မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ခွင့်ကာလတွင် ပြိုင်ပွဲ ၁၀ ပွဲနှင့်အထက်ယှဉ်ပြိုင်ရန် စီစဉ်ထား

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ တိုကျိုအိုလံပစ်ဝင်ခွင့်ကာလတွင် ပြိုင်ပွဲ ၁၀ ပွဲနှင့်အထက်ယှဉ်ပြိုင်ရန် စီစဉ်ထား
Photos : THET HTAR Thuzar Facebook
Photos : THET HTAR Thuzar Facebook
Published 25 October 2020

မြန်မာကြက်တောင်အားကစား မယ် သက်ထားသူဇာသည် တိုကျို အိုလံပစ်ပြိုင်ပွဲဝင်ခွင့်ကာလတွင် ပြိုင်ပွဲ ၁၀ ပွဲနှင့်အထက် ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) သည် ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့်  မတ်လနောက်ပိုင်း ပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိရာ အိုလံပစ်ဝင်ခွင့်အတွက် ပြိုင်ပွဲများ ကျင်းပသည့် ကာလကို ပြောင်းလဲခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက်သို့ ပြောင်းလဲသတ်မှတ်ထားသည်။ 

BWF သည် ကပ်ရောဂါ အခြေအနေကြောင့် ယင်းကာလအတွင်းကျင်းပမည့် ပြိုင်ပွဲများအားလုံး ထုတ်ပြန်နိုင်ခြင်းမရှိသေးရာ သက်ထားသူဇာအနေဖြင့် ပြိုင်ပွဲများအားလုံး အတည်ပြုပြီးမှသာ ယှဉ်ပြိုင်မည့်ပြိုင်ပွဲများ ရွေးချယ်မည် ဖြစ်သည်။ သက်ထားသူဇာသည် အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ ရပ်တည်နေသောကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရန် အခြေအနေကောင်းနေပြီး ပြိုင်ပွဲများဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

"လက်ရှိအနေအထားကတော့ ဘာမှအတိအကျပြောလို့မရသေးတဲ့ အနေအထားဖြစ်ပါတယ်။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပေမဲ့ ကပ်ရောဂါအခြေအနေကလည်း စောင့်ကြည့်နေရပါတယ်။ ပြီးတော့ BWF ကိုယ်တိုင် ပြုလုပ်မယ့်ပြိုင်ပွဲ  တွေအားလုံး အတည်မပြုနိုင်သေးပါဘူး။ ကျင်းပဖို့စီစဉ်ထားတဲ့ ပြိုင်ပွဲတချို့တောင် ဖျက်သိမ်းလိုက်တာတွေရှိပါတယ်။ ကျွန်တော်တို့ကတော့ ပြိုင်ပွဲကာလမှာ ပြိုင်ပွဲ ၁၀ ပွဲ နဲ့အထက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ BWF က ပြိုင်ပွဲတွေအားလုံး အတည်ပြုပြီးမှပဲ ယှဉ်ပြိုင်မယ့်ပြိုင်ပွဲတွေ ရွေးချယ်သွားမှာပါ။ ကျွန်တော်တို့ကတော့ ပြိုင်ပွဲတွေများများ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပြီး အာရှနိုင်ငံတွေအပြင် ဥရောပနဲ့ အာဖရိကနိုင်ငံတွေမှာကျင်းပတဲ့ ပြိုင်ပွဲတွေပါ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်"ဟု သက်ထားသူဇာ၏ဖခင် ဦးထွန်းထွန်းဇော်က ပြောကြားခဲ့သည်။

သက်ထားသူဇာသည် ယခုနှစ် တွင် ပြိုင်ပွဲများစွာယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း ဥရောပနိုင်ငံများသို့ ရောက်ရှိပြီးမှ ပြန်လာရခြင်းဖြစ်သည်။ မတ်နှင့် ဧပြီတွင် ဥရောပငါး နိုင်ငံ၌ ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲများ ဆက်တိုက်ဖျက်သိမ်းရသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာရခြင်းဖြစ်သည်။ 

ထို့ကြောင့် သက်ထားသူဇာသည် ယခုနှစ်အတွင်း ပြိုင်ပွဲအနည်းငယ်သာ ယှဉ်ပြိုင်ရသေးပြီး လာမည့်နှစ်မှသာ ပြန်လည်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ သက်ထားသူဇာသည် အိုလံ ပစ်ဝင်ခွင့်ကာလအတွင်း ပုံမှန်ယှဉ်ပြိုင်နေသည့် Grade-3 ပြိုင်ပွဲများ အပြင်  Grade-2 ပြိုင်ပွဲများလည်း ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

Most Read

Most Recent