မန္တလေးမြို့ ဟိုတယ်တစ်ခု၏ ၂၇ ထပ်မြောက်တွင် အလုပ်သမားသုံးဦး ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်နေစဉ် စတီးကြိုးပျက်ကျသဖြင့် ပြုတ်ကျသေဆုံးမှု အောက်တိုဘာလ၂၈ ရက် ညနေ လေးနာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း၊ ၃၉ လမ်းနှင့်လမ်း ၄၀ ကြားရှိ Grand Park ဟိုတယ်ရှိ ၂၇ ထပ်မြောက်တွင် မှန်လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် စတီးကြိုးပြတ်ကျမှု ဖြစ်ပွားရာမှ ယခုကဲ့သို့ အသက်သေဆုံးသည်ထိ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

“ဟိုတယ်ကတော့ ၃၂ ထပ်မြင့်တာပေါ့နော်။ ၂၇ ထပ်မှာ ပြီးခဲ့တဲ့ တစ်ခါတုန်းက လေတွေတိုက်တော့ မှန်တွေကွဲသွားတာရှိတယ်။ မှန်တွေကွဲသွားတာကို ပြုပြင်ဖို့ အလုပ်သမား ငါးယောက်မှာ သုံးယောက်က မှန်တွေ တပ်လဲတယ်။ နှစ်ယောက်က အောက်မှာရှိတယ်။ အဲမှာ ငြမ်းခေါ်မှာပေါ့နော်။ စတီးကြိုး တစ်ချောင်းက ပြတ်သွားပြီး ၂၇ ထပ်ကနေ ပြုတ်ကျတယ်။ သုံးယောက်လုံး သေသွားတယ်။ ဖြစ်စဉ်ကတော့ အဲဒါပါပဲ။ သေမှုသေခင်းဖွင့်ပြီး စစ်ဆေးမှာပေါ့” ဟု မဟာအောင်မြေမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

အဆိုပါ စတီးကြိုးပြတ်ကျ၍ သေဆုံးခဲ့သူများမှာ ဦးသက်နိုင် (၅၀ နှစ်)၊ အာကာ (၁၉ နှစ်) နှင့် ဦးစန်းဝင်း (၄၀ နှစ်) တို့ဖြစ်ကြကြောင်း သိရပြီး ၎င်းတို့သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အမှတ် (၇) နယ်မြေရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၁၂/၂၀၂၀ တို့ဖြင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။















