ဗန်ဒိုက်၏ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုမလုပ်ရသေးဟု ယာဂန်ကလော့ပ် အတည်ပြု

ဗန်ဒိုက်၏ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုမလုပ်ရသေးဟု ယာဂန်ကလော့ပ် အတည်ပြု
Photos : Getty Images
Photos : Getty Images
Published 25 October 2020

ဒူးအရွတ် (ACL) ဒဏ်ရာရရှိထားသည့် နောက်ခံလူ ဗန်ဒိုက်၏ဒဏ်ရာကို ခွဲစိတ်ကုသမှု မလုပ်ရသေးကြောင်း လီဗာပူးလ်အသင်း နည်းပြ ယာဂန်ကလော့ပ်က အတည်ပြုပြောကြားခဲ့သည်။

ဗန်ဒိုက်သည် ပြီးခဲ့သည့်တစ်ပတ် စနေနေ့က မာဆေးဆိုက်ဒါဘီပြိုင်ဘက် အဲဗာတန် အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ဂိုးသမား ပစ်ဖို့ဒ်၏ဖျက်ထုတ်မှုကြောင့် ယာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ Scan စစ်ဆေးမှုအရ ဗန်ဒိုက်အနေဖြင့် ACL (ဒူးအရွတ်) ထိခိုက်မိခြင်းဖြစ်ကြောင်း လီဗာပူးလ်အသင်းက အတည်ပြုထားပြီး ခွဲစိတ်ကုသရန် လိုအပ်ကြောင်း သိရသည်။ 

၎င်းအနေဖြင့် ရာသီကုန်အထိ အနားယူရနိုင်ကြောင်း ခန့်မှန်းမှုများ ထွက်ပေါ်နေသဖြင့်  ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက မေးမြန်းသော်လည်း ပြန်ကစားနိုင်ဖွယ်ရှိသည့်အချိန်ကို ဖြေကြားရန် ယာဂန်ကလော့ပ်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ 

"ဒီကိစ္စကို လူတွေစိတ်ဝင်စားကြတယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဗန်ဒိုက်က ဒီမှာပဲ ရှိနေပါတယ်။ သူအဆင်ပြေပါတယ်။ ခွဲစိတ်ကုသမှုလုပ်တဲ့အခါကျရင်လည်း ကျွန်တော်တို့ကို အချိန်ဘယ်လောက်ယူရမယ်ဆိုပြီး ပြောမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ သင့်လျော်တဲ့အချိန်တစ်ခုတော့ ယူရမှာပါ။ ဒါပေမဲ့ သူက အမြန်ဆုံးပြန်ကောင်းလာမှာပါ။ သူ  အချိန်ဘယ်လောက်အနားယူရမလဲဆိုတာ ကျွန်တော်တို့မသိချင်ပါဘူး။ အချိန်ယူရမယ်ဆိုတာတော့ သေချာပါတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြလို့ သူအချိန် ဘယ်လောက်ယူရမလဲဆိုတာ ကျွန်တော်တို့ ပြောလို့မရပါဘူး။ သူ့အတွက် အချိန်တော့ ကြာမှာပါ။ အဲဒါက ပြန်လည်ထူထောင်ရေးနဲ့  ပြန်လည်သန်စွမ်းရေးအတွက် အချိန်ယူရတဲ့ အပေါ်မှာ မူတည်ပါတယ်။ လောလောဆယ်တော့ အသစ်ပြောပြစရာမရှိသေးပါဘူး" ဟု ယာဂန်ကလော့ပ်က ပြောကြားခဲ့သည်။

Most Read

Most Recent