စာချုပ်ပါအချက်အရ ဆိုင်းရပ်စ်နှင့်ထိုးသတ်မည့်ပွဲတွင် ငါးချီအတွင်း အနိုင်အရှုံးမပေါ်ပါက နှစ်ချီဆက်လက်ထိုးသတ်ရမည်ဟု ဒေ့ဗ် အတည်ပြု

စာချုပ်ပါအချက်အရ ဆိုင်းရပ်စ်နှင့်ထိုးသတ်မည့်ပွဲတွင် ငါးချီအတွင်း အနိုင်အရှုံးမပေါ်ပါက နှစ်ချီဆက်လက်ထိုးသတ်ရမည်ဟု ဒေ့ဗ် အတည်ပြု
Photos : Dave Leduc Facebook
Photos : Dave Leduc Facebook
Published 20 October 2020

ကနေဒါနိုင်ငံသား မြန်မာ့ရိုးရာလက်ဝှေ့သမား ဒေ့ဗ်က စာချုပ်ပါအချက်အလက်များအရ အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်နှင့်ယှဉ်ပြိုင်ထိုးသတ်မည့် စိန်ခေါ်ပွဲတွင် ငါးချီအတွင်း အနိုင်အရှုံးရလဒ်မပေါ်ပါက နှစ်ချီဆက်လက် ထိုးသတ်ရမည်ဖြစ်ကြောင်း Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေ ကြားသည်။

World Lethwei Title ဟု အမည်ပေးထားသည့် အဆိုပါစိန်ခေါ်ပွဲစဉ်ကို လာမည့် နိုဝင်ဘာ ၇ ရက်တွင် အမေရိကန်နိုင်ငံ$ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းဖြစ်သည့် အလဲထိုးစနစ်အသုံးပြု သွားမည်ဖြစ်ကြောင်း သိရသည်။

''ဆိုင်းရပ်စ်နဲ့ ကျွန်တော် ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းတွေ ရှိပါ သေးတယ်။ အဲဒါကတော့ ကျွန်တော်တို့ ချုပ်ဆိုလိုက်တဲ့ စာချုပ်အရ ငါးချီစိန်ခေါ်ပွဲ ထိုးသတ်လို့မှ အနိုင်အရှုံးမပေါ်ဘူးဆိုရင် ပြတ်ပြတ်သားသား ရလဒ်ဖြစ်ဖို့အတွက် နောက်ထပ်နှစ်ချီ ထပ်မံထိုးသတ်သွားမှာဖြစ်ပါတယ်။ အဲဒါကို Lethwei Extreme လို့ခေါ်ပါတယ်။ ဒါကြောင့် ဒီစိန်ခေါ်ပွဲဟာ ခုနစ်ချီမြောက်တဲ့အထိ ယှဉ်ပြိုင်ရတဲ့ စိန်ခေါ်ပွဲဖြစ်သွားနိုင်ပါတယ်''ဟု ကနေဒါနိုင်ငံသား ဒေ့ဗ်က Eleven Sports ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ကနေဒါနိုင်ငံသား ဒေ့ဗ်နှင့် အမေရိကန်နိုင်ငံသား ဆိုင်းရပ်စ်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ရန်ကုန်မြို့၌ စိန်ခေါ်ပွဲယှဉ်ပြိုင်ထိုးသတ်ဖူးပြီး ပူးတွဲသရေရလဒ်သာ ထွက်ပေါ်ခဲ့သည်။

ယခုပွဲတွင် ခုနစ်ချီအထိထိုးသတ်ရန် စီစဉ်ထားသော်လည်း ပွဲမပြီးခင်အနိုင်ရရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဒေ့ဗ်က ဆက်လက် ပြောကြားသည်။

''ဆိုင်းရပ်စ်နဲ့ထိုးသတ်မယ့် စိန်ခေါ်ပွဲစဉ်ဟာ ခုနစ်ချီအထိ ထိုးသတ်ကြဖို့ သဘောတူထားပေမဲ့ ဆိုင်းရပ်စ်ကို အလျင်အမြန်အဆုံးသတ်ဖို့အတွက်တော့ ကျွန်တော့်ဘက်က ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားပါတယ်။ ဆိုင်းရပ်စ်ဟာ ပွဲပေါင်း ၁၀၀ ကျော်ယှဉ်ပြိုင်ထားတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်ဘက်မှာလည်း သူ့ကိုအလဲထိုးနိုင်မယ့် နည်းဗျူဟာတွေ ချမှတ်ပြီးသားဖြစ်ပါတယ်''ဟု ဒေ့ဗ်က ဆိုသည်။

အဆိုပါစိန်ခေါ်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်းများဖြင့်သာ ယှဉ်ပြိုင်သွားရန် သဘောတူညီထားပြီး ခေါင်းတိုက်ချက်ခွင့်ပြုခြင်း၊ ဗလာလက်သီးအသုံးပြုခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စည်းမျဉ်းအနေဖြင့် တစ်ချီလျှင် သုံးမိနစ်ဖြင့် ငါးချီစိန်ခေါ်ပွဲထိုးသတ်ရန် စီစဉ်ထားပြီး ငါးချီအတွင်း အရှုံးအနိုင်မပေါ်မှသာ နှစ်ချီထပ်ပေါင်းထိုးသတ်မည်ဖြစ်သည်။

ထို့ပြင် ယင်းစိန်ခေါ်ပွဲတွင် ကြိုးဝိုင်းအစား Cage ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent