Project K အဖွဲ့အား ရန်ကုန်လေဆိပ်၌ ကန့်ကွက်ဆန္ဒပြသဖြင့် အမှုဖွင့်ခံထားရသော သံဃာတော် တစ်ပါးနှင့် လူ ခြောက်ဦးအား မင်္ဂလာဒုံမြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေကျပ် နှစ်သောင်း ချမှတ်

Project K အဖွဲ့အား ရန်ကုန်လေဆိပ်၌ ကန့်ကွက်ဆန္ဒပြသဖြင့် အမှုဖွင့်ခံထားရသော သံဃာတော် တစ်ပါးနှင့် လူ ခြောက်ဦးအား မင်္ဂလာဒုံမြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေကျပ် နှစ်သောင်း ချမှတ်
Published 20 October 2020
မျိုးထွန်း

Project K အဖွဲ့အား ရန်ကုန်လေဆိပ်တွင် ကန့်ကွက်ဆန္ဒပြသဖြင့် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံထားရသော သံဃာတော် တစ်ပါးနှင့် လူ ခြောက်ဦးကို မင်္ဂလာဒုံမြို့နယ်တရားရုံးက တစ်ဦးလျှင် ဒဏ်ငွေကျပ် နှစ်သောင်း ချမှတ်ကြောင်း အောက်တိုဘာ ၁၉ ရက်တွင် သိရသည်။

အောက်တိုဘာ ၁၃ ရက် ညပိုင်းက ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည့် Project K အဖွဲ့အား  သွားရောက် ကန့်ကွက်ဆန္ဒပြခဲ့သူများထဲမှ သံဃာတော် တစ်ပါးနှင့် လူ ခြောက်ဦးအား ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

“ ဦးဇင်းတို့ကို ဒီနေ့ မင်္ဂလာဒုံမြို့နယ်ကနေ ရဟန်းတစ်ပါး အပါအဝင် လူ ခြောက်ဦးကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲတင်ပါတယ်။ တရားစွဲတင်ပြီး မင်္ဂလာဒုံမြို့နယ် တရားသူကြီး က ဦးဇင်းတို့ကို ဒဏ်ငွေ နှစ်သောင်းနဲ့ အပြီးသတ် အမိန့်ချမှတ်လိုက်ပါတယ်။ တစ်ဦးလျှင် နှစ်သောင်းနဲ့ ခုနစ်ဦးဆိုတော့ တစ်သိန်းလေးသောင်းပေါ့” ဟု ဆရာတော် ဦးပညာဝံသက မိန့်ကြားသည်။

Asia Song Festival 2020 တွင် မြန်မာကေပေါ့ပ် တေးဂီတအဖွဲ့ Project K က ရွှေတိဂုံစေတီတော် ပုံရိပ်ကိုနင်း၍ ဖျော်ဖြေခဲ့သည့်အတွက် ဝေဖန်မှုများခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အောက်တိုဘာ ၁၁ ရက်တွင် Project K အဖွဲ့က ၎င်းတို့၏ Facebook Page မှတစ်ဆင့် ပြန်လည် တောင်းပန်ခဲ့သည်။

Asia Song Festival 2020 ပွဲတွင် ဖျော်ဖြေစဉ်က ရွှေတိဂုံစေတီတော် ပုံရိပ်ကို အောက် LED တွင် ပြနေသည်ကို ဖျော်ဖြေပြီးမှ သိခဲ့ရခြင်းဖြစ်ပြီး LED တွင် ထည့်သွင်းပြသမည့် ဗွီဒီယိုများကို Asia Song Festival 2020 ပွဲကသာ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ တောင်းပန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

“ပထမတစ်ကြိမ် Rehearsal မှာ LED မထိုးသေးပါဘူး။ ဒုတိယအကြိမ် Rehearsal ဖျော်ဖြေရတဲ့အချိန်မှာမှ LED တွေ ပါလာတာပါ။ အောက်မှာ LED တွေ လင်းနေမှန်းတော့သိပေမဲ့ Rehearsal ကနေတဲ့အချိန် ဘာပုံရိပ်မှန်း သေသေချာချာ မသိခဲ့ပါဘူး”ဟု Project K အဖွဲ့၏ တောင်းပန်စာတွင် ဖော်ပြခဲ့သည်။

၎င်းတို့အားလုံးသည် ဗုဒ္ဓဘာသာဝင်များသာ ဖြစ်ကြောင်း၊ အောက်ခြေတွင် ယခုကဲ့သို့ ရှိနေမည်ကိုသိပါက ၎င်းတို့အနေဖြင့် ထည့်သွင်းခိုင်းမည် မဟုတ်ကြောင်း၊ အောက်ခြေ LED တွင် ရွှေတိဂုံစေတီတော်ပုံရိပ် ပါနေသည်ကို ဖျော်ဖြေပွဲပြီးမှသာ သိရှိရခြင်းဖြစ်ကြောင်းလည်း Project K ၏ တောင်းပန်စာတွင် ဖော်ပြခဲ့သည်။ အကောင်းဆုံး ကြိုးစားခဲ့သော်လည်း ယခုကဲ့သို့ လွှဲချော်မှုဖြစ်ပွားခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ်ရကြောင်း Project K ၏ Facebook Page တွင် ဖော်ပြခဲ့သည်။     

Most Read

Most Recent