Stay at Home သတ်မှတ်ထားသည့် ပုသိမ်မြို့၌ ပါတီအောင်နိုင်ရေး လှည့်လည်မှုများတွင် ဦးဆောင်သည့် NLD ပါတီ ဝန်းရံသူ ၁၇ ဦးနှင့် ပြည်ခိုင်ဖြိုးပါတီ ဝန်းရံသူ ငါးဦး စုစုပေါင်း ၂၂ ဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း ပုသိမ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အဆိုပါ ပါတီဝန်းရံသူ ၂၂ ဦးကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ညွှန်ကြားချက်အရ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဥပဒေဖြင့် တရားစွဲဆိုရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောကြားသည်။
"သဘာဝဘေးစီမံဥပဒေနဲ့ တရားစွဲဖို့ လုပ်နေတယ် ၊ ဒီနေ့လောက် တရားစွဲဖို့ လုပ်နေပါတယ်၊ သဘာဝဘေးစီမံနဲ့ တရားစွဲဖို့ တိုင်းအစိုးရက ညွှန်ကြားတဲ့အတွက် သဘာဝဘေးစီမံထဲက ဘယ်ပုဒ်မနဲ့ တရားစွဲမယ်ဆိုတာ အစည်းဝေး လုပ်နေပါတယ်" ဟု ပုသိမ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောကြားသည်။
တရားစွဲဆိုခံရမည့် သူများသည် အောက်တိုဘာ ၁၇ ရက်တွင် NLD ပါတီ ဝန်းရံလှည့်လည် ဦးဆောင်သူ ရှစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီအား ဝန်းရံလှည့်လည် ဦးဆောင်သူ နှစ်ဦး၊ အောက်တိုဘာ ၁၈ ရက်တွင် NLD ပါတီအား ဝန်းရံ လှည့်လည် ဦးဆောင်သူ ခြောက်ဦး၊ အောက်တိုဘာ ၂၀ ရက်တွင် NLD ပါတီအား ဝန်းရံလှည့်လည် ဦးဆောင်သူ သုံးဦးနှင့် ပြည်ခိုင်ဖြိုးပါတီအား ဝန်းရံလှည့်လည် ဦးဆောင်သူ သုံးဦးတို့ဖြစ်ပြီး စုစုပေါင်း ၂၂ ဦးဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေကြီးအတွင်း ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်တို့အား Stay at Home အကျုံးဝင်သည့် မြို့နယ်များအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန် ကြေညာထားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၂၂ ရက်ထိ COVID-19 ရောဂါပိုး အတည်ပြုလူနာဦးရေ ၇၂၉ ဦးထိရှိခဲ့ပြီး ကုသဆဲ အတည်ပြုလူနာဦးရေ ၄၉၅ ကျန် ရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူကျန်းမာရေးနှင့် ကုသရေးဦးစီဌာန၏ ထုတ်ပြန် ကြေငြာချက်မှ သိရသည်။















