ချင်းပြည်နယ် ပလက်ဝဒေသအတွင်းရှိ ကျေးရွာအုပ်စု ၁၂ အုပ်စုကို ထပ်ဖြည့်၍ ရွေးကောက်ပွဲ ကျင်းပပေးရန် အတွက် KACC (ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ) မှ တောင်းဆိုခဲ့ကြောင်း သိရသည်။
“KACC သည် ပလက်ဝမြို့နယ်အရေးကို တောက်လျှောက် ကြေညာချက်တွေ ထုတ်ပြန်ခဲ့တာရှိတယ်။ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကျင်းပခွင့်ပြုဖို့ ကြေညာချက် နှစ်ကြိမ် ထုတ်ပြန်ခဲ့တယ်။ လုံခြုံရေး ပိုင်းပေးဖို့ပေါ့။ စစ်ဘေးဖြစ်နေတဲ့ ဒေသဖြစ်လို့ပေါ့။ မြန်မာနိုင်ငံကလည်း တိုက်ပွဲထန်ဆုံး မြို့နယ်လို့ ပြောလို့ရတာပေါ့။ မှတ်တမ်းဝင်သွားတာပေါ့။ ထိတွေ့မှု အများဆုံး ဖြစ်တယ်။ အကယ်၍ ရွေးကောက်ပွဲ ကျင်းပလို့ မရဘူးဆိုရင် ပြည်သူလူထုသည် ပိုပြီးတော့ နိုင်ငံသား အခွင့်အရေး ပိုဆုံးရှုံးသွားမယ်။ လူထုရဲ့ ကိုယ်စားပြုမှုက လွှတ်တော်ထဲကို ရောက်မသွားဘူးဆိုရင် လူထု အသံက ပိုပြီးတော့ တိမ်ကောသွားပြီးတော့ စစ်ဘေးဘောင်က ပိုကျယ်သွားပြီးတော့ လူထုတွေ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အခုတောင် စားဝတ်နေရေး အရမ်းခက်ခဲနေတဲ့ အနေအထားရှိတယ်။ ဖမ်းဆီးခံရတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ မီဒီယာ အပေါ်မှာ သတင်းမှန်တွေ မရောက်နိုင်တာတွေပေါ့။ နှစ်ဖက်စလုံးက ချိန်းချောက်မှုတွေရှိတော့ လူထုက စစ်ဘေးထဲမှာ ပိုပြီးတော့ နစ်မွန်းမှာ စိုးရတော့ တောက်လျှောက်ကို အသံထွက်ခဲ့သော်လည်းပဲ အောက်တိုဘာ ၁၆ ရက်နေ့တုန်းက ပလက်ဝ တစ်မြို့လုံးမှာ ကျမတို့ တင်ပြတောင်းဆိုမှုမျိုးတွေ မြင်လို့လားတော့လား မသိဘူး တစ်မြို့နယ်လုံးတော့ ရွေးကောက်ပွဲ ကျင်းပခွင့်ရမယ်လို့ ပါလာပြီး တစ်နိုင်ငံလုံးက ပလက်ဝတောင် လုပ်ခွင့်ရရင် ဒီနေရာ ဘာလို့ မရတာလဲ ဆိုတာမျိုးတွေ ဝေဖန်သံတွေ ဆူညံသွားတော့ ပြန်ပြီးတော့ UEC (ရွေးကောက်ပွဲ ကော်မရှင်) က ပြန်လည် သုံးသပ်တော့ ၉၄ အုပ်စု ချန်လှပ်ခံခဲ့ရတယ်။ ပလက်ဝမြို့နယ်မှာ ကျေးရွာအုပ်စုက ၉၅ အုပ်စုရှိတယ်။ တစ်အုပ်စုပဲ ကျန်တော့တယ်။ ပလက်ဝမြို့ပေါ်မှာ ရပ်ကွက် ၄ ခု၊ ဆမီးမြို့မှာ ၃ ခုဆိုတော့ ပေါင်း ၇ ခု ဆိုတော့ စုစုပေါင်း ၁၀၂ အုပ်စု မှာ ၈ အုပ်စုပဲ ကျန်ခဲ့တဲ့သဘောပေါ့။ ရွေးကောက်ပွဲ ကျင်းပလို့ရတယ် ဆိုရင်တောင် လူထုရဲ့ အမှန်တကယ် ကိုယ်စားပြုမှုက ဘောင်ကျဉ်းသွားတယ်လို့ ပြောရမှာပေါ့။ ဟု KACC (ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ) မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောကြားခဲ့သည်။
ကြေညာချက်ကို အောက်တိုဘာလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ထုတ်ပြန်ချက်တွင် မိမိတို့ ကောင်စီအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၉၄ အုပ်စုတွင် ရွေးကောက်ပွဲ ကျင်းပတော့မည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန် ကြေညာချက်အပေါ် အလွန် အံ့သြတုန်လှုပ်မိပြီး မဲဆန္ဒရှင် ပြည်သူများကိုယ်စားများစွာ စိတ်မကောင်း ဖြစ်ရပါကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် လုံခြုံမှု အခြေအနေ ရှိကြောင်းချင်းပြည်နယ် အစိုးရ အဖွဲ့သို့ တင်ပြထားသည့် ကျေးရွာအုပ်စု ၁၂ ခုတွင် ရွေးကောက်ပွဲ ကျင်းပခွင့် ပြုလုပ်ပေးပါရန် အလေးအနက် တောင်းဆိုလိုက်ပါသည် ဟု ပါရှိသည်။
“အရင်က ကျွန်မတို့ ကိုယ်တိုင်ကလည်း ကျေးရွာအုပ်စု ၈၀ လောက်ကို ကျင်းပနိုင်မယ်လို့ စီအက်အို အနေနဲ့ အသံထွက်တော့ ပြည်နယ်အစိုးရကနေ ပြည်ထောင်စု အစိုးရကို အုပ်စု ၈၀ လောက် ပါလာဖို့ မှန်းထားတာ ပြန်လည် သုံးသပ်တော့ အခု လောက်ပဲ ပါလာတော့ ဘောင်ပိုကျဉ်းသွားတာပေါ့။ အဓိက က လုံခြုံရေး အဲဒီနေရာတွေက စစ်ပွဲတိုက်ရိုက်ထိတွေ့တဲ့ နေရာမဟုတ်ဘူး။ အခု ၁၂ အုပ်စုကိုက အစက ရွေးချယ်စရာ ဘောင်က ၈၀ ရှိတဲ့ အထဲမှာ ပြန်ပြီးတော့ ပြန်လည် သုံးသပ်တဲ့ အခါမှာ ပလက်ဝ၊ ဆမီးနဲ့ ရှင်းလက်ဝပဲ ကျန်တော့၊ အစက ၈၀ ထဲမှာ တိုက်ပွဲ လုံးဝမဖြစ်ခဲ့တဲ့ နေရာတွေရှိတယ်။ ဥပမာ သံတောင်ဖက်၊ ဒီနှစ်ထဲမှာဆို သံတောင်ဖက်မှာ တိုက်ပွဲ တော်တော်နည်းတယ်။ ကျမတို့က ဒေသခံ ဖြစ်တဲ့အတွက် ဒေသ အခြေအနေကို အမြဲတမ်း နားစွင့်နေတယ်။ အမြဲ ကြားသိနေရတယ်။ လေးမြို့ ချောင်း သံတောင်ဒေသဆိုရင် တိုက်ပွဲမဖြစ်တဲ့ အုပ်စုတွေဆိုရင် လူထုကလည်း တိုက်ပွဲမဖြစ်တဲ့အတွက် လူထုကလည်း ရွေးကောက်ပွဲ ဘာ့ကြောင့် ပယ်ဖျက်လိုက်ရလဲ ဆိုတဲ့ လူထုက တောက်လျှောက် မေးလာကြတယ်။ ဆမီးနဲ့ မတူပီကြားဆိုရင် စစ်ဘေးရှောင် ပစ္စည်းတွေ တောက်လျှောက်ပို့နေတယ်။ မဲပုံးတွေလည်း ဆမီးလမ်းကြောင်းက ပို့နေတာ။ မဲပုံးတွေတောင် ပို့နေတာ ဘာ့ကြောင့် ရွေးကောက်ပွဲ လုပ်လို့ မရသလဲပေါ့။ တိုက်ပွဲပြင်းထန်တာက ကုလားတန်ဖက်မှာ ပြင်းထန်တာ။ ဆမီး အောက်ပိုင်း တစ်ကြောမှာ ဖြစ်တယ်။ လိုင်းလွန်းပီမြို့နဲ့ ရှင်းလက်ဝဆိုရင် ဟိုဖက်က ဆန်အိတ်တွေ ချနေတာ။ မဲပုံးတွေ ဆိုရင် လိုင်းလင်းပီ - ရှင်းလက်ဝလမ်းကနေ သယ်နေတာ။ မဲပုံးတွေတောင် သယ်လို့ရတယ်။ ဟိုဖက်လမ်းဆိုရင် ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်တွေကို လမ်းကြောင်း နှစ်ခုကနေ ပို့နေတာ။ အခု ချန်လှပ်ခံရတယ်။ အခု ထပ်မံတောင်းဆိုတာက ပလက်ဝမြို့နဲ့ အနီးတစ်ဝိုက်ကို စဉ်းစားပေးဖို့ပေါ့၊ ဆမီးမြို့နဲ့ အနီးတစ်ဝိုက်က ကျေးရွာအုပ်စုတွေကို ထပ်တိုးပေးဖို့၊ ရှင်းလက်ဝနဲ့ အနီးတစ်ဝိုက်ရွာတွေ တိုးပေးဖို့အတွက် ၁၂ အုပ်စုကို တောင်းဆိုတာပေါ့။ တကယ် တောင်းဆိုချင်တာက တိုက်ပွဲထိတွေ့မှု မရှိတဲ့ ဒေသတွေကို တောင်းဆိုချင်တာ ဒါဆိုရင် အုပ်စု ၄၀ လောက် တောင်းဆိုချင်တာ၊ ဒါပေမယ့် ဘောင်ထပ်ကျဉ်းသွားတော့ ၁၂ အုပ်စုကို ပြန်တောင်းဆိုတာ။ ကျမတို့ လိုချင်တာက အုပ်စု ၈၀ လောက်ကို လုပ်စေချင်တာပေါ့။ အခုတော့ စစ်တပ်ကလည်း လုံခြုံရေး ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ UEC က ပြန်လည်း သုံးသပ်ပေးဖို့ပေါ့။ အခုတော့ ရွေးကောက်ပွဲကလည်း ၈ ရက်နေ့ ဆိုတော့ အရမ်းလည်း နီးပြီဆိုတော့ ကပ်မှ ဖြုတ်လိုက်တော့ လုပ်ရကိုင်ရ ခက်သွားတာပေါ့” ဟု မိုင်နန်းဝေက ဆက်လက် ပြောကြားခဲ့သည်။
ပလက်ဝမြို့နယ် အတွင်းတွင် ပလက်ဝမြို့ပေါ်ရှိ ရပ်ကွက် ၄ ခု၊ ဆမီးမြို့ပေါ်ရှိ ရပ်ကွက် ၃ ခုနှင့် ရှင်းလက်ဝ အုပ်စုဟူ၍ ရပ်ကွက်ကျေးရွာအုပ်စု ၈ ခုတွင်သာ ကျင်းပနိုင်မည်ဖြစ်ပြီး တစ်မြို့နယ်လုံးရှိ မဲပေးနိုင်သည် ဦးရေ ၆၀၀၀၀ ကျော်အနက် လူဦးရေ ၁၀၀၀၀ နီးပါးသာ မဲပေးခွင့်ရရှိမည် ဖြစ်သည်ဟု သိရသည်။
“ရွေးကောက်ပွဲ လုပ်ခွင့်ရတယ် မရဘူးဆိုတာ တိုက်ပွဲတွေကြောင့် ပြည်တွင်းစစ်ကြောင့် ဖြစ်တယ်။ ပြည်တွင်းစစ်က ကိုယ့်နိုင်ငံသား အချင်းချင်းဖြစ်တဲ့ စစ်ကြောင့် အခုလိုမျိုး ထိခိုက်နစ်နာ တာကလည်း ကိုယ့်နိုင်ငံသား အချင်းချင်းပဲ ထိခိုက်နစ်နာရတာ။ ကျမတို့က နိုင်ငံရေး နည်းလမ်းကို လက်နက်ကိုင် ဖြေရှင်းခြင်းက လူထုအတွက် နစ်နာမှု များတယ်။ အဲဒါကြောင့် လက်နက်ကိုင် နည်းထက်စာရင် နိုင်ငံရေး စကားဝိုင်းမှာ ဖြေရှင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းစေချင်တယ်။ တစ်ခုခု လုပ်တော့မယ်ဆိုရင် လူထုရဲ့ နစ်နာမှု အတိုင်းအတာကို ကြည့်စေချင်တယ်။ ဘယ်ဟာက လူထုရဲ့ နစ်နာမှု နည်းနိုင်မလဲဆိုတာ သုံးသပ်စေချင်တယ်။ လူထု နစ်နာမှုနည်းတဲ့ နည်းလမ်းကို ရွေးစေချင်တယ်။ AA ကိုလည်း နိုင်ငံရေး စကားဝိုင်း ပြန်လာနိုင်ဖို့ အတွက်ကို အစိုးဖက်က ကမ်းလှမ်းဖို့လိုတယ်။ AA ကလည်း လျော့စရာရှိတာ လျော့ပြီးတော့ ပြန်ပြီးတော့ သေသေချာချာ ညှိနှိုင်းပြီးတော့ ပြန်လာနိုင်မယ်ဆိုရင် ရွေးကောက်ပွဲ ကျင်းပလို့ ရတယ်၊ မရဘူးဆိုတာ မရှိတော့ဘူးပေါ့။ လွှတ်တော်ထဲကျရင် ငြိမ်းချမ်းရေး စကားဝိုင်းတွေ များများပေါ်ထွက်လာဖို့အတွက် ဦးစားပေး စေချင်ပါတယ်” ဟု KACC ( ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ) တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။