မဲရုံများအတွက် လူ ၃၀ဦးထက်ပိုမိုစုဝေးခွင့်ပြုကြောင်းနှင့် လူ ၅၀ ထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးခြင်းသည် နိုဝင်ဘာ ၆ ရက်အထိသာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်

မဲရုံများအတွက် လူ ၃၀ဦးထက်ပိုမိုစုဝေးခွင့်ပြုကြောင်းနှင့် လူ ၅၀ ထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာမဲဆွယ်စည်းရုံးခြင်းသည် နိုဝင်ဘာ ၆ ရက်အထိသာ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်
Published 25 October 2020
မျိုးထက်ပိုင်

နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀၂ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများအတွက် လူ ၃၀ဦးထက် ပိုမိုစုဝေးခွင့်ပြုကြောင်းနှင့် လူ ၅၀ ထက်မပိုသော ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးခြင်းသည် နိုဝင်ဘာ ၆ ရက်အထိသာ အကျုံးဝင်ကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၂၅ ရက်) တွင် ထုတ်ပြန်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019 - COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဩဂုတ်လ ၁၂ ရက်စွဲပါ အမိန့်အမှတ် ၈၈/၂၀၂၀ ဖြင့် လူ ၃၀ ဦးဖြစ်စေ၊ လူ ၃၀ ဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရန် ထုတ်ပြန်ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရန် မဲရုံများအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီစွာ ဆောင်ရွက်နိုင်ရန် လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကို ခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းများကို COVID-19 ရောဂါ ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဩဂုတ်လ ၁၂ ရက်စွဲပါ အမိန့်အမှတ် ၈၈/၂ဝ၂ဝ အရ လူ ၃ဝ ဖြစ်စေ ၊ လူ ၃၀ ဦးထက်ပို၍ ဖြစ်စေ စုဝေးခြင်းပြုနိုင်သည့် ကိစ္စရပ်များတွင် “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် ကျန်းမာရေး စံလုပ်ငန်းလမ်းညွှန် (SOP) နှင့်အညီ နေရာအနေအထား၊ အကျယ်အဝန်းအပေါ် မူတည်၍ တစ်ကြိမ်လျှင် လူ ၅၀ ဦးထက် မပိုသော ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း” ကိစ္စရပ်ကို ထပ်မံဖြည့်စွက်သည့် အမိန့်အား စက်တင်ဘာ ၆ ရက်စွဲပါ အမိန့်အမှတ် ၁၀၁/၂၀၂၀ နှင့် ထုတ်ပြန်ကြေညာခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအမိန့်အမှတ် ၁၀၁/၂၀၂၀ တွင် ဖော်ပြထားသည့် ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်း၊ မဲဆွယ်စည်းရုံးခြင်း ကိစ္စရပ်များအတွက် စုဝေးခြင်းပြုနိုင်သည့် လူအရေအတွက် ၊ နေရာနှင့် စပ်လျဉ်း၍ သတ်မှတ်ခွင့်ပြုချက်သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် ၁၇၃/၂၀၂၀ ပါစည်းကမ်းချက်နှင့် ကိုက်ညီစေရန် နိုဝင်ဘာ ၆ ရက်နေ့ ၊ ည ၁၂ နာရီအချိန်ထိသာ အကျုံးဝင်ကြောင်း ထုတ်ပြန်ထားသည်။