မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ဓာတ်ခွဲကျွမ်းကျင် ဆေးရုံဝန်ထမ်း နှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ

မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးရှိ ဓာတ်ခွဲကျွမ်းကျင် ဆေးရုံဝန်ထမ်း နှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ
Published 18 October 2020
သတင်း ဓာတ်ပုံ - ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ဓာတ်ခွဲကျွမ်းကျင် ဆေးရုံဝန်ထမ်း နှစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

“ ဟုတ်ပါတယ် ၊ မူဆယ်ဆေးရုံမှာ တွေ့တာတော့ ကျန်းမာရေးဝန်ထမ်းနဲ့ ဓာတ်ခွဲကျွမ်းကျင် တစ်ယောက်ပါ၊ Swab ယူတဲ့ အဖွဲ့ထဲကပါ၊ သူတို့ကို Gene Xpert စက်နဲ့ စစ်တာပါ၊ သူတို့နဲ့ ထိတွေ့ခဲ့သူ အားလုံးကိုလည်း Hospital Quarantine ထားထားပါတယ်၊ မနက်ဖန် သူတို့ကို Rapid COVID-19 Antigen Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ မရှိ ထပ်မံ စစ်ဆေးပေးသွားမှာပါ ၊ လိုအပ်တဲ့ ကုသမှုတွေ အကုန်လုပ်ပေးသွားမှာပါ” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ တင်မောင်ညွန့်က ပြောကြားသည်။

မူဆယ် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံးဝန်ထမ်းများအား အောက်တိုဘာလ ၁၈ ရက် နံနက် ၁၀ နာရီခွဲခန့်က COVID-19 ရောဂါပိုးရှိ မရှိ မူဆယ်ပြည်သူ့ဆေးရုံရှိ GeneXpert စက်ဖြင့် စစ်ဆေးပေးခဲ့ရာ မူဆယ်ပြည်သူ့ဆေးရုံဝန်းနေ အသက် ၂၆ နှစ်အရွယ် ဓာတ်ခွဲကျွမ်းကျင် အဆင့် ၄ အမျိုးသားတစ်ဦးနှင့် ဟိုမွန်ရပ်ကွက်နေ အသက် ၂၃ အရွယ် ဓာတ်ခွဲကျွမ်ကျင် အဆင့် ၂ အမျိုးသားတစ်ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

အဆိုပါတွေ့ရှိခဲ့သော လူနာအမျိုးသား နှစ်ဦးကို ညနေ ၅ နာရီခွဲခန့်က ကရုဏာလူမှုကူညီရေးအသင်းယာဉ်ဖြင့် မူဆယ်ခရိုင် ဆေးရုံသစ်ကြီးသီးသန့်ဆောင်တွင် ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

မူဆယ်မြို့နယ်တွင် မေ ၂၉ ရက်က ခရီးသွားရာဇဝင်မရှိသော မုံးပေါ်တိုက်နယ် ကျန်မာရေးဌာနမှ မုံးပေါ်ကျန်းမာရေးမှူး အသက် ၃၀ အရွယ် Case-231 အမျိုးသမီးတစ်ဦး တွေ့ရှိခဲ့ပြီး ယခုတွေ့ရှိမှုသည် မူဆယ်မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၌ ဒုတိယအကြိမ်တွေ့ရှိခဲ့ခြင်းဖြစ်ကာ ယခုအခါ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသစ်ကြီး သီးသန့်ကုသဆောင်၌ COVID-19 လူနာ ၁၂ ဦးထိ ဆေးကုသမှု ပေးနေကြောင်း သိရှိရသည်။

Most Read

Most Recent