ရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်သည့် ဒုတိယအကြိမ်မဲပေးသည့်အစီအစဉ် သရုပ်ပြသခြင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကြည့်ရှု

ရွေးကောက်ပွဲတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်သည့် ဒုတိယအကြိမ်မဲပေးသည့်အစီအစဉ် သရုပ်ပြသခြင်းကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကြည့်ရှု
Published 14 October 2020
ပြည့်ဖြိုးအောင်

အထွေထွေရွေးကောက်ပွဲ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ ကြိုတင်ပြင်ဆင်ကျင်းပသည့် ဒုတိယအကြိမ်မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို အောက်တိုဘာ ၁၃ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လှည့်လည်ကြည့်ရှုခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များက အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက ပထမအကြိမ်မဲပေးသည့် အစီအစဉ်လက်တွေ့သရုပ်ပြသခြင်းမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှုများနှင့်အညီ ပြန်လည်ပြင်ဆင်ပြီး ဒုတိယအကြိမ် ထပ်မံဆောင်ရွက်မည့်အစီအစဉ်၊ မဲရုံအပြင်ဘက်ပိုင်း ဆောင်ရွက်မှုများအနေဖြင့် မူလတာဝန်ကျဝန်ထမ်း သုံးဦးအပြင် ကိုယ်အပူချိန်တိုင်းတာသည့်ဝန်ထမ်း၊ Mask နှင့် Sanitizer Spray ဖြန်းမည့်ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်မည့် Volunteer နှစ်ဦး ထပ်မံအားဖြည့်၍ ဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှု၊ ကိုယ်အပူချိန်တိုင်းတာခြင်းကို ဦးစွာဆောင်ရွက်ရန်၊ N95 Mask များ ဖြန့်ဝေပေးသွားရန်နှင့် အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်များ အသုံးပြုသွားရန် စီစဉ်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ မဲရုံအတွင်းပိုင်း ဆောင်ရွက်မှုများအနေဖြင့် မဲရုံဝန်ထမ်းများအတွက် မူလဖြန့်ဝေပေးထားသည့် လက်အိတ်များအစား Surgical Glove များ ပြောင်းလဲဖြန့်ဝေပေးထားမှုနှင့် မဲဆန္ဒရှင်သက်သေခံကတ်ပြား စွန့်ပစ်ရန် ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ မဲရုံပြင်ဆင်မှုအနေဖြင့် ယာယီမဲရုံဆောက်လုပ်ရာတွင် လေဝင်လေထွက်ကောင်းမွန်ပြီး သတ်မှတ်ထားသည့် အကျယ်အဝန်းရရှိအောင် ဆောင်ရွက်ထားရှိမှု၊ မဲဆန္ဒရှင်များတန်းစီရာတွင် တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ တန်းစီစေရန် ဆောင်ရွက်ထားရှိမှုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ထည့်ရန် လည်ဆွဲကြိုးများ ဖြန့်ဝေပေးရန် စီစဉ်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ် (၁) ၌ ဒုတိယအကြိမ်လက်တွေ့သရုပ်ပြမဲပေးရန် တန်းစီစောင့်ဆိုင်းနေသူများအား မဲရုံပြင်ပ ကြီးကြပ်ရေးတာဝန်ထမ်းဆောင်သူများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်းနှင့် N95 နှာခေါင်းစည်းထုတ်ပေးခြင်း ဆောင်ရွက်နေမှု၊ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းလမ်းညွှန်များနှင့် အညီ သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်းနှင့် ဆန္ဒမဲ ပေးပြီးကြောင်း လက်သန်းမင်တို့ခြင်း လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ယနေ့မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြမှု ဆောင်ရွက်ခဲ့သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူသီရိမြို့နယ် ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲပေးခွင့်ရှိသူ ၂၁၀၃ ဦးရှိကြောင်းနှင့် နမူနာပုံစံဖြင့် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အမှတ် (၁) ရပ်ကွက် မဲရုံအမှတ် (၁) တွင် မဲပေးခွင့်ရှိသူ ၈၁၁ ဦး ရှိကြောင်း သိရသည်။

လက်ရှိစာရင်းများအရ နေပြည်တော် ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၅၅၁၃ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၇၇၈၆ ဦး၊ ပျဉ်းမနားမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၂၄၅၇ ဦး၊ လယ်ဝေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၁၇၆၂၀ ဦး၊ ဇေယျာသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၇၉၀၂၉ ဦး၊ တပ်ကုန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၂၈၆၉ ဦး၊ ဥတ္တရသီရမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent