ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ရွှေတောင်မြို့နယ် လေးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပျောက်ဆုံးနေပြီး ခြောက်ရက်ကြာမြင့်အထိ တွေ့ရှိခြင်းမရှိ၍ အင်အားသုံးရှာဖွေနေကြကြောင်း တာဝန်ရှိသူများထံက သိရသည်။
အဆိုပါ ကလေးငယ်မှာ မကျီးပေါက်ကုန်းကျေးရွာအုပ်စု ကျောက်ဖူးကျေးရွာမှ မပြည့်ပြည့်ဇွန်ဖြစ်ပြီး အောက်တိုဘာ ၁၈ ရက် ညနေ ၄ နာရီခွဲခန့်က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး နာရီဝက်ခန့်အကြာမှ စတင်ကာ ရှာဖွေမှုများ ပြုလုပ်ခဲ့ပြီး ရက်ဆက်ဆိုသလို အင်အားသုံးရှာဖွေနေသော်လည်း အောက်တိုဘာ ၂၃ ရက်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
“ ကလေးပျောက်တယ်ဆိုပြီးအကြောင်း ကြားကြားခြင်း ကျွန်တော်တို့ ပိုက်စိပ်တိုက်ရှာပါတယ်။ မေးမြန်းစရာရှိတာတွေလည်း မေးကြပါတယ်။ ခေါက်တုံ့ခေါက်ပြန်ကို ရှာတယ်။ ရေစပ်တွေရှာတယ်။ ရပ်ရွာကအဖွဲ့တွေ ပရဟိတအဖွဲ့တွေလည်း လာကြတယ်။ သူတို့လည်း သုံးလေးရက်ဆက်ရှာပေးကြတယ်။ ရေတွင်းထဲလည်း ရှာကြတယ်။ ပျောက်တယ်လို့ သိရတဲ့အချိန်နဲ့ရှာတာက သိပ်မကြာပါဘူး။ အခုဟာက အဖြေရှာရခက်ခဲနေတယ်။ ရဲဘက်ကလည်း မေးမြန်းမှုတွေ အကုန်မေးမြန်းပါတယ်။ အခုထိတော့ မတွေ့ရသေးဘူး” ဟု မန်ကျီးပေါက်ကုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ကိုလတ်က ပြောကြားသည်။
ကလေးငယ် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ အခြားကျေးရွာများကလည်း စိတ်ဝင်စားမှု မြင့်တက်လာခြင်းကြောင့် နေစဉ်ဆိုသလို ရာချီကာ လာရောက်ကူညီရှာဖွေပေးနေကြပြီး ရွှေတောင်မြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့များ၊ ပြည်မြို့မှ ပရဟိတအဖွဲ့များနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များကလည်း အနီးနားလယ်ကွင်းနှင့် ယာခင်းများတွင်လည်း ရှာဖွေမှုများပြုလုပ်နေပြီး သံသယရှိသူကို ရွှေတောင်မြို့မရဲစခန်းတွင် ခေါ်ယူစစ်မေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
“ ဖြစ်စဉ်ကတော့ ဆော့ရင်းကလေးက ပျောက်သွားတော့ ပျောက်သွားတဲ့ရက်ကလည်း ကြာနေတော့ ကျွန်တော်တို့လည်း တောနင်းရှာတာပေါ့နော် ဆက်စပ်မသင်္ကာဖြစ်သူကိုတော့ ယာယီထိန်းသိမ်းပြီး စစ်ဆေးနေတယ်ပေါ့။ ကျန်တာကတော့ ရဲအပိုင်းဆိုတော့ အများကြီးပြောလို့မရဘူး။ ဒီနေ့လည်း နယ်မြေထဲမှာ မသင်္ကာတာလေးရှိလို့ ရှာဖွေတာပေါ့။ စစ်ဆေးမေးမြန်းစရာလေးတွေရှိလို့ ရွာကိုတစ်ခေါက် ပြန်လာကြည့်တယ်။ ကျွန်တော်တို့လည်းပေါ်အောင် ဖော်မှာပါ” ဟု ရွှေတောင်မြို့မစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းစိုးကြွယ်က ပြောကြားသည်။
ယင်းမိန်းကလေးငယ်မှာ အိမ်နီးနားချင်း ကလေးငယ်များနှင့် ဆော့ကစားနေစဉ် ရေသောက်သွားရာက ပျောက်ဆုံးနေခြင်းဖြစ်ပြီး ကလေးငယ်များက သူမနေအိမ်သို့ လိုက်လံမေးမြန်းရာက ပြန်လည်ရောက်လာခြင်း မရှိကြောင်း သိရပြီး ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။















