ကျေးရွာအတွင်း လာရောက်မဲဆွယ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သည့် NLD အဖွဲ့ကို COVID-19 ကူးစက်မှု ကာကွယ်ရန် ကျေးရွာအတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သည့် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာ ရာအိမ်မှူးအား အမှုဖွင့်

ကျေးရွာအတွင်း လာရောက်မဲဆွယ်သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သည့် NLD အဖွဲ့ကို COVID-19 ကူးစက်မှု ကာကွယ်ရန် ကျေးရွာအတွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့သည့် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာ ရာအိမ်မှူးအား အမှုဖွင့်
ကြိုးကြာကန်ကျေးရွာ ရာအိမ်မှူးအား တွေ့ရစဉ်
ကြိုးကြာကန်ကျေးရွာ ရာအိမ်မှူးအား တွေ့ရစဉ်
Published 29 October 2020
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာတွင် အောက်တိုဘာလ ၂၇ ရက်က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်သည့် NLD အဖွဲ့ကို COVID-19 ကူးစပ်မှု ကာကွယ်ရန်အတွက် မုံရွာမြို့နယ် ကြိုးကြာကန်ကျေးရွာမှ ရာအိမ်မှုးက ကျေးရွာအတွင်း လာရောက် မဲဆွယ်မှုကို ဝင်ရောက်ခွင့်မပြုဘဲ တားဆီးခဲ့သောကြောင့် အဆိုပါ ရာအိမ်မှုးအား အမှုဖွင့် အရေးယူထားကြောင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးခင်မောင်စိုး၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာလ ၂၇ ရက်နေ့က မုံရွာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးသန့်စင်မောင် အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မုံရွာခရိုင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်သီတာဝင်း၊ မုံရွာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်အမာကြည်၊ NLD အောင်နိုင်ရေးမှ တာဝန်ရှိသူများသည် ယင်းကျေးရွာကို သွားရောက်မဲဆွယ်ရာမှာ ရာအိမ်မှူးက ရွာထိပ်တွင် ဝါးလုံးတားကာ ကျေးရွာအတွင်း ဝင်ရောက်ခွင့်မပြုဘဲ တားဆီးခဲ့ကြောင်း သိရသည်။

“ရဲစခန်းမှာ အမှုဖွင့်ထားတယ်ဗျ။ ပုဒ်မကတော့ အများပြည်သူ သွားလာတဲ့လမ်းကို ပိတ်ဆို့ဟန့်တားတဲ့ အတွက်ပါ့နော်။ အဲဒါနဲ့ အမှုဖွင့်ထားတာ။ ရဲကတော့ သူ့ရဲအရေးပိုင်တာ ဖြစ်တဲ့အတွက် သူ့ကိုခေါ်မေးမှာပေါ့။ ကျနော်တို့ ဘက်ကတော့ ရာအိမ်မှူးကိုခေါ်တာ မရှိပါဘူးဗျ” ဟု မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဉီးခင်မောင်စိုးက ပြောကြားသည်။

ဧပြီလ ၂၂ ရက်နေ့ရက်စွဲဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ရပ်ကွက်ကျေးရွာများအားလုံး ခွင့်ပြုချက်မရှိဘဲ ဝင်/ထွက်များကို အတားအဆီးများ ချထားပြီး ပိတ်ဆို့ခြင်း၊ ဝင်/ထွက်မှုများ တားမြစ်ခြင်းများကို မိမိတို့ သဘောဖြင့် မပြုရန် ညွှန်ကြားချက် ထုတ်ပြန်ထားသည်။

ထို့အပြင် ကျေးရွာသည် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့် မြို့နယ်အလိုက် ထုတ်ပြန်ထားသော ဒေသန္တရ အမိန့်များ အတိုင်းသာ လိုက်နာဆောင်ရွက်ရေး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အားလုံးကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြား လိုက်နာဆောင်ရွက်သွားရန် ဖြစ်သည်ဟု ထုတ်ပြန်ထားကြောင်း သိရသည်။

အလားတူ ရပ်ကွက်ကျေးရွာများအတွင်း ဝင်/ထွက် သွားလာမှုကို တားမြစ်ပိတ်ပင်ခြင်း မပြုရန်အတွက် သက်ဆိုင်ရာ မြို့နယ်အလိုက် စီမံခန့်ခွဲမှု ကော်မတီများက စနစ်တကျ ကြပ်မတ်သွားရန် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

 

Most Read

Most Recent