စပိန်သတင်းစာတစ်စောင်က အန်ဆူဖာတီအား လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် သုံးနှုန်းဖော်ပြခဲ့ပြီး ဝေဖန်မှုများစွာခံနေရ

စပိန်သတင်းစာတစ်စောင်က အန်ဆူဖာတီအား လူမျိုးရေးခွဲခြားသည့် စကားလုံးများဖြင့် သုံးနှုန်းဖော်ပြခဲ့ပြီး ဝေဖန်မှုများစွာခံနေရ
Photos : EPA & Marca
Photos : EPA & Marca
Published 22 October 2020

စပိန်နာမည်ကျော် သတင်းစာ တစ်စောင်ဖြစ်သည့် ABC သည် ချန်ပီယံလိဂ်တွင် ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြခဲ့သည့် လူငယ်ကြယ်ပွင့် အန်ဆူဖာတီအား ဖော်ပြရာတွင် လူမျိုးရေးခွဲခြားသည့်စကားလုံးများ သုံးနှုန်းခဲ့ပြီး ယင်းအတွက် ဝေဖန်မှုများစွာ ခံနေရကြောင်း သိရသည်။

ABC သတင်းစာသည် မက်ဒရစ်အခြေစိုက်ဖြစ်ပြီး သက်တမ်းအရင့်ဆုံးသတင်းစာတစ်စောင်ဖြစ်သည်။ ယင်းသတင်းစာက အန်ဆူဖာတီ၏ ပွဲအတွင်း လှုပ်ရှားမှုအား ဖော်ပြရာတွင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းများ ပါဝင်ခဲ့ခြင်းဖြစ်သည်။

"အန်ဆူရဲ့ ကန်ချက်က ဂိုးရဖို့ နီးစပ်ခဲ့ပါတယ်။ လှလှပပ လှည့်ထွက်ပြီး ကန်သွားတာပါ။ သူက ဂဇဲဆိတ်လို ပြေးခဲ့ပါတယ်။ သူက ဘာစီလိုနာ မြို့တွင်းမှာ ရေလိုက်ရောင်းတဲ့ လမ်းဘေးလူမည်းဈေးသည်လေး ရဲတွေ ရောက်လာတဲ့အခါ ပြေးသွားသလို ပြေးသွားတာပါ" ဟု အဓိပ္ပာယ်ရသည့်  စကားလုံးများကိုသုံးနှုန်းကာ ဘာစီလိုနာပွဲ ပွဲပြီးသုံးသပ်ချက်တွင် ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

ယင်းဖော်ပြချက်အား ဝေဖန်မှုမြင့်တက်ခဲ့ပြီး အန်ဆူဖာတီ၏ အသင်းဖော် ဂရီးဇ်မန်းကလည်း Twitter တွင် ဖော်ပြခဲ့သည်။

ယင်းနောက် Twitter သုံးစွဲသူများအကြား ဂယက်ရိုက်သွားခဲ့ပြီး ဝေဖန်မှုများလည်း အတိုင်းထက်အလွန် မြင့်တက်ခဲ့သည်။

ဂရီးဇ်မန်းက အန်ဆူဖာတီအား နှစ်သိမ့်ခဲ့ပြီး "အန်ဆူက တခြားလူသားတွေလိုပဲ လေးစားမှုနဲ့ ထိုက်တန်တဲ့ ထူးချွန်သူကောင်လေးတစ်ဦးပါ။ လူမျိုးရေးခွဲခြားမှုနဲ့ ဒီလိုအမူအကျင့်ဆိုးတွေကို ဆန့်ကျင်ရပါမယ်" ဟု ရေးသားခဲ့သည်။

Most Read

Most Recent