦးဆိုတာ အကျဉ်းထောင်က တွေ့တာပဲ။ ဒီသုံးရက်အတွင်းမှာ စစ်တာ ၂၅၈ ဦးမှာ ၁၀၆ ဦးတွေ့ထားတယ်ပေါ့” ဟု ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာသီဟအောင်က ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီအထိ သတင်းထုတ်ပြန်ချက်များအရ COVID-19 ကူးစက်ခံခဲ့ရသည့် လူဦးရေမှာ ၁၀၆၈ ဦးအထိရှိခဲ့ပြီး ရောဂါသက်သာ ပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၆၅၉ ဦးရှိကာ ၄၀၉ ဦးမှာ ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။