ဝက်လက်မြို့နယ်၌ NLD ပါတီမဲဆွယ်ယာဉ်တန်းတွင် လိုက်ပါသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် လေးဦးဒဏ်ရာရရှိ

ဝက်လက်မြို့နယ်၌ NLD ပါတီမဲဆွယ်ယာဉ်တန်းတွင် လိုက်ပါသည့် ကားတစ်စီး တိမ်းမှောက်မှုကြောင့် လေးဦးဒဏ်ရာရရှိ
Published 13 October 2020
ကောင်းခန့်လင်း(မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် အောက်တိုဘာ ၁၂ ရက်က NLD ပါတီ မဲဆွယ်ယာဉ်တန်းတွင် လိုက်ပါလာသည့် ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါမဲဆွယ်ယာဉ်တန်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည့်နေရာသည် ဝက်လက်မြို့နယ် မြင်တော်ရွာလမ်းခွဲတွင် ဖြစ်ပွားခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုဖွင့်အရေးယူထားခြင်းမရှိကြောင်း သိရသည်။

“လူလေးယောက် ဒဏ်ရာရတာပေါ့။ ပြင်းထန်တဲ့ဒဏ်ရာတော့မရှိခဲ့ဘူး။ ဒဏ်ရာလေးတွေကတော့ သာမန်ဒဏ်ရာလေးတွေပါပဲ။ ဝက်လက်ကနေ ရှိမ္မကားကိုသွားတော့ မြင်တော်ရွာလမ်းခွဲမှာဖြစ်တာ။ သူတို့က အခြားယာဉ်ကို ထိခိုက်မှုမရှိခဲ့ဘူး။ ပြီးတော့ အခြားပတ်ဝန်းကျင်လူတွေကိုလည်း ထိခိုက်မှုမရှိခဲ့ဘူး။ သူတို့ကားပေါ်က လူတွေကိုပဲ ထိခိုက်နစ်နာတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အရေးယူထားတာ မရှိပါဘူး။ တရားဝင်ဆေးစာပေးပြီးတော့ ကုသတာကတော့ လေးယောက်ပဲရှိပါတယ်” ဟု ဝက်လက်မြို့မရဲစခန်းမှ ဒုရဲမှူးကျော်ကျော်မိုးက ပြောကြားသည်။

အလားတူ အောက်တိုဘာ ၁၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် NLD ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးနေစဉ် အသံချဲ့စက်တင်ဆောင်ထားသည့် မဲဆွယ်စည်းရုံးရေးကားပေါ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၃ ဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ကန့်ဘလူခရိုင် မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။

အဆိုပါမီးလောင်ဒဏ်ရာရရှိသူများအနက် လေးဦးမှာ ခြောက်ထောက်နှင့် ကျောပြင်တို့၌ရရှိသည့် မီးလောင်ဒဏ်ရာများကြောင့် ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent