ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးခဲ့သည့် ကျောင်းဆရာ၏ နာရေးတွင် ပညာရေးဝန်ထမ်းများနှင့် ဒေသခံထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၉ ရက်က ရွာသစ်ကေကျေးရွာတွင်ရှိနေစဉ် အသက် ၂၁ အရွယ်ရှိ ကျောင်းဆရာတစ်ဦး ဖြစ်သော ဦးမျိုးဆက်နိုင်ဦး (ခ) ဦးမောင်မောင်ဦးမှာ အိမ်တွင် မွေးမြူထားသော နွားများအား ရေတိုက်ရန် ရွာပြင်သို့ သွားရောက်စဉ် လက်နက်ကြီးကျည်စ ထိမှန်ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သဖြင့် စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် လမ်းခုလတ်တွင် သေဆုံးသွားခဲ့ရာ အဆိုပါကျောင်းဆရာ၏ အလောင်းအား အောက်တိုဘာ ၂၀ ရက်က သဂြိုလ်ခဲ့ပြီး ပညာရေးဝန်ထမ်းများနှင့် ဒေသခံများစွာ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး သင်္ဂြိုလ်ရာတွင် လိုက်ပါပို့ဆောင်ခဲ့သူ တစ်ဦးက " ကျောင်းဆရာက ရိုးရိုးအေးအေးလေးပါ။ လူချစ်လူခင်လည်း များတယ်။ ကျောင်းပိတ်တော့ ရွာမှာ ပြန်လာနေတယ်၊ အဲဒီမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကျည်စထိမှန်လို့ သေသွားတာပေါ့။ သူ့ကို လူတွေက ချစ်ခင်ကြတဲ့အတွက် မြေချတဲ့အချိန်မှာ ဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်သူ ထောင်ချီ ရှိခဲ့တယ်။ စိတ်မကောင်း ဖြစ်ကြတာပေါ့။ ဒါကြောင့် သူ့ကို နှုတ်ဆက်တဲ့အနေနဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြတာ ဖြစ်ပါတယ်၊ ပညာရေးဝန်ထမ်း ဖြစ်တဲ့အတွက် ကျောင်းသူကျောင်းသားတွေလည်း အမြောက်အများ လာရောက်လိုက်ပါ ပို့ဆောင်ခဲ့ကြတယ်"ဟုလည်း ဦးစိန်ထွန်းအောင်က ပြောကြားခဲ့သည်။

ကိုမျိုးဆက်နိုင်ဦးမှာ ပညာရေးကောလိပ် ကျောင်းဆင်း၍ ရသေ့တောင်မြို့နယ်ရှိ ငစံဘော်ကျေးရွာ မူလွန်ကျောင်းတွင် တာဝန်ထမ်းဆောင်ခွင့်ရသည်မှာ မကြာသေးကြောင်း၊ ကျောင်းများ ပိတ်ထားသည့်အတွက် မိမိနေရပ် ရသေ့တောင်မြို့နယ် ရွာသစ်ကေကျေးရွာသို့ လာရောက်နေထိုင်ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း ယင်းသို့ လက်နက်ကြီးကျည် ကျရောက်သည့်အတွက် ထိခိုက်သေဆုံး ဒဏ်ရာရသူ အမြောက်အများရှိကာ နေ့စဉ်သဖွယ် ထိခိုက်မှုရှိနေကြောင်းလည်း ဒေသခံများထံမှသိရှိရသည်။















