ပန်းတနော်မြို့တွင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ်ဆိုင်းဘုတ် စိုက်ထူရာ၌ ကရင်အမျိုးသားအလံ လွှင့်ထူမှုကို NLD ပါတီက ကန့်ကွက်တိုင်ကြားမှုကြောင့် ပြန်ဖြုတ်ပေးခဲ့ရ

ပန်းတနော်မြို့တွင် ကရင်ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ်ဆိုင်းဘုတ် စိုက်ထူရာ၌ ကရင်အမျိုးသားအလံ လွှင့်ထူမှုကို NLD ပါတီက ကန့်ကွက်တိုင်ကြားမှုကြောင့် ပြန်ဖြုတ်ပေးခဲ့ရ
ဓာတ်ပုံ - ကရင်ပြည်သူ့ပါတီ ပန်းတနော်မြို့နယ်
ဓာတ်ပုံ - ကရင်ပြည်သူ့ပါတီ ပန်းတနော်မြို့နယ်
Published 16 October 2020
မင်းသူဝင်းထွဋ်

ပန်းတနော်မြို့နယ်တွင် ကရင်ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ်ဆိုင်း ဘုတ်စိုက်ထူရာတွင် ပါတီအလံကို အသုံးမပြုဘဲ ကရင်အမျိုးသား အလံကိုသာ လွှင့်ထူခဲ့မှုကို NLD ပါတီက မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ ကန့်ကွက်တိုင်ကြားခဲ့မှုကြောင့် ပြန်လည်ဖြုတ်သိမ်း ပေးခဲ့ရကြောင်း သတင်းရရှိသည်။

စစ်ကိုင်းကျေးရွာအုပ်စု NLD ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ကရင်ပြည်သူ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလောင်း ပဒိုမန်းငြိမ်းမောင်၏ မဲဆွယ်ဆိုင်းဘုတ် စိုက်ထူရာတွင် ကရင်ပြည်သူ့ပါတီ၏ အလံကို အသုံးမပြုဘဲ ကရင်အမျိုးသားအလံကို အသုံးပြုခဲ့မှုကို ကန့်ကွက်ကြောင်း အောက်တိုဘာ ၉ ရက်တွင် ပန်းတနော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံသို့ တိုင်ကြားခဲ့ကြောင်း၊ ယင်းတိုင်ကြားမှုကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ စစ်ဆေးခဲ့ပြီးနောက် အောက်တိုဘာ ၁၃ ရက်က ပြုလုပ်သည့် ကော်မရှင် အစည်းအဝေး ဆုံးဖြတ်ချက်အရ ကရင်ပြည်သူ့ပါတီ အနေဖြင့် ပါတီမဲဆွယ်သည့် ကိစ္စရပ်များတွင် ပါတီအလံကိုသာ အသုံးပြုပြီး ကရင်အမျိုးသား အားလုံးကို ကိုယ်စားပြုသည့် ကရင်အမျိုးသားအလံကို အသုံးမပြုရန် ကရင်ပြည်သူ့ပါတီထံ စာထုတ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ကျွန်မသိရသလောက် အဲဒီလိုကန့်ကွက်တယ်။ NLD ကနေ ကန့်ကွက်တယ်ပေါ့၊ ဘာဖြစ်လို့လဲလို့ ပါတီအလံ မပါလို့ဘဲလား မသိဘူး။ ပါတီအလံတွေကလည်း ကျွန်မတို့ ရိုက်မလောက် ဖြစ်သွားတဲ့အခါ ကရင်အလံကို သုံးလိုက်တာနဲ့ တူပါတယ်။ ကရင်အလံကတော့ ကရင်တစ်မျိုးသားလုံး ပိုင်ပေါ့နော်။ ပါတီပိုင်တော့ မဟုတ်ဘူးပေါ့။ NLD ကလည်း လိုက်ဒေါက်ထောက် ကြည့်နေတာ။ ကျွန်မသိသလောက်ကတော့ အဲဒါကို ဖြေရှင်းလိုက်နိုင်ပါတယ်။ တိုင်တာကတော့ ဟုတ်တယ်။ စာနဲ့ရေးပြီးတော့ တိုင်တာ။ တစ်ဘက်က တစညတို့ ကြ့ံခိုင်ဖွံ့ဖြိုးရေး တို့ကလည်း သူတို့ကို ထင်မှာစိုးလို့နဲ့ တူပါတယ်။ ကျွန်မနဲ့ ဖုန်းအဆက်အသွယ်ရတော့ သူတို့မဟုတ်ကြောင်း ရှင်းတယ်။ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ သွားပါမယ်။ ကျွန်မသိသလောက် ဆိုရင် အဲဒီအရာက မတရားဘူးဆိုရင် ဖြုတ်မယ်ပေါ့။ ကျွန်မတို့ ၂၀၁၅ တုန်းကတော့ အလယ်ခေါင်မှာက ပြည်ထောင်စုအလံ၊ ညာဘက်မှာက ကရင်အလံ၊ ဘယ်ဘက်မှာက ကျွန်မတို့ပါတီအလံ အဲဒီလိုထောင်တာပေါ့။ နယ်တွေမှာတော့ ပါတီအလံက မရတော့ ကရင်အလံ ထောင်တယ်လို့ ထင်ပါတယ်။ ကျွန်မသိရတာ အလယ်မှာပဲ တစ်ခုတည်း အဲဒီလိုထောင်တာကို တိုင်တာပါ။ အဲဒါကို ဖြုတ်ပေးလိုက်ပါတယ်”ဟု ကရင်ပြည်သူ့ပါတီမှ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်လောင်း နမ့်ခင်အေးဦးက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ပန်းတနော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံ ဆက်သွယ် မေးမြန်းရာတွင် ကော်မရှင်အတွင်းရေးမှူး ဒေါ်ခင်သန္တာမြင့်က “အဲဒါကိုတော့ KPP သူတို့ပါတီကို စာနဲ့ပေါ့၊ အဲဒီလို အလံသုံးခွင့် မရှိဘူးလို့ စာထုတ်ပြီးတော့ အကြောင်းပြန်ထားပါတယ်။ လောလောဆယ်တော့ တခြားတိုင်တာတွေ ဆက်မလာတော့ဘူး” ဟု ပြောကြားသည်။

ပန်းတနော်မြို့နယ်တွင် USDP၊ ပြည်သူ့ပါတီ၊ NLD၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

 

Most Read

Most Recent