အီတီဟတ်ဒ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ မန်စီးတီး

အီတီဟတ်ဒ်မှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့တဲ့ မန်စီးတီး
Photos: Team Twitter
Photos: Team Twitter
Published 18 October 2020

ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ မန်စီးတီးအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ အာဆင်နယ်အသင်းကို အိမ်ကွင်းအီတီဟတ်ဒ်မှာ (၁-၀)ဂိုးနဲ့အနိုင်ယူပြီး အဖိုးတန်နိုင်ပွဲကိုပြန်ရှာတွေ့ခဲ့ပါတယ်။

အစပိုင်းကာလမှာကတည်းက ဖိအားဝင်နေတဲ့မန်စီးတီးအသင်း အခုအိမ်ကွင်းပွဲစဉ်မှာတော့ အမှားအယွင်းမရှိအောင်ပြင်ဆင်လာခဲ့ပြီး ကျေနပ်စရာနိုင်ပွဲကိုရရှိခဲ့တာပါ။

နည်းပြအာတီတာလက်ထက်မှာ ကျေနပ်စရာကစားပုံကိုပြသနိုင်တဲ့အာဆင်နယ်အသင်း ဒီနေ့ပွဲစဉ်မှာတော့ တိုက်စစ်ပိုင်းအားနည်းချက်တွေနဲ့အတူ ဒီရာသီရဲ့ ဒုတိယမြောက်ပရီးမီးယားလိဂ်ရှုံးပွဲကိုကြုံတွေ့ခဲ့ရပါတယ်။

ဒီပွဲအပြီးမှာ နောက်ထပ်ပရီးမီးယားလိဂ်ပွဲကျပ်ပွဲစဉ်တွေအဖြစ် လက်စတာ၊ အာဆင်နယ်တို့နဲ့ကစားဖို့ရှိနေတဲ့အာဆင်နယ်အသင်းအတွက် အခုရှုံးပွဲက ဖိအားအနည်းငယ်များစေခဲ့တယ်လို့ဆိုရပါလိမ့်မယ်။

အဂွဲရိုးပွဲထွက်ပါဝင်လာတဲ့မန်စီးတီးအသင်းတိုက်စစ်မှာ စတာလင်နဲ့တွဲဖက်ခဲ့ပြီး ဖိုဒန်၊ မာရက်ဇ်၊ ဘာနာဒိုဆေးလ်ဗား၊ ကန်ဆယ်လိုတို့ရဲ့တိုက်စစ်ပိုင်းပံ့ပိုးမှုတွေက အာဆင်နယ်အသင်းကို အကောင်းဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းကလည်း ပေပေ၊ အူဘာမီယန်း၊ ဝီလီယံတို့ကိုတိုက်စစ်မှာတွဲဖက်လာခဲ့ပြီး မန်စီးတီးကိုတုံ့ပြန်ဖို့ကြိုးစားခဲ့ပေမယ့် ကွင်းလယ်နဲ့တိုက်စစ်ပိုင်းချိတ်ဆက်မှုတွေမှာ အားနည်းချက်များခဲ့လို့အရာမထင်ခဲ့ပါဘူး။

ပွဲစကတည်းက မန်စီးတီးအသင်းဖိအားပေးကစားနိုင်ခဲ့ပြီး အာဆင်နယ်အသင်းကတော့ တန်ပြန်တိုက်စစ်ကနေပဲ တုံ့ပြန်ဖို့ကြိုးစားခဲ့ပါတယ်။

ပွဲချိန် (၂၃)မိနစ်မှာတော့ ဒီပွဲရဲ့တစ်လုံးတည်းသောသွင်းဂိုးလည်းဖြစ်တဲ့ မန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို စတာလင်ကသွင်းယူပေးခဲ့ပါတယ်။

ဂိုးရပြီးချိန်မှာ မန်စီးတီးအသင်းပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာတော့ (၁-၀)ဂိုးနဲ့ပဲပြီးဆုံးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အာဆင်နယ်အသင်း ချေပဂိုးရဖို့ပိုမိုအားထုတ်လာခဲ့လို့ ပွဲကပိုပြီးအကြိတ်အနယ်ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းချေပဂိုးရနိုင်တဲ့အခွင့်အရေးတွေရှိခဲ့ပေမယ့် ဆာကာ၊ ပေပေ၊ အူဘာမီယန်းတို့အသုံးမချနိုင်ခဲ့သလို မန်စီးတီးဂိုးသမား

အီဒါဆန်ကလည်း အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ အာဆင်နယ်အသင်းအတွက်နစ်နာခဲ့ရတာပါ။

မန်စီးတီးအသင်းကတော့ အိမ်ရှင်အသင်းပီပီ ပွဲကိုအကောင်းထိန်းချုပ်ကစားသွားခဲ့ပြီး အဂွဲရိုး၊ စတာလင်တို့ရရှိခဲ့တဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့လို့လည်း ဒီထက်ပိုပြီး ဂိုးမပြတ်ခဲ့တာပါ။

ပွဲပြီးဖို့နီးကပ်လာတာနဲ့အမျှ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲကအကြိတ်အနယ်ပိုရှိလာခဲ့ပေမယ့် နှစ်သင်းစလုံးဂိုးတွေထပ်မသွင်းနိုင်ခဲ့လို့ (၁-၀)ဂိုးရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

ပရီးမီးယားလိဂ် (၂)ပွဲဆက်နိုင်ပွဲပျောက်မှုကြောင့် ဖိအားဝင်နေတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာအတွက်တော့ ကျေနပ်စရာနိုင်ပွဲဖြစ်ခဲ့သလို့ ပြီးခဲ့တဲ့ရာသီ FA ဖလားဆီမီးဖိုင်နယ်ရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ခဲ့တယ်လို့ဆိုရပါလိမ့်မယ်။

Most Read

Most Recent