စစ်ကိုင်းမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံထောက်ခံသည့် ပထမဆုံး အကြိမ်အဖြစ် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက် အချို့မှ ဆိုင်ကယ်များ ကားများဖြင့် အင်အားပြ လှည့်လည်မဲဆွယ်မှုများကို အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ပြီး အင်အားထောင်နှင့်ချီ ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ လှည့်လည်အင်အားပြအဖွဲ့များမှာ စစ်ကိုင်း-ရွှေဘို- မုံရွာ ကားလမ်း ကောင်းမှုတော်ဘုရား အနီးတွင် စုရပ်ပြုလုပ်ကာ စစ်ကိုင်းမြိ့တွင်းလမ်းများအနှံ့ လှည့်လည်ခဲ့ကြပြီး စစ်ကိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးသို့ သွားရောက်ခဲ့သည်။


“ကျွန်မတို့က တဲကြီးကျေးရွာက ထွက်တာ။ အနောက်တာဘက်က ကျေးရွာအစုံပါတယ်။ ကျွန်မတို့က ဆွမ်းချက်ဘက်မှာ အဲ့ဘက်ကျေးရွာတွေကလာတဲ့ အဖွဲ့တွေနဲ့စုပြီး မြို့ထဲကို လှည့်မှာပေါ့။ ပြောရရင် ကနေ့ တစ်မြို့နယ်လုံးက ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူတွေ အကုန်ထွက်တာ” ဟု အင်အားပြ လှည့်လည်ရာတွင် ပါဝင်သူတစ်ဦးက ပြောကြားသည်။


ယင်းသို့ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများ အင်အားပြလှည့်လည်ရာ လမ်းတစ်လျှောက်တွင် NLD ပါတီ ထောက်ခံသူများက NLD ပါတီအလံများ ဝှေ့ရမ်းပြခြင်း၊ လှည့်လည်လာသည့် ကားများပေါ်မှ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံသူများကို ငါးထောင်တန်များ ကိုင်ဆောင်ပြသခြင်းများ ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

“ကနေ့ စျေးရှေ့ လှည့်တဲ့ကားတန်းက တစ်နာရီလောက်ကြာတဲ့အထိ မပြတ်သေးဘူး။ ကားစီးရေ ရာချီနဲ့ အင်အား ထောင်နဲ့ချီ ရှိနိုင်တယ်” စစ်ကိုင်းမြို့မစျေးရှိ ဆိုင်ရှင်တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းပြည်သူ့ဆေးရုံကြီးတွင် လက်ရှိ တက်ရောက်ကုသနေဆဲဖြစ်သော COVID-19 လူနာမှာ ၂ ဦး ကျန်ရှိနေပြီး ရောဂါပိုး တွေ့ရှိသူ အရေအတွက်မှာ ၁၃ ဦး ရှိကြောင်း သိရသည်။















