အာဆင်နယ်အတွက် ပထမဆုံး ပွဲဦးထွက်တွင် ခြေစွမ်းပြခဲ့သည့် ပါတေးကို အာတီတာအပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူများစွာ ချီးကျူး

အာဆင်နယ်အတွက် ပထမဆုံး ပွဲဦးထွက်တွင် ခြေစွမ်းပြခဲ့သည့် ပါတေးကို အာတီတာအပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူများစွာ ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 23 October 2020

အာဆင်နယ်အသင်းအတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရသည့် ရက်ပစ်ဝီအန်နှင့် ယူရိုပါလိဂ်ပွဲတွင် ခြေစွမ်းပြခဲ့သည့် ဂါနာကွင်းလယ်လူ သောမတ်စ်ပါတေးကို အသင်းနည်းပြ အာတီတာအပါအဝင် နာမည်ကြီး ဘောလုံးဝေဖန်သုံးသပ်သူများက လည်း ချီးကျူးခဲ့ကြောင်း သိရသည်။

    

ဂါနာလက်ရွေးစင်ကစားသမား ပါတေး (၂၇ နှစ်) သည် နွေရာသီအပြောင်းအရွှေ့ကာလ နောက်ဆုံးရက်တွင် အက်သလက်တီကိုအသင်းမှ အာဆင်နယ်အသင်းသို့ ရောက် ရှိလာသူဖြစ်ပြီး မန်စီးတီးအသင်းနှင့်ပွဲတွင် ပွဲပြီးခါနီးမှ လူစားဝင်ခွင့်ရသော်လည်း ရက်ပစ်ဝီအန်နှင့်ပွဲတွင်မူ ပွဲချိန်ပြည့်ပါဝင်ကစားခွင့်ရခဲ့သည်။ 

၎င်းသည် ပထမဆုံးကစားရသည့်ပွဲဖြစ်သော်လည်း ပြိုင်ဘက်အသင်း၏ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားဖြတ်တောက်နိုင်ခဲ့သလို တိုက်စစ်စတင်ရာတွင်လည်း ပံ့ပိုးမှုများပြုလုပ်ပေးနိုင်သဖြင့် အာဆင်နယ်အသင်း ပရိသတ်များက ရွေးချယ်သည့်  အကောင်းဆုံးကစားသမားဆု ဆွတ်ခူးရရှိခဲ့သည်။ 

"ကျွန်တော်တို့ ကစားပုံပိုဖွင့်လာတဲ့အချိန် ဒုတိယပိုင်းမှာ သူက ကွင်းလယ်ကို ကိုယ်တိုင်ထိန်းချုပ်ထားနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ တခြားကစားသမားတွေနဲ့ နေရာလွတ်တွေမှာ တိုက်စစ်လမ်းကြောင်းတွေ စပြီးကစားနိုင်လာတယ်။ သူက အရမ်းအံ့အားသင့်စရာကောင်းတဲ့သူလို့ ကျွန်တော် ထင်တယ်။ ပြီးတော့ သူ့ဆီကနေ ဒီထက် အများကြီး ထပ်ပြီးမြင်ရဦးမှာပါ" ဟု အာတီတာက ပွဲအပြီးသတင်းစာရှင်းလင်းပွဲတွင် ချီးကျူးပြောကြားသည်။

    

ပါတေးသည် ၂၀၁၂ ခုနှစ် အောက်တိုဘာနောက်ပိုင်း အာဆင်နယ်အသင်းအတွက် ပွဲထွက်ကစားခွင့်ရသည့် ပထမဆုံး ဂါနာကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

BT Sport ၏ ဘောလုံးဝေဖန်သူ မန်ယူနှင့် အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်း အိုဝင်ဟားဂရေ့ဗ်စ်က မိမိကြည့်ဖူးသမျှ ပွဲဦးထွက်များအနက် အကောင်းဆုံးတစ်ဦးဖြစ်ကြောင်း၊ ချယ်လ်ဆီးနှင့် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမားဟောင်း ကာရန်ကာနေးကလည်း ပါတေးမှာ အာဆင်နယ်အတွက် နှစ်ပေါင်းများစွာလိုအပ်နေသည့် သော့တစ်ခုဖြစ်ကြောင်း ချီးကျူးပြောကြားခဲ့သည်။ 

ယင်းပွဲတွင် ချေပဂိုးသွင်းယူခဲ့သူ ဒေးဗစ်လူးဝစ်ဇ် (၃၃ နှစ် ၁၈၃ ရက်)သည် ဆယ်စုနှစ်တစ်ခုအတွင်း အာဆင်နယ်အသင်း အတွက် မေဂျာဥရောပပြိုင်ပွဲများတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent