COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းရှိ ကိုကိုးကျွန်းမြို့နယ်အပ ကျန် ၄၄ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့်ရက် ရွှေ့ဆိုင်းပေးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က အောက်တိုဘာ ၂၁ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်သည်။
UNDP ပါတီကိုယ်စားပြု၍ ရန်ကုန်တိုင်းတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၂ ဦးစုပေါင်းပြီး လက်မှတ်ရေးထိုး၍ တောင်းဆိုခြင်းဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
“UEC အနေနဲ့ ကျန်းမာရေးကို ဦးစားပေးစေချင်တယ်။ ပြည်သူလူထုကို အသက်အန္တရယ် စိုးရိမ်ဖွယ်ရာဖြစ်တဲ့ အခြေအနေမျိုးတွေမှာ စွန့်စားပြီး မလုပ်စေချင်ဘူး။ ရွေးကောက်ပွဲတွေကို ရွှေ့လို့ရတယ်။ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာတောင် ရွှေ့လို့ရသေးရင် ရန်ကုန်မှာလည်း ရွှေ့လို့မရစရာအကြောင်း ဘာမှမရှိဘူး။ ရခိုင်နဲ့ ရှမ်းမှာ မြို့နယ်တွေလည်း တစ်မြို့နယ်လုံး တချို့နေရာတွေမှာလည်း ရပ်ကွက်၊ ကျေးရွာအုပ်စုတွေ တော်တော်များများ ရွှေ့နိုင်သေးတာပဲ။ ဒါကြောင့် ရန်ကုန်တိုင်းကိုလည်း ရွှေ့လို့ရတယ်။ ဒါကြောင့် အစ်ကိုတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ရွှေ့ပေးစေချင်တယ်” ဟု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလည်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
ပြည်သူများ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး၊ လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေး၊ ရွေးကောက်ပွဲ၏ ပွင့်လင်းမြင်သာမှုနှင့် တရားဝင်မှုတို့အတွက် ရန်ကုန်တိုင်းအတွင်း Stay at Home ထုတ်ပြန်ထားသည့် ၄၄ မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းရန်ဟူ၍ ကော်မရှင်ထံ UNDP ပါတီပေးပို့သည့် အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိသည်။
အောက်တိုဘာ ၂၀ ရက် မွန်းလွဲပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၃၇၁၉၆ ဦးရှိသည့်အနက် ၂၉၁၆၇ ဦး ရာခိုင်နှုန်းအားဖြင့် ၇၈ ဒသမ ၄ ရာခိုင်နှုန်းမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ၄၄ မြို့ နယ်တွင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိသည့်အပြင် မြို့နယ်တစ်ခုမှ တစ်ခုသို့ ဖြတ်ကျော်ကူးသန်းခြင်းမပြုသည့် ကြေညာချက်လည်း ထုတ်ပြန်ထားကြောင်း ပါရှိသည်။
ယင်းသို့ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး အာမခံချက်နည်းပါးသည့်အတွက် ပြည်သူတို့၏ ကျန်းမာရေးအတွက် လွန်စွာ စိတ်ပူပန်ပြီး UNDP ပါတီအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေးသည် ဒုတိယ၊ ပြည်သူ့ကျန်းမာရေးသည် ပထမဟု ယုံကြည်လက်ခံကြောင်း ဖော်ပြပါရှိသည်။
ထို့ကြောင့် ရောဂါကူးစက်မှုနှုန်း လျော့ကျပြီး မဲပေးရာတွင် ပြည်သူ့အသက်အန္တရာယ် မရှိလောက်သည့်အချိန်မှ ရွေးကောက်ပွဲပြုလုပ်စေချင်သည်ဟု UNDP ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
“ အခု ရွေးကောက်ပွဲကျင်းပလို့ မရတဲ့နေရာတွေကို နောက်မှ ပြန်လည်ကျင်းပပေါ့။ လက်ရှိအနေအထားမှာတော့ ရောဂါပိုးတွေ မထိန်းချုပ်နိုင်ဘဲနဲ့ ရွေးကောက်ပွဲလုပ်နေတာတော့ လုံးဝမဖြစ်သင့်တဲ့ အလုပ်တစ်ခုပဲ။ စဉ်းစားရမှာက လူတွေရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေးကို စဉ်းစားရမှာ။ ရွေး ကောက်ပွဲကို ဦးစားပေးပြီး စဉ်းစားရမှာ မဟုတ်ဘူး” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
UNDP ပါတီသည် ရန်ကုန်တိုင်းအတွင်း ကော့မှူးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ တွံတေးမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်တို့ရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များအပါအဝင် ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တို့တွင် ကိုယ်စားလှယ်လောင်း ၁၂ ဦးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၃၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ရခိုင်ပြည်နယ်ရှိ ကိုးမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ခြောက်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု ၅၀၀ ကျော်တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း အောက်တိုဘာ ၁၆ ရက်တွင် ကြေညာသည်။
ကော်မရှင်၏ ပယ်ဖျက်မဲဆန္ဒနယ်စာရင်း ကြေညာချက်တွင် တိုက်ပွဲဖြစ်ပွာခြင်းမရှိသည့် နယ်မြေတည်ငြိမ်အေချမ်းမှုရှိသည့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့ ပါဝင်လျက်ရှိသည့်အတွက် ကော်မရှင်အနေဖြင့် ပြန်လည်သုံးသပ်ရန် စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ပြည်နယ်ငါးခုမှ ပေါင်းစည်း တိုင်းရင်းသားပါတီ ငါးပါတီတို့က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကော်မရှင်ထံ အိတ်ဖွင့်ပေးစာများ ပေးပို့၍ တိုက်တွန်းခဲ့ကြသည်။















