ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာလွင်မာအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာလွင်မာအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 21 October 2020
ပြည့်ဖြိုးအောင်

“မြေပြင်မှာ မဲဆွယ်စည်းရုံးခွင့်လည်း မရှိဘူး။ ပြည်သူနဲ့ ထိတွေ့တာလည်း မရှိဘူး။ နောက်တစ်ခုက Door to Door ဝင်ရောက်စည်းရုံးခွင့်လည်းမရှိဘူး။ ကျွန်မတို့လုပ်မယ်ဆိုတဲ့ မူဝါဒတွေကို ချပြပိုင်ခွင့်မရှိဘူး။ ဘာမှသိပ်မလုပ်ရဘဲနဲ့ ရွေးကောက်ပွဲကို ဝင်ရမယ်ဆိုတော့ အခက်အခဲက အတော့်ကို ကြီးပါတယ်”

လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာလွင်မာအောင်နှင့် တွေ့ဆုံမေးမြန်းခဲ့သည့် အကြောင်းအရာအချို့ကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

မေး ■ ဆရာမအနေနဲ့ PPP ပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဘာကြောင့်ယှဉ်ပြိုင်ဖြစ်တာလဲဆိုတာ ပြောပြပေးပါ။

ဖြေ ကျွန်မတို့ တိုင်းပြည်ရဲ့ ပကတိမြေပြင ်အရှိတရားပေါ်မှာ အခြေခံပြီးတော့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်မယ့် မူဝါဒနဲ့ လုပ်ငန်းစဉ်အတိအကျဖြစ်တဲ့ Programmatic Party ဖြစ်တာကြောင့်ရယ် ဗဟိုချုပ်ကိုင်မှု မရှိတာကြောင့်ရယ်။ အဲဒီအဓိက အကြောင်းနှစ်ချက်ကြောင့် ပြည်သူ့ရှေ့ဆောင် ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်အရွေးချယ်ခံဖြစ်ခြင်း ဖြစ်ပါတယ်။

မေး နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ အတွေ့အကြုံတွေနဲ့ဆိုရင် ဘယ်လိုနေရာတွေမှာ ပါဝင်ဆောင်ရွက်ခဲ့တာရှိလဲ။

ဖြေ  နိုင်ငံရေးလို့ ပြောရင် နိုင်ငံရေးလို့ပြောတဲ့ စကားလုံးက ကျယ်ပြန့်တယ်။ အခုလက်ရှိ အများသတ်မှတ်ထားတဲ့ နိုင်ငံရေးပေါ့။ ပါတီနိုင်ငံရေးပေါ့။ အဲဒီပါတီနိုင်ငံရေးကို ကျွန်မအနေနဲ့ အခုမှ ဝင်တာဖြစ်တယ်။ ကျွန်မတစ်ဦးတည်းရဲ့ ခံယူချက်ကတော့ နိုင်ငံရေးဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးဖြစ်တဲ့အတွက် လိုအပ်ချက်တွေ သေးသေးပဲဖြစ်ဖြစ်၊ ကြီးကြီးဖြစ်ဖြစ် ကိုယ်ပါဝင်ဆောင်ရွက်နိုင်တဲ့ တစ်ထောင့်တစ်နေရာ အမြဲတမ်းပါဝင်ဆောင်ရွက်နေတယ်ဆိုရင် ဒါက နိုင်ငံရေးလုပ်တာပါပဲ။ အဲဒီ လူထုနိုင်ငံရေး လုပ်လာတာသည် ၁၀ နှစ် ၁၅ နှစ်လောက် ရှိပါပြီ။ ဘယ်လိုလူထုနိုင်ငံရေးမျိုးကို လုပ်တာလဲဆိုရင် ကျွန်မက ပညာရေးဘက်မှာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာသူ ဖြစ်တဲ့အတွက် Researcher လုပ်နေတာဖြစ်တဲ့အတွက် ကျွန်မအနေနဲ့ ပညာရေးကို အားစိုက်ပြီး အားစိုက်ပြီးတော့ ဖြည့်ဆည်းပေးဖြစ်တယ်။ Education လို့ပြောရင် Tertiary Education ဘက်ကို ရောက်လာဖို့အတွက်က Basic Education စနစ်တကျဖြစ်မှလည်း Tertiary စနစ်တကျဖြစ်မှာပါ။ Basic မှာက ဗရမ်းပတာဆိုရင် Tertiary မှာ ဗရမ်းပတာ ဖြစ်မယ်။ ပညာရေးကလည်း နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးမှာ အားအကောင်းဆုံး လက်နက်ပဲ။ ဒီပညာရေးကိုကိုယ်လည်း ကျွမ်းကျင်တဲ့နယ်ပယ်ဖြစ်တဲ့အတွက် ပိုပြီးတော့ အားစိုက်ဖြစ်တယ်။ Basic မှာ လိုအပ်ချက်လေးတွေ ရှိတာပေါ့။ အစိုးရအနေနဲ့ လက်လှမ်းမမီနေရာလေးတွေမှာ Basic Education လိုအပ်ချက်တွေ ရှိတယ်။ အဲဒီလိုအပ်ချက်တွေကို ကျွန်မမိတ်ဆွေသူငယ်ချင်းတွေ ပြောပြတာတွေ လက်လှမ်းမီသမျှကို အကုန်လုံး ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးနေတာ ၁၅ နှစ်လောက် ရှိနေပါပြီ။

မေး  လက်ရှိကာလက ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ပေးထားတဲ့ မဲဆွယ်စည်းရုံးရေးကာလလည်း ဖြစ်တယ်။ ဒါပေမဲ့ ကိုဗစ်ရောဂါကြောင့် ရန်ကုန်တိုင်းအတွင်း မြိုနယ်တွေကို Stay at Home ကြေညာထားတော့ မဲဆန္ဒနယ်အတွင်း မဲဆွယ်စည်းရုံးရာမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။

ဖြေ  ကျွန်မတို့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီးတော့ အခက်အခဲက အခုအာဏာရပါတီနဲ့ အပြိုင်ပါတီတွေက ဒီကိုဗစ်ကာလအတွင်းမှာ ယှဉ်ရတဲ့အခါမှာ ပြည်သူရဲ့ထောက်ခံမဲရဖို့အတွက်ကို ကျွန်မတို့ မဲဆွယ်စည်းရုံးရာမှာ ရှုထောင့်ပေါင်းစုံကနေ အခက်အခဲများစွာနဲ့ ကြိုးစားနေရတယ်။ အာဏာရပါတီကတော့ ဘယ်ပါတီဖြစ်ဖြစ်သူကတော့ တစ်ဗန်းသာသာတယ်။ ပြည်သူ့ဘဏ္ဍာနဲ့ ပြည်သူကြိုက်တဲ့ဟာတွေကို လုပ်ပေးခွင့်ရှိတယ်။ ကိုဗစ်ကာလဖြစ်တဲ့အတွက် နိုင်ငံတကာထောက်ပ့ံချေးငွေနဲ့လည်း ပြည်သူမျက်နှာသာ ရအောင် လုပ်ပေးနိုင်တဲ့ အခွင့်အရေးတွေရှိတယ်။ အကျပ်အတည်းခြင်းတူတယ်ဆိုရင်တောင်မှ သူတို့က တစ်ဗန်းသာတာပဲ။ အဲဒီလိုလေးတွေ ရှိတယ်။ ဒါက ကျွန်မတို့ရဲ့ အခက်အခဲပေါ့။ မြေပြင်မှာ မဲဆွယ်စည်းရုံးခွင့်လည်း မရှိဘူး။ ပြည်သူနဲ့ ထိတွေ့တာလည်း မရှိဘူး။ နောက်တစ်ခုက Door to Door ဝင်ရောက် စည်းရုံးခွင့်လည်း မရှိဘူး။ ကျွန်မတို့လုပ်မယ်ဆိုတဲ့ မူဝါဒတွေကို ချပြပိုင်ခွင့်မရှိဘူး။ ဘာမှ သိပ်မလုပ်ရဘဲနဲ့ ရွေးကောက်ပွဲကို ဝင်ရမယ်ဆိုတော့ အခက်အခဲက အတော့်ကို ကြီးပါတယ်။ ကျွန်မကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မှာ လမ်းမတော်မြို့နယ် ပြည်သူလူထုရဲ့ ကိုဗစ်ကာလ မဲဆန္ဒရရေး၊ မရရေး၊ ထောက်ခံရေး၊ မထောက်ခံရေးက တစ်ပိုင်းပေါ့။ အခုလိုအပ်နေတာကတော့ ကိုဗစ်ကာလမှာ အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ရှားပါးနေတယ်။ Stay at Home ကြေညာထားတဲ့အတွက် တချို့မိသားစုတွေမှာက စားဝတ်နေရေးအခက်အခဲတွေရှိတယ်။ အဲဒီစားဝတ်နေရေး အခက်အခဲ အကျပ်အတည်းတွေရှိနေတဲ့ မိသားစုတွေကိုတော့ ကျွန်မတို့ လက်လှမ်းမီသလောက် အကုန်လုံးကို ဆန်တို့၊ ဆီတို့ ကျွန်မတို့ ထောက်ပံ့တယ်။ နောက်တစ်ချက် ပိုးသတ်ဆေးဖြန်းမှ ဖြစ်တဲ့လိုအပ်တဲ့ ရပ်ကွက်တွေရှိတယ်။ အဲဒီနေရာတွေကို လမ်းမတော်မြို့နယ် ဦးဆောင်လူငယ်ပရဟိတအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့ကို အကူအညီတောင်းပြီးတော့ အဲဒီရပ်ကွက်မှာ အိမ်တိုင်ရာရောက် ပိုးသတ်ဆေးဖျန်းပေးပါတယ်။ အဲဒီအလုပ်တွေကိုတော့ ပါတီနိုင်ငံရေးအစား ပြည်သူလူထုအတွက် အခုကာလလိုအပ်နေတာကို ဖြည့်ဆည်းပေးနေပါတယ်။

မေး  အခုလိုမဲဆွယ်စည်းရုံးဖို့ အခက်အခဲရှိနေတာရယ် PPP ပါတီက ပါတီအသစ်တစ်ခုလည်းဖြစ်တော့ လက်ရှိအာဏာရပါတီ NLD ကို ယှဉ်ပြိုင်နိုင်မယ်လို့ ထင်ပါသလား။ ဘယ်လိုမျှော်မှန်းထားလဲ။

ဖြေ  ကျွန်မတို့ ပြည်သူ့ရှေ့ဆောင်ပါတီ ပေါ်ထွက်ရခြင်းသည် လက်ရှိအာဏာရပါတီ NLD ကိုတိုက်ခိုက်ဖို့ မဟုတ်သလို နောက်ထပ်ပါတီကြီးတစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုလည်း တိုက်ခိုက်ဖို့မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ ပြည်သူတစ်ရပ်လုံးရဲ့အကျိုးစီးပွား၊ လူမှုစီးပွားဖွံ့ဖြိုးဖို့အတွက်ကို ဦးတည်ဆောင်ဖို့အတွက် ကျွန်မတို့ကပေါ် ထွက်လာရခြင်းဖြစ်ပါတယ်။ ဒီပါတီတွေနဲ့ ယှဉ်ပြိုင်ခြင်း၊ မယှဉ်ပြိုင်ခြင်းထက် မိဘပြည်သူတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်အထိ ကျွန်မတို့ လုပ်ဆောင်ပေးသွားနိုင်မယ်ဆိုတာကိုပဲ ဦးစားပေးပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကျွန်မတို့ ပါတီဥက္ကဋ္ဌကြီးလည်း Public မှာ အမြဲတမ်းချပြနေတဲ့ Programmatic Party ပေါ့နော်။ Programmatic Party ဖြစ်တဲ့အတွက် အဘက်ဘက်က တတ်သိပညာရှင်တွေနဲ့ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးအခြေအနေ အကုန်လုံးသုံးသပ်ပြီးတော့မှ ခိုင်မာတဲ့ နိုင်ငံရေးမူဝါဒ၊ စီးပွားရေးရေးမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေးမူဝါဒ၊ ဒီမူဝါဒတွေ လမ်းစဉ်တွေကို အတိအကျ ရေးဆွဲထားတယ်။ စီးပွားရေးမူဝါဒကို ရေးဆွဲထားတယ်။ လုပ်ငန်းလမ်းစဉ်တွေကို အတိအကျရှိတဲ့ Programmatic Party ဖြစ်တဲ့အတွက် ချမှတ်ထားတဲ့ ဒီလုပ်ငန်းလမ်းစဉ် မူဝါဒတွေနဲ့  ဘယ်ပါတီတွေနဲ့မဆို ယှဉ်နိုင်စွမ်းရှိပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီရေချိန် level မြင့်တက်လာတဲ့ အမြင်နဲ့ ကြည့်နိုင်မယ်ဆိုရင် မယှဉ်နိုင်စရာအကြောင်း ဘာအကြောင်းမှ မရှိပါဘူး။ ရွေးချယ်တယ်၊ မရွေးချယ်ဘူးဆိုတာလည်း ပြည်သူလူထုရဲ့ ဒီမိုကရေစီရေချိန်နဲ့လည်း သက်ဆိုင်ပါတယ်။ ပါတီစွဲတွေ၊ ပုဂ္ဂိုလ်စွဲတွေထက် အဲဒါတွေ အကုန်လုံးထက် ပြည်သူလူထုရဲ့ ဒီမိုကရေစီရေချိန် level သာ မြင့်လာမယ်ဆိုရင် ဒါတွေကို မြင်တတ်လာမှာ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ရွေးချယ်ခံရခြင်း၊ မခံရခြင်းတွေအပေါ်မှာ အကုန်လုံးအပေါ်မှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီ ရေချိန်မြင့်မြင့်ပေါ့။ ကျွန်မတို့နိုင်ငံက ဒီမိုကရေစီသက်တမ်းကလည်း နုသေးတယ်။ ဘာဖြစ်လဲဆိုတော့ ပြည်သူလူထုအနေနဲ့က ပါတီစွဲရှိတယ်။ ပုဂ္ဂိုလ်စွဲရှိတယ်။ ဒါတွေအပြင် ဒါတွေအကုန်လုံးပေါ့နော်။ ဒီမိုကရေစီရေချိန် level သာ မြင့်လာခဲ့မယ်ဆိုရင် ဒီလုပ်ငန်းစဉ်နဲ့ မူဝါဒတွေကို ရှင်းရှင်းလင်းလင်းနဲ့ မြင်တတ်မယ်ဆိုရင် ကျွန်မတို့ပါတီက ချမှတ်ထားတဲ့ မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေ အကုန်လုံးကို ဘယ်ပါတီနဲ့မဆို မယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ ယှဉ်နိုင်ပါတယ်။

မေး  လက်ရှိအချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ NLD အစိုးရနဲ့ ရွေးကောက်ပွဲကောက်မရှင်ကို ဝေဖန်မှုတွေ ရှိနေပါတယ်။ ဆရာမအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ ၂၀၂၀ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ  လက်ရှိအစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်ကတော့ အကုန်လုံးကပြောနေတာပေါ့နော်။ ပါတီတွေ ပြောနေတဲ့အတိုင်းပဲ ကျွန်မတို့ကလည်း သူတို့အတိုင်းပါပဲ။ ဒီထက်ပိုပြီးတော့ ပြောစရာမရှိပါဘူး။ ယှဉ်ကြည့်လိုက်ရင်တော့ ၂၀၁၅ မှာတုန်းက ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဦးတင်အေး ဦးဆောင်တယ်။ ၂၀၂၀ ဦးလှသိန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ရွေးကောက်ပွဲကော်မရှင် အဲဒီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့လုပ်ရပ်ကို ယှဉ်ကြည့်လိုက်ရင်တော့ အားလုံးသိနိုင်ပါတယ်။ ကျွန်မအနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူး။

မေး  အခုဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ လက်ရှိအာဏာရပါတီ NLD ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ငါးနှစ်တာအတွင်း ဆောင်ရွက်ချက်တွေအနက် ဘာတွေလိုအပ်ချက်ရှိတယ်လို့ မြင်ပါသလဲ။

ဖြေ  တိုးတက်လာတာလေးတွေလည်း ရှိပါတယ်။ ကောင်းမွန်တဲ့ ဆောင်ရွက်လေးတွေလည်း ရှိပါတယ်။ ဒီထက်ကောင်းအောင် လုပ်နိုင်တာတွေလည်း ရှိပါတယ်။ မတိုးတက်ဘူးလားဆိုတော့ တိုးတက်ပါတယ်။ မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ အဲဒီအပေါ်မှာ ဘာမှပြောစရာမရှိပါဘူး။ ဒီထက်ကောင်းအောင် လုပ်နိုင်ပါလျက်နဲ့ ဒီထက်ကောင်းအောင်လုပ်နိုင်တဲ့အနေအထားတွေရှိတဲ့အတွက် အားမရတာလည်းရှိပါတယ်။

မေး  တကယ်လို့ အခုရွေးကောက်ပွဲမှာ ဆရာမက ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် ဒီမဲဆန္ဒနယ််က ပြည်သူတွေအတွက် ဘာတွေကို အဓိကလုပ်ဆောင်သွားဖို့ရှိပါသလဲ။

ဖြေ ကျွန်မကို လမ်းမတော်မြို့နယ် ပြည်သူလူထုက ရွေးချယ်လိုက်တယ်ဆိုရင်တော့ ကျွန်မအနေနဲ့ လမ်းမတော်မြို့နယ် ပြည်သူလူထုရဲ့ စားဝတ်နေရေး၊ တရားဥပဒေစိုးမိုးရေး အဲဒီနှစ်ချက်အကို အဓိကထားပြီး လုပ်ဆောင်သွားမယ်။ အဲဒါတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေ လိုအပ်သလိုစီမံဆောင်ရွက်သွားမယ်။ နောက်တစ်ချက်က ဥပမာအားဖြင့် လူသွားစင်္ကြံဆိုရင် ဒီစင်္ကြံကို မြင်လိုက်တာနဲ့ လူတစ်ယောက်ရဲ့စိတ်သည် လမ်းလျှောက်ချင်စိတ်ပေါက်သွားတဲ့ အဲဒီလိုပတ်ဝန်းကျင်လေးတွေ ပေးချင်တယ်။ စိတ်ကို တက်ကြွလန်းဆန်းစေချင်တယ်။ အဲဒီနောက်မှာ ကျန်းမားရေးတွေရော ဘာတွေအကုန်လုံးပေါ့။ စိတ်ရဲ့ လုပ်ဆောင်ချက် ကောင်းမွန်အောင်လုပ်မယ်။ လူသားတစ်ယောက် ခံစားနိုင်တဲ့ကောင်းမွန်တဲ့ Atmosphere ကို ပေးချင်တယ်။ လမ်းမတော်မြို့နယ် ပြည်သူလူထုကသာ ကျွန်မကို ရွေးချယ်လိုက်ရင် လမ်းမတော်မြို့နယ် ပြည်သူလူထုရဲ့ အကျိုးစီးပွားသည် ပထမ။ လမ်းမတော်မြို့နယ် ပြည်သူလူထုရဲ့ အကျိုးစီးပွားသည် ဒုတိယ၊ လမ်းမတော်မြို့နယ် ပြည်သူလူထုရဲ့ အကျိုးစီးပွားသည် တတိယလို့ ခိုင်မာတဲ့ သံန္နိဋ္ဌာန် ချထားပါတယ်။

မေး  တိုင်းရင်းသားတွေ မျှော်လင့်တဲ့ ဖက်ဒရယ်အရေးနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့အတွက်ရှိရင် ဘာတွေကို လုပ်ဆောင်သွားဖို့ ရှိမလဲ။

ဖြေ  ဖက်ဒရယ်အရေးကလေ ပြည်ထောင်စုကြီးအရေးဖြစ်တာပေါ့။ ပြည်ထောင်စုကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်စဉ်းစားပြီးတော့မှ လုပ်ရမယ်။ အရေးကြီးဖြစ်တဲ့အတွက် အင်မတန်နက်နဲပါတယ်။ ဒီလို စားပွဲဝိုင်းမှာ တစ်ခါတည်း ထိုင်ပြောဖို့ဆိုတာလည်း လွယ်ကူတဲ့အရာ မဟုတ်ဘူး။ ဖက်ဒရယ်အရေးပြောမယ်ဆိုရင် ဥပဒေပြုရေးတွေ အကုန်လုံးတိုင်းရင်းသားတွေရော ပြည်ထောင်စုတစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီးတော့ အဘက်ဘက်ရှုထောင့် ပေါင်းစုံစဉ်းစားပြီး ကျွန်မအနေနဲ့ ဒီနေရာက ပြောရမှာ ခက်ပါတယ်။ အခုချိန်မှာက ဖက်ဒရယ်အရေးကို လေ့လာနေဆဲဖြစ်တယ်။ အင်မတန်လည်း နက်နဲပါတယ်။ ကျွန်မတို့ ပါတီမှာ ဖက်ဒရယ်ရေးကို အားပေးတဲ့မူဝါဒတွေ ချမှတ်ထားတာ ရှိပါတယ်။ တိုင်းရင်းသားအရေးဖြစ်တဲ့အတွက် အထူးအလေးပေးဆောင်ရွက်ဖို့ စိတ်ကူးထားပြီး ဖြစ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

Most Read

Most Recent