ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီနှင့် တွေ့ဆုံခြင်း

ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခင်ရီနှင့် တွေ့ဆုံခြင်း
Published 23 October 2020

ရွေးကောက်ပွဲမှာ ဒိုင်တွေလိုတာပေ့ါ။ ကြားကစောင့်ကြည့်မယ့် ဒိုင်တွေလိုတယ်။ NGO တွေ လိုတယ်။ လွတ်လပ်မျှတတဲ့သူတွေလိုတယ်။ အရင်အစိုးရလက်ထက်မှာလည်း ဒါတွေကို လွတ်လွတ်လပ်လပ် ပေးခဲ့တာပဲလေ။ အခုကျတော့ ပေးမယ်ပြောလိုက် မပေးဘူးပြောလိုက် ကန့်သတ်ချက်တွေလုပ်လိုက် ဒါတွေလည်း ကြားနေကြမှာပေ့ါလေ။ ဒီအခြေအနေတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ဟာမျိုး ဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာတယ်။

ယခင်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရလက်ထက်တွင် ပြည်ထောင်စုဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ရဲချုပ်တာဝန် ထမ်းဆောင်ခဲ့သည့် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များတွင် တစ်ဦးအပါအဝင်ဖြစ်သော လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီ၏ ဒုတိယဥက္ကဋ္ဌ (၂) တာဝန်ယူထားသူ ဦးခင်ရီအား လာမည့်ရွေးကောက်ပွဲအပေါ် အနိုင်ရရှိနိုင်မည့် မျှော်မှန်းချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပေါ် အမြင်များနှင့် ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရသည့် အခြေအနေများအပေါ် မေးမြန်းထားမှုများမှ အကြောင်းအရာ အချို့အား ထုတ်နှုတ်ဖော်ပြ အပ်ပါသည်။

မေး - ဘာကြောင့် ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်ကနေ ဝင်ပြုင်ဖြစ်တာလဲ။

ဖြေ - ကျွန်တော်ဇာတိက ဒီကမဟုတ်ပါဘူး။ မြစ်ဝကျွန်းပေါ် ဒေသပါ။ သို့သော်လည်းပဲ အစိုးရဝန်ထမ်းဘဝနဲ့ ပေါ့လေ။ မြစ်ဝကျွန်းပေါ်မှာက ငယ်စဉ်ကာလလေးပဲ မူလတန်းကျောင်းသား အလယ်တန်းကျောင်းသားဘဝပဲ နေခဲ့ရတာပါ။ နောက် အထက်တန်းကျောင်းသားဘဝ ရောက်တော့ မြို့ကိုပြောင်း အဲဒီကနေပြီးတော့ ၁၀ တန်းအောင်။ အဲဒီကနေ စစ်တက္ကသိုလ်တက် တပ်ထဲရောက် နိုင်ငံအနှံ့ပေ့ါလေ။ တိုင်းနဲ့ ပြည်နယ်အနှံ့ တာဝန်ထမ်းဆောင်ပေ့ါ။ နောက်တစ်ခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခွင့် ရတယ်။ အဲဒီတော့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ အဓိက တာဝန်တွေ ဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာကျေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ် ထိန်းသိမ်းရေး၊ အထွေထွေပြစ်မှုလုပ်ငန်းများ ဆောင်ရွက်ရေး စသည်ဖြင့်ပေါ့နော်။ ဒီလုပ်ငန်းတာဝန်လေးရပ်ကို ၁၀ စုနှစ်တစ်ခုနီးပါး ဆောင်ရွက်ခဲ့ရတယ်။ ဒါပြီးတော့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးအဖြစ် တာဝန်ယူရပါတယ်။ အဲဒီမှာလည်း ဝန်ကြီးလုပ်ငန်းအပြင် အခြားသော လုပ်ငန်းတွေလည်း ပါတာပေါ့။ ညှိနှိုင်းရေးမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်တာတို့။ ဘာတို့ ညာတို့ ဒီလုပ်ငန်းတွေ ရှိပါတယ်။ အဲဒါပြီးတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှာ ဒုတိယဥက္ကဋ္ဌအဖြစ် နိုင်ငံရေးတာဝန်တွေကို အချိန်ပြည့် ထမ်းဆောင်ရတာပေါ့။ အဲဒီတော့ ဒီလို အချိန်ပြည့် မထမ်းဆောင်ခင်ကတည်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့အသင်းဘဝထဲက ပါတီဝင် ဖြစ်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံရေးပါတီရဲ့ တာဝန်တွေကတော့ တောက်လျှောက်ထမ်းဆောင်လာခဲ့တယ်လို့တော့ ပြောလို့ရတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ မြစ်ဝကျွန်းပေါ်မွေးရပ်ဇာတိမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ သို့သော်လည်း ဒီနှစ်ကျတော့ အစိုးရသက်တမ်းငါးနှစ်ကာလလုံးက ရန်ကုန်တိုင်းဒေသကြီး အောင်နိုင်ရေးကို တာဝန်ယူရတော့ ဒီဒေသမှာပဲ ရန်ကုန်တိုင်းမှာရှိတဲ့ ၄၅ မြို့နယ်လုံးမှာပဲ နေ့စဉ်နဲ့အမျှ နိုင်ငံရေးတာဝန်တွေ အစည်းအဝေးတာဝန်တွေ ပါတီအောင်နိုင်ရေး တာဝန်တွေထမ်းဆောင်နေရတာပေါ့။ နောက်တစ်ခုက ငယ်စဉ်မူလတန်းကျောင်းသားဘဝ အလယ်တန်းကျောင်းသားဘဝက မွေးရပ်ဒေသမှာနေရပြီးတော့ ကျန်တာနိုင်ငံအနှံ့နေခဲ့ရတဲ့အခါကျတော့ ဘယ်နေရာမဆို ဇာတိမြေလို့ပဲသဘောထားတယ်။ ကချင်လည်းဇာတိမြေပဲ။ ရှမ်းလည်းဇာတိမြေပဲ။ မွန်လည်းဇာတိမြေပဲ။ ဒါကြောင့် ဒီနေရာသည်လည်း ဇာတိမြေလို့ ပြောလို့ရတယ်။ နောက်တစ်ခုက ဆိပ်ကြီးခနောင်တိုမြို့နယ်ဟာ ကျွန်တော်တို့ မွေးရပ်မြေလိုပဲ မြစ်ကမ်းဘေးမှာ ရှိတဲ့မြို့လေးတစ်မြို့ပေါ့နော်။ ဒီဒေသက လူတွေအပေါ်မှာ ငါးနှစ်တာကာလ စည်းရုံးလုပ်ကိုင်ရင်းနဲ့ စိတ်ထဲမှာစေတနာရှိတယ်။ စိတ်ထဲမှာ သူတို့အတွက်လုပ်ပေးချင်တယ်။ ဘာကြောင့်လဲဆို မြစ်ကြီးကမ်းနားဘေးနေပြီးတော့ ရေချိုရှားပါးတဲ့ ဒေသမျိုးဖြစ်တယ်။ ရန်ကုန်မြို့နဲ့နီးပြီးတော့ ရန်ကုန်နဲ့လူနေမှုအဆင့်ကွာဟတဲ့ သဘောလေးဖြစ်နေတယ်။ ရန်ကုန်နားနေပြီးတော့ အလုပ်အကိုင်ရှားပါးတဲ့သဘောလေး ဖြစ်တယ်။ အဲဒီဟာကိုလုပ်ပေးနိုင်ခွင့်ရှိတဲ့အချိန်မှာ လုပ်ပေးချင်တဲ့ ဆန္ဒလေးရှိတယ်။ နောက်တစ်ချက်ကလည်း ဒီဒေသမှာ တာဝန်ထမ်းဆောင်သွားကြတဲ့ ဗိုလ်ချုပ်ကြီးမြင့်ဆွေတို့ လက်ရှိ ဒုတိယသမ္မတလေ။ ၂၀၁၅ တုန်းက ဝင်ရွေးသွားတဲ့ ရန်ကုန်တိုင်းတိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ စသည်ဖြင့် သူတို့ကတော့ ဝင်အရွေးမခံတော့ဘူးပေ့ါလေ။ သူတို့ရဲ့ တိုက်တွန်းချက်တွေလည်းပါတာပေါ့။ မိမိကိုယ်တိုင်လည်း စေတနာရှိတယ် သူတို့ကလည်း တိုက်တွန်းတယ် ဒါကြောင့် ဒီနေရာလေးဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် စဉ်းစားပြီးတော့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဒေသလေးဖြစ်တယ်လို့ အကြမ်းဖျင်းပြောချင်ပါတယ်။

မေး - ၂၀၂၀ ရွေးကောက်ပွဲမှာ အောင်နိုင်ရေး မျှော်မှန်းချက်အနေနဲ့ ဘယ်လိုရှိပါသလဲ။

ဖြေ -  ဘယ်လိုအောင်နိုင်ရေးကို မျှော်မှန်းထားလဲဆိုတော့ ပထမအဆင့်ကတော့ ကျွန်တော်တို့ ပါတီက အစိုးရဖွဲ့နိုင်တဲ့အထိ ဆောင်ရွက်လုပ်ကိုင်နိုင်တဲ့ ပါတီလို့ ဒီလိုယုံထားတာပေ့ါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုယုံရတာကလည်း အချက်အလက်တွေ ရှိတယ်လေ။ နံပါတ်(၁)က ယေဘူယျအားဖြင့် အင်အားအရ တစ်နိုင်ငံလုံးလွှမ်းခြုံထားနိုင်တဲ့အင်အားစုရှိတယ်။ တစ်နိုင်ငံလုံး ယှဉ်ပြိုင်နိုင်တဲ့ အနေအထားမျိုးရှိတယ်။ ထို့ကြောင့် သဘောထားအရ ပြည်သူက ထောက်ခံတယ်ဆိုရင် အစိုးရဖြစ်နိုင်တဲ့ ပါတီမျိုးဖြစ်တယ်။ ဒုတိယအချက်က မိမိရဲ့ ပါတီက အတွေ့အကြုံရှိခဲ့တဲ့ ပါတီဖြစ်တယ်လေ။ အစိုးရ လုပ်ခဲ့ဖူးတဲ့ ပါတီဖြစ်တယ်။ ဒီပါတီထဲမှာ ရှိတဲ့သူတွေကလည်း အစိုးရအဖွဲ့အစည်း အသီးသီးမှာ အဆင့်ဆင့်သော တာဝန်တွေ ထမ်းဆောင်ခဲ့တဲ့ ပါတီဝင်တွေ ဖြစ်တယ်။ နောက်တစ်ခုက ကိုယ်ကိုတိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကိုယ်ကိုတိုင် တာဝန်ထမ်းဆောင်စဉ်တုန်းက တွေ့ရှိရတဲ့ အတွေ့အကြုံတွေ အားသာချက် အားနည်းချက်တွေ ဒီအပေါ်မှာ ကောင်းကောင်း သုံးသပ်ထားတယ်။ လက်ရှိအစိုးရ ဆောင်ရွက်ချက်တွေကိုလည်း ပြင်ပကနေ ကြည့်ပြီးတော့ အားသာချက် အားနည်းချက်တွေ ဒါတွေကို လေ့လာထားတယ်။ ကိုယ်များ တစ်ပြန်တစ်လှည့်ပြန်ပြီးတော့ ပြည်သူကများ တာဝန်ပေးတယ်ဆိုရင် အားနည်းချက်တွေကိုပယ် အားသာချက်တွေကို ယူပြီးတော့ ဆက်လုပ်သွားမယ့် အစီအစဉ်လည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်ကတော့ အပြည့်ရှိတယ်။ တိုင်းပြည်အတွက် ဦးစီးဦးဆောင်လုပ်နိုင်တဲ့ အစိုးရအဖွဲ့လို့ ဒီလိုပဲမျှော်မှန်းချက်ရှိပါတယ်။ သို့သော်လည်းပဲ ပြည်သူတွေ အပိုင်းကျတော့ ပြည်သူတွေရဲ့ ထောက်ခံမှု ရမှ ဖြစ်မယ့်သဘော ဖြစ်တာကိုး။ အဲဒီတော့ ပြည်သူတွေ ထောက်ခံမှုရအောင် စည်းရုံးရတာကိုး။ ပြည်သူတွေကလည်း သူတို့အပိုင်းကြည့်တော့ ယခင်နဲ့ ယခု နှစ်ပိုင်းရှိတယ်လေ။ အရင်တုန်းကတော့ ကျွန်တော်တို့အစိုးရ နှစ်ပေါင်းတော်တော်ကြာကြာ တိုင်းပြည် အုပ်ချုပ်ခဲ့တယ်။ တစ်ခုတည်းပဲ မြင်ခဲ့ရတယ်။ ဒီမှာ အားမရတာတွေ ရှိမယ်။ အစိုးရဆိုတာက ပြည်သူအားလုံး ကျေနပ်အားရအောင် လုပ်ပေးနိုင်တာမှမဟုတ်ဘဲ။ မကြိုက်တာတွေရှိမယ် အားနည်းတာတွေ ရှိမယ်။ ဒီတစ်ခုပဲမြင်နေတာကိုး။ အခု နောက်ထပ်အစိုးရ လက်လွှဲ ပြောင်းလိုက်ရတဲ့အခါကျတော့ နှစ်ခု နှိုင်းယှဉ်လာတာရှိမယ်။ တစ်ဖက်က အားသာတာရှိမယ်။ တစ်ဖက်က အားနည်းတာရှိမယ်။ ဒီအပေါ်မူတည်ပြီးတော့ လူတွေက အမျိုးမျိုး ဖြစ်မယ်။ ကျွန်တော်တို့ကို မကြိုက်တဲ့သူလည်းရှိမယ်။ အခြေအနေအရ ကြိုက်လာတဲ့သူလည်းရှိမယ်။ တစ်ဖက်ကလူကို မကြိုက်တာလည်းရှိမယ် ကြိုက်လာတဲ့လူလည်း ရှိမယ်။ ဘာမှ မလုပ်တော့ဘဲနဲ့ ဘေးထိုင်နေတဲ့ ရွေးကောက်ပွဲကို စိတ်မဝင်စားတဲ့သူတွေ ရှိနိုင်တယ်။ အဲဒီတော့ ယခင်အခြေအနေနဲ့ နှိုင်းယှဉ်ရင် ပိုပြီးတော့ များလာနိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ သုံးသပ်တယ်။ ဒါကြောင့် ၂၀၂၀ မျှော်မှန်းချက်ကတော့ ကျွန်တော်တို့အတွက် ယခင်ထက် ပိုမယ့်အခြေအနေရှိတယ်။ ယခင်က ဆိုပါစို့။ ပြည်သူ့လွှတ်တော်မှာ နေရာ ၃၀ ရတာလေ။ အမျိုးသားလွှတ်တော်မှာ ၁၁ နေရာရတယ်။ တိုင်းနဲ့ပြည်နယ်မှ ၇၂ နေရာရတယ်။ ဆိုတော့ ရပြီးတဲ့နေရာ အားလုံး ရရမယ်။ ပွတ်ကာသီကာ ဖြစ်တဲ့နေရာအားလုံး ရရမယ်။ ကျန်တဲ့နေရာတွေမှာလည်း ထိုက်သင့်လျောက်ထိုးဖောက်နိုင်ရမယ်ဆိုတဲ့ ဒီလိုဟာမျိုးနဲ့ ၂၀၂၀ မျှော်မှန်ချက်ကတော့ ထားတဲ့ သဘောဖြစ်ပါတယ်။ တကယ်လို့ လွတ်လွတ်ကျွတ်ကျွတ်နိုင်တယ်ဆိုရင်လည်း တစ်ဦးတစ်ယောက်တည်း လုပ်မှာတော့ မဟုတ်ဘူး။ အခြားသော တိုင်းရင်းသား ပါတီများ အခြားသော ပါတီပေါင်းစုံမှာ နိုင်ငံအတွက် တကယ် လုပ်နိုင်စွမ်းရှိတဲ့သူတွေနဲ့ ပေါင်းစပ်ပြီးတော့ လုပ်တာမျိုး ပိုပြီးတော့ စိတ်ဝင်စားပါတယ်လို့ ပြောချင်ပါတယ်။

မေး - လက်ရှိ COVID ရောဂါကြောင့် ရွေးကောက်ပွဲရွေ့ဖို့ ပြောကြတာတွေ ရှိပေမယ့် ရွေ့ရင် မဲစာရင်းစိစစ်တာတွေ ပြန်လုပ်ရမယ်ဆိုတဲ့အကြောင်းပြချက်တွေရှိတော့ ဒီအပေါ်မှာ ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ- ကျွန်တော်ကိုယ်တိုင်လည်း ပြောခဲ့တာရှိတယ်။ ပြီးတော့ ကျွန်တော်တို့ပါတီက အခြားသော ရင်ဘတ်ခြင်းတူတာတွေ စုပြီး ပြောခဲ့တာတွေရှိတယ်။ အခြားသော ပါတီခေါင်းဆောင်တွေကလည်း ပြောခဲ့တာတွေရှိတယ်။ တချို့ကလည်း ဒီအပေါ်မှာ ပြန်ပြီးစဉ်းစားသုံးသပ်ပေးကြဖို့။ တချို့ကလည်း ဥပဒေဘောင်ထဲက ဘယ်လောက်ထိတော့ ရွေ့လို့ရတယ်ဆိုတာ ပြောခဲ့တာရှိတာပေ့ါ။ သို့သော်လည်း အာဏာရပါတီဘက်ကတော့ မရွေ့ဘူးဆိုတဲ့ စကားက တိတိကျကျ ပြောထားပြီးဖြစ်တော့ ဒီတိုင်းပဲ သွားမယ်ဆိုတဲ့ သဘောတော့ ရှိတယ်။ ရွေ့လိုက်ရင် အသက် ၁၈ နှစ်ပြည့်တဲ့ မဲစာရင်းတွေ တွက်ရချက်ရ ခက်ခဲလိမ့်မယ်လို့ မေးခွန်းမှာ ပြောတာကြားလိုက်တယ်ပေ့ါနော်။ ဒါလည်း အကြောင်းပြချက်တစ်ခုပေ့ါ။ ဒါလည်း မပါဘူးလားဆိုတော့ ပါတော့ပါနိုင်ပါတယ်။ သို့သော်လည်းပဲ စတင်ပြီးတော့ ရွေးကောက်ပွဲကို စဉ်းစားကတည်းက ဒီနေ့ဒီအချိန်မှာ ကြိမ်းသေလုပ်နိုင်တယ်ဆိုတဲ့ဟာတွေအစား ဘယ်တော့ဖြစ်ဖြစ် Plan-A ၊ Plan- B ၊ Plan-C ဆိုတာ ရှိသင့်တယ်လေ။ အကြောင်းကြောင်းကြောင့် Plan - A မဖြစ်ရင် Plan-B ကို ဘယ်လိုလုပ်မလဲ။ အဲဒီ Plan-B အတွက် လိုတဲ့အချက်အလက်တွေက ဘာတွေလဲ။ Plan-B မဖြစ်ရင် Plan-C ဘယ်လိုလုပ်မလဲ။ ဒါတွေဟာ နိုင်ငံမှာ စီမံကိန်းဆွဲတဲ့သူတွေအတွက် ရှိပြီးသား ကိစ္စတွေဖြစ်တယ်။ ဆိုတော့ မဲစာရင်းတစ်ခုတည်းကြောင့်တော့ ဒီအကြောင်းပြချက်ကတော့ မခိုင်လုံဘူးလို့ မြင်တယ်။ နောက်တစ်ခုက ဆိုပါစို့။ ရွေးကောက်ပွဲ ကျင်းပမယ့် ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့မှာ ၁၈ နှစ် ပြည့်တဲ့သူ နောက်ကို တစ်လရွေ့တယ်ဆိုရင် နောက်တစ်လမှာ ၁၈ နှစ်ပြည့်တဲ့သူတွေဟာ ကွန်ပျူတာနဲ့ လုပ်ထားတယ်ဆိုရင် ဒါဟာ ဆွဲထုတ်လိုက်ရင် လွယ်လွယ်လေးပဲ။ ဒါတွေက နိုင်ငံတော်မှာ ရှိပြီးသားဆိုတော့ ပြောမယ်ဆိုရင်တော့ ပြောလို့ရတယ်။ အကြောင်းပြချက်တစ်ခုတော့ မှန်တယ်။ သို့သော်လည်း ဒီတစ်ခုတည်းကြောင့် ရွေ့တယ်ဆိုတဲ့ အပေါ်မှာတော့ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့ အထင် သုံးသပ်ချက်ကို ပြောရမယ်ဆိုရင်တော့ အထူးသဖြင့်ပေ့ါနော်။ တည်ဆဲဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေရဲ့ အပေါ်မှာ စိုးရိမ်စိတ်တွေရှိတယ်လို့ မြင်တယ်။ ဘာဖြစ်လို့ လုပ်ချင်လဲဆိုတဲ့ စိုးရိမ်စိတ်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အပေါ်မှာ စိုးရိမ်စိတ်ရှိနေသလားလို့ သုံးသပ်ရတယ်။ အချိန်မီမဖြစ်နိုင်ဘူးဆိုရင် အရေးပေါ်အခြေအနေဆိုင်ရာ ပြဌာန်းချက်ကိုများ ပူပင်သောကဖြစ်နေသလားလို့ ဒီလို သုံးသပ်ရတယ်။ ဒါကြောင့် ကြိုပြောပါတယ် ဘောင်ထဲမှာ ရွေ့လို့ရတာမျိုး လုပ်ပေးပါ။

မေး - မဲဆွယ်ကာလမှာ လူစုလူဝေးကိစ္စနဲ့ ပတ်သက်ပြီး တစ်ခြားပါတီထောက်ခံသူတွေက လူစုလူဝေးနဲ့ လှည့်လည်တာတွေ ရှိသလို အန်ကယ်တို့ပါတီမှာလည်း ရှိတယ်ပေါ့နော်။ ကိုဗစ်ကာလမှာ ဒါက အန္တရာယ်များတော့ အန်ကယ်တို့အနေနဲ့ ကိုယ့်ပါတီထောက်ခံသူတွေကို ဘယ်လိုလုပ်ဆောင်ဖို့ ပြောဆိုထားတာမျိုးရှိလား။

ဖြေ - ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီကိစ္စကို မကြိုက်ပါဘူး။ COVID က နည်းနည်းအရှိန်မြင့်လာတဲ့အခါကျတော့ ဒုတိယလှိုင်း ရောက်လာတဲ့အခါကျတော့ အင်တာဗျူးတစ်ခုမှာ မှတ်မိတယ်။ လွန်ခဲ့တဲ့ တစ်လကလားမသိဘူး ပြောခဲ့တာ။ သိပ်မြင့်လာတယ် သိပ်များလာတယ်။ ဒီအခြေအနေမှာ လူတွေက မဲပေးဖို့ထက် ကိုယ့်ကျန်းမာရေးကို ပိုပြီးတော့ အလေးထားတဲ့ သဘောဖြစ်လာတယ်။ မဲဆွယ်စည်းရုံးတာတွေ သီချင်းတွေနဲ့ လှည့်တာတွေ စိတ်မဝင်စားတော့ဘူး။ မှန်တာပြောရင် စိတ်တောင်မှ ညစ်သေးတယ်။ ဒါကို လုပ်ဖို့မသင့်ဘူး။ ကျွန်တော်မဲဆန္ဒနယ်မှာတော့ ဒါကို ရပ်ပစ်လိုက်တယ်။ အဲဒီကစပြီး အခုထိ မလုပ်ဘူး။ သို့သော် လက်လှမ်းမမှီတဲ့ နေရာတွေ ရှိတာပေ့ါ။ ကျွန်တော်က အောက်မြန်မာနိုင်ငံကို တာဝန်ယူပါတယ်။ အောက်မြန်မာနိုင်ငံကို ဖုန်းတွေဆက်ပါတယ်။ တားတယ်။ ရပ်တာတွေလည်း ရပ်သွားတယ်။ တချို့ပါတီဝင်တွေ မပါပေမယ့်လို့ ဝန်းရံသူတွေဆိုပြီးတော့ အင်အားနဲ့ လုပ်နေတာတွေလည်း ရှိတယ်။ အခုထိ ရှိနေတာပါ။ ဒါကိုလည်း မလုပ်စေချင်ပါဘူး။ ဝန်းရံတဲ့သူတွေအတွက်ကတော့ ကျေးဇူးတင်ပါတယ်။ ကိုယ့်ကို ထောက်ခံတဲ့သူတွေကို လေးလည်း လေးစားပါတယ်။ သို့သော်လည်း တစ်ဖက်က စိုးရိမ်စရာက သူတို့အတွက်လည်း စိုးရိမ်စရာ ရှိတယ်လေ။ ရောဂါဖြစ်မှာ စိုးရိမ်စရာ ဖြစ်တယ်။ တစ်ဖက်ကလည်း အမိန့်ညွှန်ကြားချက်တွေကို ဖောက်ဖျက်ရာလည်း ကျတယ်။ တစ်ဖက်ကလည်း ပြည်သူတွေအတွက် စိတ်အနှောက် အယှက် ဖြစ်မှာကျတယ်။ ဒါကြောင့် ဒီလိုအခြေအနေကြောင့် မလုပ်ဖို့ တားမြစ်သော်လည်းပဲ တစ်ဖက် အာဏာရပါတီကလည်း ပြောတယ် ဝန်းရံသူတွေပါတဲ့ ကျွန်တော်တို့ကလည်း ဒီလိုပဲ ပြောနေတာပေ့ါလေ။ ဒီဟာက တကယ်တမ်း စဉ်းစားကြည့်မယ်ဆိုရင် ပါတီအလံပါနေတော့ ပါတီတွေမှာ တာဝန်ရှိနေပါတယ်။ တားရမှာပါ။ တားပါတယ်။ ကျွန်တော်တို့။ သို့သော်လည်းပဲ ကိုယ့်စရိတ်ကိုယ်စား ကိုယ့်အလုပ်ကိုယ်လုပ် ထောက်ခံတဲ့ ပြည်သူတွေကို ကျေးဇူးတင်နေရသော်လည်းပဲ မပြောရက်သလို ဖြစ်တာပေ့ါ။  ဒီနေရာမှာ ဘာလုပ်ဖို့ လိုလဲဆိုတော့ အမိန့်ထုတ်ဖို့လိုပါတယ်။ ကိုင်တွယ်လို့ မရတဲ့ဟာတွေ ကိုင်တွယ်ဖို့ အားနာရတဲ့ဟာတွေ အကြောင်းအမျိုးမျိုးကြောင့် ထိန်းရသိမ်းရ ခက်တဲ့ဟာတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းက အမိန့်ထုတ်ဖို့ လိုတာပေ့ါ။ ဥပမာ နိုင်ငံတော်အစိုးရကနေပြီးတော့ ဒီလိုအခြေအနေမျိုးမှာ ဒါမှမဟုတ်လည်း UEC က ပါတီဝန်းရံတဲ့သူများ အန္တရာယ်ရှိတယ်။ ပြည်သူတွေမှာလည်း အန္တရာယ်ရှိတယ်။ အဲဒီတော့ ဒီနေ့ ဒီရက် ဒီချိန်ကစပြီး ဒါတွေကို ရပ်လိုက်ပါတော့လို့ ပန်ကြားပါတယ်။ အမိန့်ထုတ်လိုက်ပါ။ ထုတ်လိုက်ပြီးတော့ မလုပ်နိုင်အောင်လဲ စမ်းသပ်ကြီးကြပ်ရေး အဖွဲ့တွေနဲ့ စိစစ်ကြပ်မတ်ပေးလိုက်ပါ။ ဒီနေ့ အမိန့်ထုတ်လိုက်ရင် နောက်နေ့ ရပ်သွားပါလိမ့်မယ်။ ကျွန်တော်တို့မှာ တာဝန်မရှိဘူးလား ဆိုရင် ရှိပါတယ်။ ပါတီအလံပါနေတာကိုး။ ဒါပေမယ့် တကယ် သြဇာတိက္ကမရှိတာက နိုင်ငံတော်ဖြစ်နေတယ်။ လုပ်ပိုင်ခွင့်ကလည်း နိုင်ငံတော်ဖြစ်နေတယ်။ နိုင်ငံတော်က တားပေးဖို့ လိုပါတယ်။ တားပေးပါလို့လည်း ပန်ကြားချင်ပါတယ်။ လုပ်ကိုင်နေတဲ့ ဝန်းရံသူတွေကိုတော့ ကျေးဇူးတင်တယ်။ လေးစားတယ် စေတနာကို ဒီလိုပြောချင်ပါတယ်။

မေး -  လက်ရှိ ရွေးကောက်ပွဲကော်မရှင်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေရှိတယ်ပေ့ါနော်။ ဒီအပေါ်မှာ ၂၀၁၅ ရွေးကော်နဲ့ယှဉ်ရင် ဘယ်လိုအားချက်တွေ ရှိနေတယ်လို့ မြင်လဲ။

ဖြေ -  ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် အဓိကကျတဲ့ Independent Body သူ့မှာ ဘယ်သူမှလွှမ်းမိုးလို့မရဘူး။ ဒါအခြေခံဥပဒေမှာလည်းပါပြီးသား။ ရွေးကောက်ပွဲ ဥပဒေမှာလည်းပါပြီးသား။ သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ အဖွဲ့အစည်းက နိုင်ငံရေးပါတီရှိတယ်။ မဲဆန္ဒရှင် ပြည်သူတွေရှိတယ်။ နိုင်ငံတော်အစိုးရရှိတယ်။ မဲဆန္ဒရှင်ပြည်သူတွေ တိုက်ရိုက်ဆက်သွယ်လို့ မရတဲ့အတွက်ကြောင့် မဲဆန္ဒရှင် ပြည်သူတွေကိုယ်စား နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ရတယ်။ ဆိုပါစို့ အရင် သမ္မတကြီး ဦးသိန်းစိန် လက်ထက်တုန်းက ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီတွေနဲ့ အပြန်အလှန်ဆွေးနွေးတာပေ့ါ။ အဲဒါ ကျွန်တော်မှတ်မိသလောက် မှတ်တမ်းတွေမှာ ၁၅ ကြိမ်ရှိတယ်။ အပြန်အလှန်ဆွေးနွေးတာနော်။ ယနေ့တော့ ဘယ်နှကြိမ်ဆွေးနွေးတယ်ဆိုတာ ကြေညာချက်တော့ မရှိဘူး။ အဲဒီထက် မများမှာတော့ ကြိမ်းသေတယ်။ အဲဒီထက် နည်းနေတယ်။ နောက် ဆွေးနွေးချက်တွေ တော်တော်များများကလည်း ပြောခွင့်မရဘူး ပြောတာကို နားထောင်ပြီး ပြန်လာရတယ်ဆိုတာမျိုး ဖြစ်တယ်ပေ့ါ။ ဒီနေရာမှာကိုက လွတ်လပ်ပြီး တရားမျှတတဲ့ဟာမျိုး မဖြစ်နိုင်ဘူး။ နောက်တစ်ခု ရွေးကောက်ပွဲမှာ ဒိုင်တွေလိုတာပေ့ါ။ ကြားကစောင့်ကြည့်မယ့် ဒိုင်တွေလိုတယ်။ NGO တွေ လိုတယ်။ လွတ်လပ်မျှတတဲ့သူတွေလိုတယ်။ အရင်အစိုးရလက်ထက်မှာလည်း ဒါတွေကို လွတ်လွတ်လပ်လပ် ပေးခဲ့တာပဲလေ။ အခုကျတော့ ပေးမယ်ပြောလိုက် မပေးဘူးပြောလိုက် ကန့်သတ်ချက်တွေလုပ်လိုက် ဒါတွေလည်း ကြားနေကြမှာပေ့ါလေ။ ဒီအခြေအနေတွေဟာ လွတ်လပ်ပြီးတရားမျှတတဲ့ဟာမျိုး ဖြစ်ပါ့မလားဆိုတာ စိုးရိမ်စရာ ဖြစ်လာတယ်။ နောက်တစ်ချက် အရေးကြီးတာက မဲဆန္ဒရှင် မဲစာရင်းက အရေးကြီးတယ်။ ပထမတစ်ကြိမ် မဲစာရင်းထုတ်တယ်။ ထုတ်တော့ ကူးလို့မရဘူး။ သို့သော် တကယ့် မြေပြင်မှာကျတော့ ကူးလို့ရတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ်တွေ ရှိတယ်။ ကူးလို့မရတဲ့ နေရာတွေမှာ မရဘူး။ ကျွန်တော်တို့ မြို့နယ်တွေဆို ကူးလို့မရဘူး။ သွားကြည့်လို့မရဘူး။ ကိုယ့်ဟာပဲ ကိုယ်ကြည့်လို့ ရတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေက ကိုယ့်နာမည်သွားကြည့်ရင် နာမည်လောက်ပဲ ကြည့်တာလေ။ အဲဒီမှာပါတဲ့ အဖေ၊ အမေ နာမည်တို့ နေတဲ့ ရပ်ကွက်တို့ ဒီလိုတောင် သိပ်ကြည့်ကြတာ မဟုတ်ဘူး။ ကျွန်တော်တို့ လူတွေက ရိုးတာကိိုး။ ဆိုတော့ မှန်ခြင်း မမှန်ခြင်း စိစစ်ပေးရမယ့် နိုင်ငံရေးပါတီက ငုတ်တုတ်ထိုင်နေရတယ်။ မဲစာရင်းလည်း သွားကူးလို့ မရဘူး။ စစ်လည်း စစ်လို့မရဘူး။ အရင် ၂၀၁၅ တုန်းက ဒါတွေရှိတယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍက ဒီမှာ လုံးဝမရှိဘူး။ အခု ဒုတိယအကြိမ် မဲစာရင်းထုတ်လာတယ်။ ထုတ်တော့ ဒီနေ့ထုတ်ပြီးတော့ ပေးတယ်။ ကျွန်တော်တို့ ဆိပ်ကြီးခနောင်တိုဆို အဲ့ဒီနေ့ သွားယူတယ် မရဘူး။ နောက်နေ့မှ ယူပါ အမိန့်မရသေးဘူး။ ထောင်သောင်းချီတာတွေကို တစ်ရက်ဆို တစ်ရက် စစ်ရတာကိုး။ ပြည်သူတွေကို အသိပေးပေမယ့် ပြည်သူတွေကလည်း COVID ကြောင့်သော်လည်းကောင်း အကြောင်းကြောင်းကြောင့်သော်လည်း စသည့်ဖြင့်ပေ့ါနော် သွားမကြည့်ကြဘူး။ နိုင်ငံရေးပါတီတွေက ဒိုင်ခံ စစ်ပေးရတယ်။ ထွက်လို့ရလည်းမရ၊ လူတွေကလည်း စုလို့ကမရ။ မဲစာရင်း ပါခြင်း မပါခြင်းကို အတော်ခက်တယ်။ ကျွန်တော်တို့ ဖျက်ကနဲ စစ်တာတောင်မှ သေတဲ့သူတွေ အဝေးရောက်နေတဲ့သူတွေ မဲပေးခွင့်ရှိတဲ့ ၁၅၀၀၀ ရှိတဲ့နေရာမှာ တစ်ထောင်လောက်က အပိုပါနေတယ်။ နောက်ထပ်လည်း ကျန်ချင်လည်း ကျန်မယ်။ မဲစာရင်းကိစ္စပဲ ဖြစ်ဖြစ် စည်းရုံး လှုပ်ရှားတဲ့ ကိစ္စပဲ ဖြစ်ဖြစ် စောင့်ကြည့်လေ့လာရေး ကိစ္စတွေပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လုပ်ရမယ့် အချက်လက် အချက်လက်တိုင်း ရူ့ထောင့်တိုင်း ရူ့ထောင့်တိုင်းက အားရကျေနပ်မှု မရှိဘူး။ ဒါဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲကို သွားပြီးထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ဒါကြောင့်မို့ အခုချိန်ထိတော့ မေးစရာမေးခွန်းတွေ များနေပါတယ်လို့ ဒီလိုပြောခြင်းဖြစ်ပါတယ်။

မေး - အခုလိုအခြေအနေမှာ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာမယ့် ဘယ်လိုရလဒ်ကိုဖြစ်ဖြစ် အန်ကယ်တို့အနေနဲ့ လက်ခံသွားဖို့ရှိလား။ ကိုယ်သဘောမတူတဲ့ ရလဒ်မျိုး ထွက်လာရင်ရော ကန့်ကွက်သွားဖို့ရှိလား

ဖြေ - ဒီအဖြေကတော့ ပြောဖို့ နည်းနည်းစောလွန်းသေးတာပေ့ါနော်။ ရလဒ်က ဘယ်လိုထွက်လာမလဲ မသိဘူး။ ဘယ်လောက်ထိ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် တကယ့် ဒိုင်ဖြစ်တဲ့ UEC က ကိုင်တွယ်သွားနိုင်မလဲဆိုတာ လက်ကျန်သုံးပတ်တာ ကာလအတွင်းမှာ ကျွန်တော်တို့က စောင့်ကြည့်နေတဲ့ သဘောပဲ။ လက်ရှိထိ လုပ်နေတဲ့ အထိကတော့ ရွေးကောက်ပွဲ ကော်မရှင်တစ်ခုရဲ့ လုပ်ရမယ့် လုပ်ငန်းစဉ်တွေပေါ့နော်။ မဲစာရင်း မှန်ကန်မှုရှိဖို့ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်း မဲပေးနိုင်ခွင့်ရှိဖို့ နိုင်ငံရေး ပါတီတိုင်း မည့်သည့် နိုင်ငံရေးပါတီမဆို လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့စတဲ့ ဒီအချက်တွေအပေါ်မှာ တန်းတူညီမျှ ဒီအပေါ်မှာတော့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ လက်ရှိအခြေအနေထိကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မှဖြစ်ပ့ါမလားလို့ သံသယဖြစ်စရာ အခြေအနေရှိတယ်။ သို့သော် လက်ကျန်ကာလကို ကြည့်မယ် လက်ကျန်ကာလမှာလည်း ရလဒ်သည် အငြင်းပွားဖွယ်ရာ ဖြစ်တယ်ဆိုရင်တော့ ဖြစ်တဲ့အတိုင်း ပြောကြဆိုကြ တင်ပြကြရမှာပေါ့။ အခုလောလောဆယ်ကတော့ ပွဲကမပြီးသေးဘူးလေ မပြီးသေးတော့ ပြောရစောနေတာပေ့ါ။

မေး- နောက်ဆုံးအနေနဲ့ COVID ကာလနဲ့ ယှဉ်တွဲပြီးပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အောင်အောင်မြင်မြင်ပြီးဆုံးဖို့ ဘယ်လိုအကြံမျိုးပေးချင်လဲ။

ဖြေ - အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ကတော့ ဒိုင်က UEC ပါပဲ။ သူက သီးခြားလွတ်လပ်တဲ့  Independent Institution တစ်ခုဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့ ဆောင်ရွက်ချက်တွေ သူ့ရဲ့ လုပ်ဆောင်ချက်တွေ သူ့ရဲ့ ညွှန်ကြားချက်တွေ သူ့ရဲ့ အကောင်အထည် ဖော်မှုတွေက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် အဓိကကျပါတယ်။ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တာနဲ့ အမျှ တိုင်းပြည်မှာ ပြည်သူရဲ့ ရင်ထဲက အစစ်အမှန်ဖြစ်တဲ့ အစိုးရ ထွက်လာတယ်။ အဲဒီအစိုးရမှ တစ်ဆင့် Good Governance တို့ CLean Government တို့ ဖြစ်အောင် အကောင်အထည်ဖော်သွားရမယ့် သဘောဖြစ်တာပေ့ါ။ အဲဒီတော့ UEC က အဓိက။ UEC ကို ဝန်းရံနေတဲ့ အဖွဲ့တွေက နိုင်ငံရေးပါတီတွေ မဲဆန္ဒရှင် ပြည်သူတွေ နိုင်ငံတော်အစိုးရ ဒီအဖွဲ့တွေနဲ့ ပေါင်းကူးစနစ် ဆက်သွယ်တဲ့ စနစ် ဒီအဖွဲ့တွေရဲ့ အသံကို နားထောင်တဲ့ စနစ် ဒါကို UEC က လုပ်ရမှာ။ ချုံ့ပြောရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့အတွက်က UEC က အဓိက ဖြစ်နေတယ်။ UEC က ဒီပုံစံအတိုင်း လုပ်နေတယ်ဆိုရင်တော့ မေးခွန်းထုတ်စရာ ဖြစ်တယ်။ ဒါကြောင့်မို့ ပြင်စရာရှိတဲ့ လုပ်ငန်းတွေကို ပြင်ပြီးတော့ ကျန်တဲ့ ကာလလေးမှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးပါလို့ ဒီလိုပဲ ပြောချင်တယ်။

Most Read

Most Recent