လှိုင်းဘွဲမြို့နယ်ရှိ မဲဆန္ဒနယ်အချို့ ပယ်ဖျက်ပေးရန် အကြောင်းကြားစာတွင် လက်နက်ကိုင်အဖွဲ့အချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှု မရှိခြင်းဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ KNU အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တောင်းပန်

လှိုင်းဘွဲမြို့နယ်ရှိ မဲဆန္ဒနယ်အချို့ ပယ်ဖျက်ပေးရန် အကြောင်းကြားစာတွင် လက်နက်ကိုင်အဖွဲ့အချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှု မရှိခြင်းဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ KNU အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအား ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တောင်းပန်
Published 15 October 2020
ဉာဏ်လင်းထွန်း

လှိုင်းဘွဲ့မြို့နယ်ရှိ မဲဆန္ဒနယ်နယ်အချို့ကို ပယ်ဖျက်ပေးရန် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံပေးပို့သည့် အကြောင်းကြားစာတွင် ပါရှိသော လက်နက်ကိုင် အဖွဲ့အစည်းအချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှုမရှိခြင်း ဆိုသည့် အသုံးအနှုန်းနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မဲဆန္ဒရှင်ပြည်သူများအား တောင်းပန်ကြောင်း ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အောက်တိုဘာ ၁၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လှိုင်းဘွဲ့မြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၉) နှင့် ကရင်ပြည်နယ် လွှတ်တော် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ရှိကျေးရွာအုပ်စု ခုနစ်အုပ်စုပါ မဲဆန္ဒနယ်မြေအချို့ကို ပယ်ဖျက်ပေးရန် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ အောက်တိုဘာ ၁၂ ရက်က အကြောင်းကြားစာ ပေးပို့ခဲ့သည်။

လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ရေတံခွန်ကျေးရွာအုပ်စု၊ တာလယ်ကျေးရွာအုပ်စု၊ ဝင်းစောကျေးရွာအုပ်စု၊ မဲလရောကျေးရွာအုပ်စု၊ သမိုကျေးရွာအုပ်စု၊ မိကြောင်ကျေးရွာအုပ်စုနှင့် ရင်းဘိုင်ကျေးရွာအုပ်စုတို့ကို ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေမှ ပယ်ဖျက်ပေးရန် စာပေးပို့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်လွှတ်တော် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) သည် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၏ မဲဆန္ဒနယ်ဖြစ်ပြီး ၄င်းသည် ၂၀၂၀ ရွေးကောက်ပွဲကို NLD ပါတီကိုယ်စားပြု၍ ယင်းမဲဆန္ဒနယ်တွင် ဆက်လက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်နက်ကိုင် အဖွဲ့အစည်းအချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှု မရှိခြင်း၊ COVID-19 ရောဂါကြောင့် အချို့ကျေးရွာများသို့ ကွင်းဆင်းရန် ခက်ခဲခြင်း၊ လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲသည့်  အခြေအနေများကြောင့် အဆိုပါ မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်စေလိုခြင်း ဖြစ်ကြောင်း ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပေးပို့သည့် အကြောင်းကြားစာတွင် ဖော်ပြပါရှိသည်။

ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့သည့် အကြောင်းကြားစာပါ လက်နက်ကိုင် အဖွဲ့အစည်းအချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှု မရှိခြင်းဆိုသည့် စကားရပ်သည် COVID ကာကွယ်ရေးအတွက် ကူညီဆောင်ရွက်နေသည့် KNU မိသားစု အပါအဝင် ငြိမ်းချမ်းရေး အဖွဲ့အစည်းအချို့အား စိတ်အနှောင့်အယှက် ဖြစ်စေပြီး အထင်လွဲမှားမှု ဖြစ်စေခဲ့ကြောင်း ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန် ရှင်းလင်းသည်။

အဆိုပါ စကားရပ်သည် မည်သို့သော ရည်ရွယ်ချက် မရှိဘဲ စာအရေးအသား အသုံးအနှုန်း မှားယွင်းသုံးစွဲ ခဲ့ခြင်းသာဖြစ်ပြီး ၄င်းစကားရပ်အပေါ် ကရင်ပြည်နယ် လွှတ်တော် အနေဖြင့်လည်း များစွာစိတ်မကောင်း ဖြစ်ရသည်ဟု ပြည်နယ်လွှတ်တော် Facebook စာမျက်နှာမှတစ်ဆင့် ဦးစောချစ်ခင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပါ ကျေးရွာအုပ်စုအချို့တွင် တပ်မတော်လက်အောက်ခံ BGF တပ်နှင့် NCA ရေးထိုးထားသည့် KNU တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရှိရာ လက်နက်ကိုင် အဖွဲ့အစည်းအချို့ ရှိခြင်းကြောင့် လုံခြုံစိတ်ချမှု မရှိဟု ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏  အကြောင်းပြချက်သည် အဆိုပါ အဖွဲ့အစည်းများကို အယုံအကြည် ကင်းမဲ့သည့်သဘော ဖြစ်နေကြောင်း လှိုင်းဘွဲ့မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ယှဉ်ပြိုင်မည့် ကရင်အမျိုးသား ဒီမိုရက်တစ်ပါတီ (KNDP)  ဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုးက မှတ်ချက်ပြုသည်။

လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ကို မဲဆန္ဒနယ်မြေအဖြစ်မှ ပယ်ဖျက်ပေးရန် မြို့နယ် NLD ပါတီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ ဦးစွာတင်ပြခဲ့ပြီး ထိုသို့ တင်ပြမှုအပေါ် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များဖြင့် စိစစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပနိုင်ကြောင်း အတည်ပြုထားပြီး ဖြစ်သည်ဟု ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ဝင်းမောင်က ပြောကြားသည်။

အဆိုပါ ကျေးရွာအုပ်စုအချို့ ပယ်ဖျက်ရန် ယခုထပ်မံ၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ အကြောင်းကြားစာနှင့် ပက်သက်၍ မြို့နယ်နှင့် ခရိုင်ကော်မရှင် အဖွဲ့များကို ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ၊ မရှိ ပြန်လည် စိစစ်ခိုင်းထားကြောင်း ၄င်းက ပြောကြားသည်။

ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က လှိုင်းဘွဲ့မြို့နယ်ရှိ မဲဆန္ဒနယ်အချို့ ပယ်ဖျက်ပေးရန် အကြောင်းကြားစာပါ အသုံးအနှုန်း အချို့အတွက် တရားဝင် တောင်းပန်ကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်ကို လက်ခံသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent