စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့ကို လူငယ်အသင်းများအတွက်ပါရည်ရွယ်၍ MFF ကာလရှည်စာချုပ် ချုပ်ဆို

စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့ကို လူငယ်အသင်းများအတွက်ပါရည်ရွယ်၍ MFF ကာလရှည်စာချုပ် ချုပ်ဆို
Photo : Facebook
Photo : Facebook
Published 14 October 2024

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့ကို မြန်မာအမျိုးသားလက်ရွေးစင်အသင်းအတွက်သာမက သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများအတွက်ပါရည်ရွယ်၍ ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့အား ချုပ်ဆိုလိုက်သည့် စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း သက်တမ်းအလိုက် လူငယ်အသင်းများအတွက် ကြံ့ခိုင်ရေးပိုင်းကို အခြေခံမှစပြီး တည်ဆောက်လိုခြင်းကြောင့် ကာလရှည်စာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်  ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် နေရပ်သို့ခေတ္တပြန်လျက်ရှိပြီး ယခုလကုန်ပိုင်းမှသာ မြန်မာ့လက်ရွေးစင်အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်က '' ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်နဲ့ ကျွန်တော်တို့ ညှိနှိုင်းမှုက အဆင်ပြေပါတယ်။ လောလောဆယ်တော့ သူ အသင်းနဲ့ မပူးပေါင်းနိုင်သေးပါဘူး။ ဒီလကုန်မှ ရောက်လာပါလိမ့်မယ်။ စာချုပ်သက်တမ်းကိုတော့ ကာလရှည် ချုပ်ဆိုထားပါတယ်။ လူငယ်အသင်းတွေအတွက်ပါ ကြံ့ခိုင်ရေးပိုင်းကို စနစ်တကျနဲ့ ရေရှည်တည်ဆောက်သွားချင်လို့ပါ''ဟု Eleven Sports သို့ ပြောကြားသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) သည် မြန်မာအမျိုးသားလက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဦးမျိုးလှိုင်ဝင်း၊ လက်ထောက်နည်းပြနှစ်ဦးအဖြစ် ဦးဇော်ဝင်းထွန်း၊ ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ဂျာမနီနိုင်ငံသား မိုက်အန်ဒရီကို့စ်တို့ (၄)ဦးကို တာဝန်ပေးအပ်ထားပြီး ယခုအခါ ကြံ့ခိုင်ရေးနည်းပြအဖြစ် စကော့တလန်နိုင်ငံသား ရစ်ဖ်ရစ်ချတ်ဟောလော့ကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။

စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် ဂျာမနီနိုင်ငံသားနည်းပြ ဖိုက်ရှ်အွန်ဘိုင်နာလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဧပြီအတွင်းက MFF နှင့် နှစ်ဦးသဘောတူလမ်းခွဲထားခြင်းဖြစ်ကြောင်း သိရသည်။

စကော့တလန်နိုင်ငံသား ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် MFF နှင့် လမ်းခွဲပြီးနောက် ထိုင်းလိဂ်-၃ ကလပ် ထရန့်ယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာလကုန်အထိ တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

ကြံ့ခိုင်ရေးနည်းပြ ရစ်ချတ်ဟောလော့သည် ယခုတစ်ကြိမ် MFF နှင့် ပြန်လည်လက်တွဲခဲ့ရာတွင် မြန်မာ့လက်ရွေးစင်အသင်းကြီးအတွက်သာမက သက်တမ်းအလိုက်လူငယ်လက်ရွေးစင်အသင်းများ၏ ကြံ့ခိုင်ရေးပိုင်းကို တာဝန်ယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းလက်ထက်တွင် FIFA အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲအဖြစ် သီရိလင်္ကာလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြိုတွင် ကစားခဲ့ရာ(၂-၀) ဂိုးဖြင့် တစ်ပွဲနိုင်ခဲ့ပြီး ဂိုးမရှိတစ်ပွဲသရေကျခဲ့သည်။

Most Read

Most Recent